ဘင်္ဂလာဒေခ်ျ့နိုင်ငံနှင့် အနီးကပ်တည်ရှိနေသော ရခိုင်ပြည်နယ်မှ မြို့နယ် တချို့တွင် ကျွဲနွား ခိုးမူများ အကြီးအကျယ် ပေါ်ပေါက်နေခြင်းမှာ နိုင်ငံတော် အချုပ်အချာအာဏာကို ထိပါးနေသော ကိစ္စဖြစ်ကြောင်း ဒေသခံ ဥပဒေ ပညာရှင်များက ပြောသည်။
" သူတို့က တဘက်နိုင်ငံက စက်လှေတွေနဲ့ ၀င်လာတယ်။ ၀င်လာပြီးတော့ ကျွဲနွားတွေကို စက်လှေပေါ် မောင်းချပြီးတော့ တဘက်နိုင်ငံကို ခိုးယူသွားတယ်။ ဒီနိုင်ငံက ခိုးသူတွေလည်း ကျွဲနွားတွေကို စက်လှေတွေနဲ့ ခိုးယူသွားပြီး တစ်ဘက်နိုင်ငံကို သွားရောင်းတယ်။ ဒါတွေကို ခြုံကြည့်ရင် ကျွဲနွားခိုးမူလို့ အသေးအဖွဲထင်ရ ပေမယ့် ဒါဟာ နိုင်ငံ တစ်ခုကနေ တခြားနိုင်ငံ တစ်ခုကို ကျူးကျော်ပြီး ၀င်လုပ်တဲ့ အတွက် ဒီကိစ္စဟာ နိုင်ငံတော် အချုပ်အချာအာဏာကို ထိပါးနေတဲ့ သဘောမျိုးဖြစ်နေတာကို တွေ့ရပါတယ်" အမည်မဖေါ်လိုသူ ဥပဒေ အရာရှိ တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်မှ ပေါက်တော၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဍားကျွန်းနှင့် မင်းပြား မြို့နယ်များတွင် ကျွဲနွားခိုးမူ အကြီးအကျယ် ပေါ်ပေါက်နေရာ ကျွဲနွားခိုးမူတိုင်းမှာ တဘက်နိုင်ငံမှ မှောင်ခို ဂိုဏ်းများနှင့် ဆက်စပ်နေကြောင်း သိရသည်။
" ဟို လွန်ခဲ့တဲ့လက ကျွန်တော်တို့ ရသေ့တောင်မြို့နယ် ဆင်ပိုက် ကျေးရွာက နွား ၈ ကောင် အခိုးခံရပါတယ်။ နေ့ခင်းကြောင်တောင် စက်လှေနဲ့ ၀င်လာပြီး နွားတွေကို စက်လှေပေါ် မောင်းချပြီး တစ်ဘက်နိုင်ငံကို ယူသွားတယ်။ ပိုင်ရှင်တွေက မြင်တယ်။ ဒါပေမယ့် မလိုက်ရဲဘူး။ နွားခိုးတဲ့သူတွေ လက်ထဲမှာ သေနတ်တွေ ပါလာတော့ ဒီအတိုင်းဘဲ ကြည့်နေလိုက်ရတယ်" ဟု ရသေ့တောင်မြို့နယ်မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးမောင်လှမြင့်က ပြောသည်။
ဆင်ပိုက်ကျေးရွာမှာ နယ်စပ် အနီး ပင်လယ်ကမ်းနားတွင် တည်ရှိပြီး ဒီရေ တက်ချိန်တွင် စက်လှေနှင့် ၀င်လာပြီး နွားများကို စက်လှေပေါ် မောင်းချကာ တစ်ဘက်နိုင်ငံသို့ ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ အခိုးခံရသော နွားများမှာ ဦးလှသန်ကျော်တွင် (၄ ကောင်)၊ ဦးသန်းဖေသီးတွင် (၁ ကောင်)၊ ဦးကျော်ထွန်းလိုင်တွင် (၂ ကောင်)နှင့် ဦးထွန်းထွန်းလိုင်တွင် (၁ ကောင်) ဖြစ်သည်။
ရသေ့တောင်မြို့နယ် လောင်းချောင်း ကျေးရွာ အနီးရှိ အောင်မ ကျေးရွာမှ လယ်သမားကြီး တစ်ဦး ဖြစ်သူ ဦးမောင်ထွန်းသာ (၅၃ နှစ်)အား လယ်တဲတွင် အိပ်နေစဉ် လည်ပင်းကို လှီးသတ်ပြီး သူပိုင် ကျွဲ (၅) ကောင်ကို ခိုးယူသွားသော မူခင်း တစ်ခုလည်း လွန်ခဲ့သော လအနည်းငယ်က ပေါ်ပေါက်ခဲ့သည်။ သို့သော်လည်း အာဏာပိုင်များ ဘက်မှ တရားခံကို ယနေ့ အချိန်ထိ တစ်စုံတစ်ရာ ဖေါ်ထုတ် အရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
လွန်ခဲ့သော မေလ ၁၅ ရက်နေ့ ညဉ့်ကလည်း ရသေ့တောင်မြို့နယ် မစဲကမ်းဒေသ ကံပြင်ကျေးရွာမှ နွား ၁၅ ကောင်အား ခိုးယူပြီး စက်လှေပေါ်သို့ မောင်းချစဉ် ရွာသားများသိသွားပြီး ၀ိုင်းလိုက်သဖြင့် နွားသူခိုးများ ထွက်ပြေး လွှတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။
အလားတူ ပေါက်တောမြို့နယ်တွင်လည်း ကျွဲနွားခိုးမူများ ပေါ်ပေါက်နေပြီး ကျွဲနွားများကို ဂိုဏ်းဖွဲ့ ခိုးယူနေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
" လောလောဆယ် ကျွန်တော်တို့ ပေါက်တောမြို့နယ် ချောင်းကြီး ကျေးရွာက အခိုးခံရတာ ကျွဲ ၁၆ ကောင်ရှိသွားပါပြီး။ သင်္ကြန် မတိုင်မှီ ၇ ကောင်၊ သကြန်အလွန်မှာ ၉ ကောင် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အပတ်ကလည်း သာစည် ကျေးရွာကနေ ကျွဲ ၅ ကောင် ခိုးသွားပါတယ်။ သူတို့က ဂိုဏ်းဖွဲ့ ခိုးယူနေတာ ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ကို စက်လှေတွေနဲ့ ခိုးကျွဲတွေကို ယူဆောင်သွားပြီး ဟိုမှာ ရောင်းချကြပါတယ်။ နေ့တိုင်း ဒီနေ့ ဘယ်သူ့ဆီက ကျွဲပါသွားမလဲ၊ နွားပါသွားမလဲဆိုပြီး စိုးရိမ်နေကြရပါတယ်" ဟု ဒေသခံက ပြောသည်။
ပေါက်တောမြို့နယ်တွင် အခိုးခံရသည်မှာ နွားထက် ကျွဲအရေအတွက် များပြီး တစ်ဘက်နိုင်ငံ စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ခိုးယူ တင်ပို့ရောင်းချနေခြင်း ဖြစ်ကြောင်း ဆိုသည်။
ပုဏ္ဍားကျွန်း မြို့နယ် သဲတက်ကျေးရွာက အငြိမ်းစား ကျောင်းဆရာကြီး ဦးဘချမ်းထံမှ နွား ၃ကောင်၊ ကိုဘစံမှ နွား တစ်ကောင် အပါအ၀င် တစ်ခြားကျေးရွာသားများထံမှလည်း နွားများ အခိုးခံခဲ့ကြရကြောင်း သိရသည်။
" ခုလို နွားခိုးမူတွေကတော့ နေ့တိုင်းဆိုသလို ဆက်တိုက် ဖြစ်နေပါတယ်။ ဒီကျွဲနွားခိုးမူတွေဟာ ဒေသ အတွင်းက အာဏာပိုင်တွေနဲ့ ဆက်စပ်မူ ရှိတယ်လို့ တော့ ကျွန်တော် မထင်ဘူး။ ဒါပေမယ့် ဒေသခံ ပြည်သူတွေ အများစု ကတော့ နွားခိုးဂိုဏ်းတွေကို တစ်ခါမှ အာဏာပိုင်တွေက လက်ပူး လက်ကြပ် ဖမ်းမမိတဲ့ အတွက် အာဏာပိုင် တွေလည်း အလိုတူ ကြံရပါလို့တော့ ယူဆနေတာတွေရှိပါတယ်" ဟု ပေါက်တောမြို့မှ ရှေ့နေ လူငယ် တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ရခိုင်ဒေသတွင် ကျွဲနွားများ အကြီးအကျယ် အခိုးခံနေရမူမှာ လယ်ယာ ထွန်ယက် စိုက်ပျိုးရာတွင် ကျွဲနွားများကို အဓိက အသုံးပြုနေရသော ရခိုင်ပြည်နယ်၏ လယ်ယာ လုပ်ငန်းကို အထူး ထိခိုက်နေပြီး နိုင်ငံတော်၏ စီးပွားရေးကိုပါ တဖက်တလမ်းက ထိခိုက်နေကြောင်းသူက ပြောဆိုသည်။
" ရခိုင်လယ်သမားတွေ နစ်နာဆုံးရှုံးရင် နိုင်ငံတော်ကိုလည်း ထိခိုက်တာပါဘဲ။ ဒါကြောင့် ဒီပြဿနာကို နိုင်ငံတော် အစိုးရ အနေနဲ့ ပေါ့ပေါ့တန်တန် သဘောမထားဘဲ ပြည်နယ် အစိုးရ အဆင့်က ဖြစ်စေ၊ နိုင်ငံတော် အစိုးရအဆင့်က ဖြစ်စေ ဘင်္ဂလာဒေခ်ျ့ အစိုးရကို ဆက်သွယ်ပြီး ဖြေရှင်းကြဖို့လိုပါတယ်။ နိုင်ငံအချင်းချင်း ပူးပေါင်း ကူညီ ဆောင်ရွက်ရေး စတဲ့ ဥပဒေတွေ ရှိတဲ့ အတွက် အစိုးရ အချင်းချင်း ပူးပေါင်းနှိမ်နှင်းမှ ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်" ဟု ပေါက်တောမြို့က ရှေ့နေ လူငယ်က ပြောသည်။
ရခိုင်ပြည်နယ်မှ ကျွဲနွားပိုင်ရှင်များသည် ကျွဲနွား တစ်ကောင် ပျောက်ဆုံးလျှင် ကျပ်သိန်းချီပြီး နစ်နာသဖြင့် ကျွဲနွား ခိုးခံရသည် ချက်ချင်း တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့ရှိ ရှင်မဖြူကျွန်းနှင့် တက်ကနက်မြို့ ထိ လိုက်လာပြီး မိမိကျွဲနွားများကို ပြန်လည် ရှာဖွေရန် ရောက်ရှိလာကြကြောင်း၊ အခိုးခံရသော ကျွဲနွားများကို ဘင်္ဂလာဒေခ်ျ့ နွားဈေးများတွင် ပေါ်ပေါ်ထင်ထင် ရောင်းချနေသည်ကို မြင်တွေ့ရသော်လည်း တိုင်ကြား၍ မရသဖြင့် မည်သို့မှ မတတ်နိုင်ဘဲ လက်မိုင်ချကာ မိမိတိုင်းပြည်သို့ ပြန်ခဲ့ရသော အဖြစ်အပျက်များလည်း ရှိကြောင်း နယ်စပ် သတင်း ရပ်ကွက်အရ သိရှိရသည်။

---------------------------
.: နိရဉ္စရာ
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။