ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန်ပြင်ဆင်

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန်ပြင်ဆင်
===================
Written by မောင်သင်တုန်း၊ ကေဇူး

ကျောက်ဖြူ၊ မဇ္ဈိမ။ ။

ရခိုင်လက်နက်ကိုင် တပ်ဖွဲ့နှစ်ခုဖြစ်သော ရက္ခိုင့်တပ်မတော် (AA) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ ပူးပေါင်းရန် ပထမခြေလှမ်း စတင်နေပြီ ဖြစ်သည်ဟု ရက္ခိုင့်တပ်မတော်မှ ဗိုလ်မှူးကြီး ကျော်ဟန်က မဇ္ဈိမကို ပြောသည်။

အဆိုပါ နှစ်ဖွဲ့ပူးပေါင်းရန် ရက္ခိုင့်တပ်မတော် (AA)က စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ ထိုင်းနိုင်ငံ၌ သုံးကြိမ်ဆွေးနွေးပြီး ဖြစ်သည်။ ထိုဆွေးနွေးမှုများအရ နှစ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ ပါဝင်သည့် ကြားခံဆွေးနွေးရေးကော်မတီကို ဖွဲ့စည်းရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။

“Joint Committee (ကြားခံကော်မတီ)ရဲ့ လုပ်ငန်းစဉ်တွေကို အတူတွဲလုပ်လို့ရပြီဆိုရင် တစ်ဖွဲ့တစ်ပါတီ အလှမ်းမဝေးတော့ဘူး။ ကော်မတီရဲ့လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးရင် တခြားအဖွဲ့ငယ်တွေကိုလည်း ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ စဉ်းစားနေတာရှိတယ်။ ဆုံးဖြတ်ချက်တော့ မချရသေးဘူး” ဟု ဗိုလ်မှူးကြီး ကျော်ဟန်ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရက္ခိုင့်တပ်မတော် (AA) တို့မှ ထိပ်သီးခေါင်းဆောင်သုံးဦးစီ ထိုင်းနိုင်ငံတွင် တစ်ကြိမ်တွေ့ဆုံ ဆွေးနွေးထားသည်။

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဗဟိုကော်မတီ (ALP) ၏ ရခိုင်အမျိုးသား ညီလာခံသို့ ပေးပို့သော သ၀ဏ်လွှာတွင်လည်း “ရခိုင်အမျိုးသား ကိုယ်ပိုင်နယ်နိမိတ်များကို ထိန်းသိမ်းကာကွယ်နိုင်ရန် ရခိုင်အမျိုးသားတို့ဘ၀ လုံခြုံရေးအတွက် အမှန်တကယ် ကာကွယ်ပေးနိုင်သည့် ရခိုင်အမျိုးသား လက်နက်ကိုင် တပ်မတော်တစ်ခု လိုအပ်နေသည်” ဟု ထည့်သွင်းဖော်ပြသည်။

နှစ်ဖက်ပေါင်းစည်းအပြီး ရခိုင်ပြည်နယ် လုံခြုံရေးအတွက် လူထုက တောင်းဆိုလာခဲ့ပါက ပြည်တွင်းတွင် မည်သည့်ပုံစံဖြင့် တာဝန်ယူဆောင်ရွက်ရမည့် အပိုင်းကိုမူ အစိုးရနှင့် ညှိနှိုင်းရဦးမည်ဟု ဆိုသည်။

ရခိုင်လက်နက်ကိုင် တပ်ဖွဲ့နှစ်ခု ပူးပေါင်းရေးနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ (ANP)မှ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်က “ရခိုင်ပြည်နယ် လုံခြုံဖွံ့ဖြိုးရေးအတွက် အတွင်းအင်အားစု ပါတီတွေသာမက အပြင်အင်အားစုဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း အမြန်ဆုံး ပူးပေါင်းနိုင်ဖို့လိုပါတယ်” ဟု ရခိုင်အမျိုးသားညီလာခံ တတိယနေ့တွင် ပြောကြားခဲ့သည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီ (ALP)သည် တော်လှန်ရေးသက်တမ်း နှစ်ပေါင်းလေးဆယ်ကျော်ကြာရှိသော ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သည်။ ထို့အတူ ရက္ခိုင့်တပ်မတော် (AA) သည်လည်း စစ်အင်္ဂါအပြည့်အစုံနှင့် ဆောင်ရွက်နေသည့် ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ပြီး ရခိုင်ပြည်နယ်အကျိုးကို ဆောင်ရွက်နိုင်မည်ဟု ဗိုလ်မှူးကြီးကျော်ဟန်က ဆိုသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။