ရခိုင်တို့ကတဲ့ ဒုံးယိမ်းပွဲ - သားရွှေဦး(ကစ္ဆပ)

ရခိုင်တို့ကတဲ့ ဒုံးယိမ်းပွဲ - သားရွှေဦး(ကစ္ဆပ)

တောရွာသဘာဝအတိုင်း တစ်ရွာတွင်ပွဲရှိလျှင် တစ်ရွာကမနေနိုင်ဆိုသလို တပေါင်းလရောက်လျှင် မြစ်နား ရွာမှာ "ဒုံးပွဲရှိတယ်ဟဲ့"လို့ ကြားလျှင်ပင် ဒုံးပွဲကို ကြည့်ရဖို့ လက်ချိုးရေတွက်ရပြီး ဒုံးပွဲကို ရွာကလူကြီး၊ လူငယ်များပါမကျန် လှည်းများစီတန်းသွားခဲ့ကြသည်။ နေ့ခင်းဘက်တွင် ဒုံးယိမ်းကပွဲကို တစ်ဝကြီးကြည့်၊ ညဘက်ကျလျှင် ဇာတ်ပွဲမိုးအလင်းကြည့်နှင့် ကျေးလက်သဘာဝ တောသူတောင်သားများ ပျော်ကြရသည်။ ဒုံးယိမ်းများမှာ ရွာနှစ်ဆယ်၊ သုံးဆယ်မှ ယိမ်းအဖွဲ့များက အပြိုင်လာကြခြင်းဖြစ်သည်။ ဂိုဏ်းချုပ် ဆရာတော်ကြီး ပွဲဆိုလျှင် ယိမ်းက ပိုများသည်။ နောက်ဆုံးနေ့မှ ယမ်းတုံးများကို ပစ်ဖောက်ကာ ပူဇော်ကြပြီး ရုပ်ကလာပ်ကို မီးရှို့ကြသည်။ ယင်းအချိန်က ရွာတစ်ရွာတွင် ယိမ်းတစ်ယိမ်းတော့ ရှိကြသည်။ ယခုနှစ် မောင်တောမြို့နယ်အတွင်းက ရွာသာယာကျေးရွာဒုံးပွဲကို ရောက်ခဲ့သည်။ ဒုံးပွဲနှင့် ဒုံးယိမ်းမှာ ရခိုင်ပြည်နယ်တစ်ဝန်းတွင် ယခုတိုင် ထိန်းသိမ်းနေသော ရိုးရာအမွေအနှစ်တစ်ခု ဖြစ်နေပါသေးသည်။ ရခိုင်ပြည်နယ်တွင် ဘုန်းကြီးပျံပွဲကို ဒုံပွဲဟု ခေါ်ခြင်းဖြစ်သည်။ ဒုံးပွဲတွင် အဓိကကြည့်ရှုစရာ နှစ်မျိုးရှိသည်။ ယင်းတို့မှာ ဘုန်းတော်ကြီးရုပ်ကလာပ် ယာယီစံကျောင်းဆီသို့ ယမ်းတုံးများဖြင့် ဒုံးတိုက်ခြင်းဖြစ်ပြီး နောက်တစ်ခုမှာ လှပစွာပြင်ဆင်ထားသည့် တလားများကို ဒုံးယိမ်းအဖွဲ့များက တလားများကို ဒုံးယိမ်း အဖွဲ့များက တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင်သီဆို ကပြခြင်းပင်ဖြစ်သည်။

ဘုန်းကြီးပျံပွဲများတွင် ဘုန်းတော်ကြီး၏ ရုပ်ကလာပ်ကို ဒုံးဟုခေါ်သော အခေါင်းပြုလုပ်ထားသည့် သစ်သားတုံးကို မီးစနက်တံဖြင့် မီးရှို့ပြီး ရုပ်ကလာပ်သို့ ကြိုးဖြင့်သွယ်ပြီး ပစ်ဖောက်ရသဖြင့် ယင်းကို အစွဲပြုကာ ဘုန်းကြီးပျံပွဲကို ဒုံးပွဲဟုပင် ခေါ်လာခဲ့ခြင်းဖြစ်ကြောင်း မှန်သားရသည်။

ဒုံးပွဲများတွင် သီဆိုကခုန်ရန် ဖွဲ့နွဲ့ရေးသားခြင်းကို ဒုံးချင်းဟု ခေါ်ကြသည်။ သီဆိုကခုန်သည့် ယိမ်းကို ဒုံးယိမ်းဟုခေါ်သည်။ ကုန်းဘောင်ခေတ်က ဖိုးသူတော်ဦးမင်းနှင့် လူဦးမင်းတို့မှာ ဒုံးချင်းများကို အပြိုင် စပ်ဆိုခဲ့ကြကြောင်းလည်း သိရသည်။ သို့ရာတွင် ရိုးမအရှေ့ဘက်တွင် ဒုံးချင်းမှာ ကုန်းဘောင်ခေတ်မှ အစပြုကာ ထွန်းကားခဲ့သော်လည်း ယခုအခါ ကရင်ဒုံးချင်း၊ ကရင်ဒုံးအကတို့မှအပ ပျောက်ကွယ် ခဲ့လေပြီဖြစ်သည်။

ရခိုင်ဒုံးချင်းမှာကား မြန်မာသက္ကရာဇ် ၉၀၀ ကျော်ခန့် မြောက်ဦးခေတ်ကတည်းကပင် ထွန်းကားခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် ဒုံးပွဲဟုခေါ်သည့် ဘုန်းကြီးပျံပွဲများကို တပေါင်းလတွင် ကျင်းပကြပြီး ဒုံးချင်း ဟုခေါ်သည့် ယိမ်းသီချင်းများ၊ အကသီချင်းများကိုလည်း စပ်ဆိုကြသည်။

ဒုံးချင်းများမှာ ကခုန်မှုတီးကွက်နှင့် ပြည့်ဝစုံလင်သည့်အပြင် တစ်ဦးကိုတစ်ဦး ချိုးနှိမ်ပြောင်လှောင်
ပြိုင်ဆိ
ုင်လိုသော သဘောဖြင့် ရေးစပ်သောအဖွဲ့အနွဲ့မျိုး ဖြစ်သည်သာမက ဇာတိမာန် တက်ကြွစေသော နိုးကြားစေသော၊ စည်းလုံးညီညွတ်မှုရှိစေရန် စေ့ဆော်စေသော သဘောပါဝင်သည့် အပြင်၊ တက်ကြွ ဖွယ်အရေးအဖွဲ့နှင့် တီးကွက်ပါသော စာပေအစီကုံး တစ်မျိုးဖြစ်သည်။ ရခိုင်ရိုးရာတွင် ဒုံးအကနှင့် ပတ်သက်၍ ဒုံးကြမ်းနှင့် ဒုံးယိမ်းအကဟု နှစ်မျိုးရှိကြောင်းမှတ်သားရသည်

သို့ရာတွင် ဒုံးကြမ်းကို သက္ကရာဇ် ၈၉၀ ကျော်တွင် ဆရာတော် အဂ္ဂသိဉ္စေယျ၏ ဈာပနာပွဲတော်မှ အစပြုကာ ကပြခဲ့ကြောင်း သိရသည်။ ယောက်ျားသီးသန့်ကပြကြပြီး လူငယ် ၂၅ယောက်မှ ၅၀ ထိ လေးယောက်တစ်တွဲစီတန်းကာ တူရိယာစုံဖြင့် ကွက်စုံနင်း ကလေ့ ရှိကြောင်းသိရသည်။

ဒုံးကြမ်းအကတွင် အရေးကြီးသောအပိုင်းမှာ အတက်အဆင်းအကပင် ဖြစ်သည်။ အတက်အဆင်းကကြိုး ကကွက်များကို သရုပ်ဖော်မည့် ဇာတ်နိပါတ်တော်ကိုလိုက်ကာ ကပြကြရသည်။ ထို့အပြင် ဒုံးကြမ်းအကမှာ ခြေနင်းတစ်ကွက်တွင် လက်ခုပ်တစ်ချက်စီမြှောက်ကာ တစ်နေရာမှ  ကုန်းထ လက်ခုပ်တီးရသဖြင့် ကပြသူများအဖို့ များစွာပင်ပန်းခက်ခဲကြသည်။ ယင်းအတွက် ယခုအခါ ဒုံးကြမ်းကသူများ မရှိသလောက် ဖြစ်သွားဖြစ်ဖြစ်ကြောင်းလည်း သိရသည်။ ပြီးလျှင် ဒုံးကြမ်းအကကို ဘုန်းကြီးပျံပွဲမှလွဲကာ တခြားပွဲများတွင် ထည့်သွင်းကပြမှု မရှိခဲ့ကြောင်းလည်း သိရသည်။

ရခိုင်တွင် ဒုံးယိမ်းအကကို ကပြရာတွင် စစ်ချီတက်ပုံ၊ စစ်တိုက်ပုံတို့ကို သရုပ်ဖော် ကပြခဲ့ကြသည်။

ပထမ ကမ္ဘာစစ်ကြီးအတွင်းတွင် ဗြိတိသျှတို့ကိုသော်လည်းကောင်း၊ တိုင်းရင်းသားတို့၏ စရိုက်ဘာသာ လုပ်ကိုင်စားသောက်မှုတို့ကိုသော် လည်းကောင်း ဖော်ထုတ်ကပြခဲ့ကြောင်း သိရသည်။ စစ်သားဒုံးအက တွင် စစ်ချီတက်ပုံ၊ တိုက်ခိုက်ပုံ၊ အမိန့်ပေးပုံတို့မှာ တကယ့်စစ်တပ်နှင့်မခြား သရုပ်ဖော် ကကြသဖြင့် ယင်းခေတ်က မျက်နှာဖြူခရိုင်ရဲဝန် (DSP)တို့သဘောကျသဖြင့် ဒေးဝန်းမြောက်မှာကသော စစ်တပ်ဒုံး အဖွဲ့၏ ယိမ်းအဖွဲ့ဆရာနှစ်ဦးကို တိုက်ရိုက်ရဲကြပ် (HE) ရာထူးပေးခဲ့သည်များလည်းရှိကြောင်း မှတ်သား ရသည်။

ဒုံးယိမ်းအကမှာ အမျိုးသား၊အမျိုးသမီး ကနိုင်သဖြင့် ယခုအခါ တွင်ကျယ်နေသေးသည်။ ထူးခြားချက်မှာ ယိမ်းတစ်ယိမ်းတွင် လူငယ် ၆၀ မှ ၁၀၀ ထိ ပါဝင်ရပြီး နှစ်တန်း၊ လေးတန်း စသည်ဖြင့် အတန်းများခွဲကာ ကပြရသည်။ ဒုံးယိမ်းအကတို့ကို ခေတ်နှင့်အညီ သီချင်းစာသားများကို ပြောင်းလဲခဲ့ကြသည်။

"လမ်းတကာ ကွမ်းယာရောင်းစားတာက ကျွန်စာရေးထက်လည်း တကယ်သာ။ ၀မ်းည်း ၀သဗျ ခြောက်ပြစ်စင်ပါ။ နှစ်ဖက်စားခါ ပလီတာတာတတ်ပါတဲ့ ပလီဒါ အလုပ်ကိုလည်း မလုပ်ချင်ပါဗျာ။ ရှေ့နေအလုပ်ကိုလည်း အန်ချင့်ပါ့သဗျာ။ မဲလိမ်တောင်းခါ တိုင်းပြည်ကို ရောင်းပါတဲ့၊ မင်းတိုင်ပင် အလုပ်ကိုလည်း မလုပ်ချင်ပါကွယ်၊ အမ်းအိပ်ချာအလုပ်ကိုလည်း အော့ဂလီဆန်သဗျာ" စသဖြင့် ဒုံးသီချင်းများမှာ ခေတ်ကို သရော်ခဲ့သဖြင့် လူထုက နှစ်သက်သဘောကျခဲ့သည်။ သက္ကရာဇ် ၁၃၀၀ ပြည့်နှစ်ကလည်း ကိုလိုနီပညာရေးစန်စကို တိုက်ဖက်သည့်သဘောကိုလည်းကောင်း၊ ဗြိတိသျှတို့ ဖိနှိပ်ချုပ်ချယ်မှုကိုလည်းကောင်း၊ အလုပ်သမား၊ လယ်သမားတို့၏ ဘ၀တိုက်ပွဲကိုလည်းကောင်း ဖော်ထုတ်သော တစ်ရာကိုးယိမ်း၊ ရေနံမြေသပိတ်၊ လယ်သမားနှင့် သခင်ယိမ်း စသည်တို့ဖြင့် နယ်ချဲ့တော်လှန်ရေးယိမ်းများလည်း ပေါ်ပေါက်ခဲ့သည်။

မင်းတိုင်ပင်အမတ်ယိမ်းများတွင် သီဆိုသော ဒုံးချင်းစာသား တချို့မှာ "ကြားပါစ အမတ်မင်းတို့ရယ်၊ ဟောဟိုထောင့်က လယ်သမားတတွေ၊ သူတို့ချောင်ရေးလုပ်ပေးစေချင်၊ တောင်းပန်နေပါတယ်။" "အိုမဟုတ်တာ ပေးနိုင်ပါဘူးကွယ်၊ သူတို့တွေချောင်ရင် တို့မှာကျပ်မယ်"ဟု ခေတ်ကို သရော်ခဲ့ကြသေးသည်။

ဒုံးချင်း၊ ဒုံးယိမ်းများမှာ ဘုန်းကြီးပျံပွဲများတွင်သာ တွေ့မြင်လာရသော်လည်း ခေတ်ကို ထင်မြင်စေသော ဒုံးချင်းများ၊ ဒုံးယိမ်းများအဖြစ် ဆက်လက်ထိန်းသိမ်းသွားရန် ကြိုးပမ်းရင်း ခေတ်ကိုသရော်သော ဒုံးချင်းများဖြင့် ဖျော်ဖြေနိုင်ပါစေလို့ ဆုတောင်းရင်။

သားရွှေဦး (ကစ္ဆပ)

Bi Weekly Eleven Journal Vol(5),No(9)မှ-
 
Credit: Arakan Folk
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။