ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဖြတ်သန်းခဲ့သော ခရီးရှည်

By Han Maung Thein

စစ်တွေ ၊ ၁၅ မေလ ၂၀၁၃ ၊ Coral Arakan News ၊ [ ဆောင်းပါး]

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Liberation Party) ကို ရန်ကုန်မြို့ လှိုင်မြို့နယ် အနောက်အုတ်ကျင်းရှိ သိပ္ပမဉ္ဇူ ဘုန်းတော်ကြီးကျောင်းတွင် ၁၉၆၇-ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် လျှို့ဝှက်အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး စတင်ဖွဲ့စည်းခဲ့ကြသည်။ စတင်ဖွဲ့စည်းစဉ်က ရန်ကုန်ရှိ ရခိုင်မျိုးချစ်လူငယ်များ၊ ရဟန်းပျိုများ၊ ရခိုင်အလုပ်သမားများ၊ အထူးသဖြင့် ဂုန်နီစက်ရုံမှ အလုပ်သမားများကို အခြေခံပြီးဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စတင်ဖွဲ့စည်းစဉ်က ပါဝင်သော ဗဟိုကော်မတီဝင် (၁၁) ဦးအနက် ခိုင်ပြည်သိမ်းက ဥက္ကဌတာဝန်ကိုလည်းကောင်း၊ ခိုင်စိုးနိုင်က အထွေထွေအတွင်းရေးမှူး တာဝန်ကို လည်းကောင်း၊ ခိုင်မိုးလင်းက စစ်ရေးတာဝန်ခံအဖြစ်လည်းကောင်း တာဝန်ယူခဲ့ကြသည်။

ALP ၏ ပထမကြိုးပမ်းမှုကာလ (၁၉၆၇-၁၉၇၄) အတွင်းက ခေါင်းဆောင်များထဲက နောင်တွင် ဥက္ကဌအဖြစ် တာဝန်ယူလာသူ ခိုင်မိုးလင်း နှင့် အတွင်းရေးမှူး ခိုင်ဘကျော်တို့မှာ မိုင်နှစ်ကျော်ခရီးရှိသည့် မိုးလင်းရာဇာ စစ်ကြောင်းကို ဦးဆောင်ချီတက်ကြစဉ် မြန်မာစစ်အစိုးရ၏ ချေမှုန်းသုတ်သင်ခြင်းကို ခံခဲ့ရသည်။

၁၉၆၈-ခုနှစ် ဒီဇင်ဘာလတွင် ALP ခေါင်းဆောင်အများစု အဖမ်းခံရပြီး ပါတီ၏ နိုင်ငံရေး၊ စစ်ရေး နှင့် စည်းရုံးရေး လှုပ်ရှားမှု အားလုံးလိုလိုမှာ ရပ်ဆိုင်းသွားခဲ့သည်။

၁၉၇၂-ခုနှစ်တွင် ခိုင်မိုးလင်း ထောင်မှ လွတ်သည်။ ၁၉၇၃-ခုနှစ် နှစ်ဆန်းပိုင်းတွင် ခိုင်မိုးလင်းသည် KNU လွတ်မြောက်နယ်မြေသို့သွားရောက်ပြီး ထိုနေရာတွင်ရှိနေသော ခိုင်ပြည်သိမ်းနှင့် အဆက်အသွယ်လုပ်ပြီး ပါတီနှင့် တပ်မတော်ကို ပြန်လည် အသက်သွင်းရန် ကြိုးစားသည်။ ခိုင်စိုးနိုင်အာင် သည် ပြည်မထဲမှနေ၍ ခိုင်မိုးလင်းတို့ရှိရာ KNU ၀မ့်ခစခန်းသို့ သွားရောက် ပူးပေါင်းသည်။
KNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဗိုလ်မြ က ရခိုင်တပ်မတော်တစ်ခု ဖော်ထုတ်ရန်အတွက် တပ်ရင်းတစ်ရင်းစာ လက်နက်ထုတ်ပေးရန် ကတိပြုသည်။ သို့ဖြင့် ၁၉၇၄-ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALA) ကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။

၁၉၇၅-ခုနှစ် အောက်တိုဘာလတွင် တွဲဘက်အတွင်းရေးမှူး ခိုင်ဘကျော် ဦးဆောင်သော မင်းထီးရာဇာ စစ်ကြောင်းဖြင့် ပဲခူရိုးမကို ကျော်ဖြတ်၍ ရခိုင်ပြည်သို့ သွားရောက်အခြေစိုက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ၊ တပ်ပြန်ဆုတ်လာခဲ့ရသည်။

၁၉၇၆-ခုနှစ် ဇွန်လတွင် ခိုင်မိုးလင်း၊ ခိုင်ဘကျော်၊ ခိုင်ရဲခိုင် နှင့် ခိုင်နီလင်း တို့ ဦးဆောင်ပြီး အင်အား (၁၂၀)ခန့်ရှိသော ALP/ALA ၏ မိုးလင်းရာဇာ စစ်ကြောင်းသည် မိုင်နှစ်ထောင်ကျော် ခရီးရှည်တစ်ရပ်ကို KNU နယ်မြေထဲမှ စတင်ချီတက် ထွက်ခွာလာခဲ့ကြသည်။

မဲစရင်းမြို့၊ SSPP ခါးဟန်စခန်း၊ PNO မေအောစခန်း၊ SUA (ခွန်ဆာအဖွဲ့) ဌာနချုပ်၊ လွယ်မောတောင်တန်း၊ လဲသျှား၊ မိုင်းကိုင်၊ နောင်လွဲတောင်တန်း၊ သိန္ဒီမြို့၊ ကွတ်ခိုင်မြို့၊ ဗန်းမော်ခရိုင်၊ လွယ်ကျယ် လွင်ပြင်၊ နာလုံနယ် စသည်ဖြင့် တစ်ဆင့်စီချီတက်လာကာ ဧရာဝတီမြစ်ကို ဆင်ဘိုအနီးမှ ဖြတ်ကျော်သည်။

ထို့နောက် ကွေ့ကောက်ချောင်းနှင့် မိုးကောင်းချောင်းနယ်ကို ဖြတ်သည်။ မန္တလေး-မြစ်ကြီးနား ရထားလမ်းကို ဟိုပင်-ဆားမှော် ကြားအပိုင်း မှ ဖြတ်သည်။ ကာမိုင်း၊ ဖားကန့်၊ ခုရုချောင်း၊ တနိုင်းခမြစ်၊ ခန္တီးမြို့နယ်မြောက်ပိုင်း၊ နာဂတောင်တန်းရှိ ပုံညိုရွာ နှင့် ရံစည်ရွာ၊ လေရှီးမူရာနယ်၊ ဟုမ္မလင်းမြို့နယ်ကိုဖြတ်၍ ချင်းအနွယ် ခရစ်ယန် ကူကီးကျေးရွာများ သို့ရောက်သည်။ ထိုနယ်မြေတွင် အင်အားနည်းသော ရန်သူတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ခိုက်မှု အနည်းငယ်စတင်ဖြစ်ပွားသည်။ ထိုမှ အိန္ဒိယနယ်စပ်ဘက်သို့ အပြင်းချီကြ၏။ ဗမာစစ်တပ်က တိုက်ခိုက်လျှင် အလွယ်တကူ နယ်စပ်ဖြတ်ကျော် အကာအကွယ်ယူနိုင်ရန် အတွက်ဖြစ်သည်။

ထို့နောက် အိန္ဒိယတပ်များနှင့် ထိတွေ့မှုနှစ်ကြိမ်၊ ဗမာစစ်တပ်မှ စိန်ပြောင်းဖြင့် လှမ်းပစ်ခြင်းကို တစ်ကြိမ်ခံရ သည်။

ဗမာတပ်ဖွဲ့ငယ်များနှင့် ထိတွေ့မှုအနည်းငယ်ကြုံခဲ့ကြရပြီးနောက် ချင်းပြည်နယ် တွန်းဇံမြို့နယ်ထဲသို့ ရောက်လာကြသည်။ အချုပ်ဆိုရလျှင် တွန်းဇံမြို့နယ်ထဲတွင် ဗမာစစ်တပ်ထွက် ချင်းပြည်သူ့စစ်များ နှင့် ဗမာစစ်တပ်တို့၏ ၀ိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် ALP/ALA တပ်များ အတုံးအရုံးကျဆုံးသည်။ တိုက်ပွဲများမှာ ရင်ဆိုင်တိုက်ပွဲမဟုတ်ဘဲ နောက်ဘက်နှင့် ဘေးဘက်မှ ချုံခိုတိုက်ခိုက်ကြခြင်းဖြစ်သည်

၁၉၇၇-ခုနှစ် ဇွန်လ (၄) ရက်နေ့ မဏိပူရ မြစ်ကူးတိုက်ပွဲတွင် ခေါင်းဆောင် ခိုင်မိုးလင်း ကျဆုံးသည်။ ရန်သူများဝိုင်းဝန်းတိုက်ခိုက်နေသည့် အချိန်တွင် ဘယ်ဖက်လက်မောင်း ကျည်သင့်ဒဏ်ရာရထားပြီးဖြစ်သော ခိုင်မိုးလင်းသည် အရေးကြီးစာရွက်စာတမ်းများ နှင့် ငွေစက္ကူများကို မီးရှို့ပြီးနောက် မိမိကိုယ်ကို ပစ်သတ် သတ်သေသွားခြင်းဖြစ်သည်။

မြရတနာ စစ်ဆင်ရေး ဟု အမည်ရသော ရန်သူတို့၏ အဆိုပါ စစ်ဆင်ရေးတွင် ရန်သူဗမာတပ်က အင်အား (၆၈၀၀) ကျော် သုံးစွဲခဲ့သည်ဟု အချို့မှတ်တမ်းများက ဆိုသည်။ ချင်းတောင်တန်းပေါ်တွင် တိုက်ပွဲကြီးပေါင်း (၂၉) ကြိမ်၊ တိုက်ပွဲငယ်ပေါင်း(၄၇)ကြိမ်၊ စုစုပေါင်းတိုက်ပွဲ (၇၆) ကြိမ်မြောက်တွင် သုံးယောက်တစ်စု လေးယောက်တစ်စု အုပ်စုငယ်များအဖြစ် ALP စစ်ကြောင်းမှာ အစိတ်စိတ် အမွှာမွာ ပြိုကွဲသွားခဲ့သည်။ တိုက်ပွဲတွင်ကျဆုံးသူ (၁၀)ဦး၊ ဒဏ်ရာနှင့် ဖမ်းမိပြီးမှ ပစ်သတ်ခြင်းခံရသူ (၂၀)ကျော် ၊ အရှင်ဖမ်းဆီးခံရသူ (၅၀) နီးပါးဖြင့် တပ်ပြိုကွဲသွားခဲ့သည်။ ခေါင်းဆောင် ဟု ယူဆရသူ (၁၁)ဦးအား မြန်မာအစိုးရ က သေဒဏ်ချမှတ်ခဲ့ပြီး၊ ကျန်ရဲဘော်များအားလုံးမှာ တစ်သက် တစ်ကျွန်းဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။

၁၉၀၈၀-ခုနှစ်တွင် မဆလအစိုးရက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ခိုင်ရဲခိုင်၊ ခိုင်နီလင်း နှင့် ခိုင်မျိုးမင်း တို့ အပါအ၀င် ALP ရဲဘော် (၄၀) ကျော် ပြန်လည် လွတ်မြောက်လာကြသည်။

၁၉၈၁-ခုနှစ် ဧပြီလ ဒုတိယအပတ်တွင် ကော့မူရာ (ခေါ်) ၀မ့်ခသစ် စခန်း၌ ALP ၏ တော်လှန်ရေးကောင်စီကို ယာယီဖွဲ့စည်းသည်။ ဥက္ကဌအဖြစ် ခိုင်ရဲခိုင် နှင့် အတွင်းရေးမှူးအဖြစ် ခိုင်စိုးနိုင်အောင် တို့ တာဝန်ယူကြသည်။

တတိယအကြိမ် ALP အား ထူထောင်ခဲ့ကြသည့် ဖြစ်စဉ်တွင် ကြီးမားသော ထိုးနှုက်ချက်တစ်ရပ်မှာ ၁၉၉၁-ခုနှစ်တွင် အနောက်ဘက် သို့ အရှေ့ဘက်မှ လက်နက်များကို ပို့ဆောင်ခိုင်းရာတွင် ကွပ်ကွဲရသူ ဗိုလ်ရာဇာ က လက်နက်များကို သွားမပို့ဘဲ အပိုင်စီးပြီး ရခိုင်တပ်မတော် (AA) ဟု ထူထောင်သွားခြင်း ဖြစ်သည်။ လက်နက် အရေအတွက် (၇၀) ကျော်မှာ ခွဲထွက်သူများထံ ဆုံးရှုံးသွားခဲ့ရသည်။ (ခိုင်ရာဇာ ထူထောင်သည့် အဆိုပါ AA မှာ ၁၉၉၈-ခုနှစ်နောက်ပိုင်းတွင် ပြိုကွဲသွားခဲ့ပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ခိုင်ရာဇာ၏ စွမ်းဆောင် အောင်မြင်ခဲ့မှုများကို လက်ရှိ ALP ကလည်း အသိအမှတ်ပြုပုံရသည်။)

သို့ရာတွင် ပထမအကြိမ်မှလွဲ၍ နောက်အကြိမ်လေးရပ်တွင် အရှေ့ဘက်မှ အနောက်ဘက်သို့ လက်နက်ပို့ဆောင်မှုများမှာ အောင်မြင်ခဲ့သည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် ALP က နောက်ထပ်ရင်ဆိုင်ရသော နိုင်ငံရေးအကြပ်အတည်းမှာ NUFA ခေါ် ရခိုင် လက်နက်ကိုင် အင်အားစုများ၏ တပ်ပေါင်းစုကို NUPA ပါတီ အဖြစ် တစ်ဖွဲတစ်ပါတီတည်းအဖြစ်ဖွဲ့စည်းရန် ကြိုးပမ်းမှုတွင် မပါဝင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ALP ၌ လူအင်အား တစ်ရာကျော်လောက်ရှိနေရာမှ NUPA ဘက်သို့ လေးဆယ်ခန့်ကူးပြောင်းသွားပြီး သုံးဆယ်ခန့်မှာ အနားယူသွားခဲ့ကြရာ ပါတီ၏ ရပ်တည်မှုကို အကြီးအကျယ် တုန်လှုပ်သွားစေသော ကာလဖြစ်ခဲ့သည်။

ပေါင်းစည်းသွားသော NUPA တွင် ထိုအချိန်က လူအင်အား (၅၀၀) ခန့်၊ ငွေကြေးအင်အား ဒေါ်လာတစ်သန်းခန့် ရှိပြီး ALP မှခွဲထွက်သွားခဲ့သူ ခိုင်ရာဇာက စစ်ဦးစီးချုပ်အဖြစ် ထိပ်တန်းခေါင်းဆောင်နေရာတွင်ပါဝင်သည်။ သို့ရာတွင် NUPA ( နှင့် AA) ၏ စစ်ဦးစီးချုပ် ခိုင်ရာဇာအပါအ၀င် စစ်ခေါင်းဆောင်များ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အက်ဒမန်ကျွန်းစုများတွင် ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့၌ အိန္ဒိယ စစ်ထောက်လှမ်းရေး၏ လှည့်ဖြားလုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပြီးနောက်ပိုင်း NUPA မှာ ပြိုကွဲသွားခဲ့သည်။

လက်ရှိအချိန်တွင် ALP ဗဟိုဌာနချုပ်၏ ဦးဆောင်မှုအောက်တွင် အနောက်ဘက်၌ (ဘင်္ဂလားဒေ့ရှ် နယ်စပ် နှင့် အိန္ဒိယနယ်စပ်တို့၌) အမှတ်(၉) တပ်ရင်း၊ ဓည၀တီတပ်ရင်း၊ အာရ်ကန်ရိန်းဂျားတပ်ရင်း တို့ရှိပြီး၊ အရှေ့ဘက် (KNLA တပ်မဟာ (၇) နယ်မြေ) တွင် ရမ္မာဝတီတပ်ရင်း တို့ ရှိကြသည်။ ALP ပါတီဥက္ကဌ ခိုင်ရဲခိုင်သည် ALA ၏ စစ်ဦးစီးချုပ်လည်း ဖြစ်သည်။

ALP ၏ ဗဟိုဌာနချုပ်ကို အိန္ဒိယနယ်စပ်တွင်ထားရှိပြီး၊ ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားမြို့၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နှင့် ဂူဝါဟာတီမြို့တို့တွင် ဆက်သွယ်ရေးရုံးများ ဖွင့်လှစ်ထားရှိသည်။ ထို့အပြင် ALP ဌာနခွဲများကို မလေးရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့တွင် ဖွင့်လှစ်ထားရှိသည်။

ပြီးခဲ့သော နှစ်နှစ်ကျော်ခန့်က ALP သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ကျောက်တော်မြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ထားရှိသည်။

မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်ခြားတွင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲရပ်တည်နိုင်မည်လား ဟု မြန်မာအာဏာပိုင်များဘက်မှ အလွတ်သဘော ကမ်းလှမ်းမှုအချို့ရှိခဲ့သော်လည်း မိမိတို့တပ်ဖွဲ့အား အမိန့်ပေးနိုင်မှုအာဏာကို မိမိတို့ပါတီထံတွင် ထားရှိနိုင်မှ လက်ခံနိုင်မည်ဟု ALP က ပြန်ကြားခဲ့သည် ဟု ALP အတွင်းစည်းမှ တစ်ဦးက Coral Arakan News အား ဖြေကြားသည်။

ခိုင်ထွန်းနီ ခေါင်းဆောင်သော ALP တပ်ရင်း (၉) သည် မြန်မာ-ဘင်္ဂလားနယ်နမိတ်၏ ဘင်္ဂလားဘက်ခြမ်းတွင် ပုံမှန်လှည့်လည်သွားလာစောင့်ကြည့်မှုများ ပြုလုပ်လေ့ရှိသည် ဟု ဆိုသည်။ ပြီးခဲ့သော ၂၀၁၃ ဧပြီလအတွင်းက နတ်မြစ်ကြောင်းသွားနေသော တပ်စိတ်ငယ်ထဲမှ တပ်သားတစ်ဦး ရုတ်တရက် အူအတက်ရောင်လာခဲ့ရာ နောက်တန်းသို့ပြန်မည့်အစား စစ်တွေမြို့ ဆေးရုံကြီးသို့ အပြင်း လာရောက်ကာ သင်္ကြန်ကာလအတွင်း ကုသမှုခံယူခဲ့ရသည်။

( Coral Arakan News အတွက် ဟန်မောင်သိန်း ရေးသားသည်။ )
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။