မိုင်းခွဲမူများကြောင့် ရခိုင်ကမ်းရိုးတန်းမှ ရေနေသတ္တ၀ါများ မျိုးတုန်းတော့မည်


သဘာဝ ဓါတ်ငွေ့နှင့် တရုတ် ရေနံပိုက်လိုင်း အတွက် သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချ နေမူကြောင့် ရခိုင်ကမ်းရိုးတန်းမှ ရေနေသတ္တ၀ါများ မျိုးတုန်းတော့မည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

မိုင်းခွဲမူကြောင့် ရေနေသတ္တ၀ါများ ကျောက်ဖြူ အနောက်ဘက် ပင်လယ်ကမ်းခြေတွင် သေဆုံးနေမူကို ယခုလို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ (ဓါတ်ပုံ- နိရဉ္စရာ)
" အခုကတော့ အရင်လို မိုင်းခွဲတာတွေ မရှိတော့ပေမယ့် ရံဖန်ရံခါတော့ လိုအပ်ရင် လိုအပ်သလို တရုတ်တွေက မိုင်းခွဲနေတာတွေတော့ ရှိနေပါသေးတယ်။ အထူးသဖြင့် မဒေးကျွန်း ပတ်ဝန်းကျင်မှာ ခွဲနေတာ ဖြစ်ပါတယ်။ မိုင်းခွဲတဲ့ အတွက် ရေအောက်မှာ ခိုအောင်းနေတဲ့ ငါး၊ ပုဇွန်တွေ အပါအ၀င် လိပ်တွေက အစ အများအပြား သေဆုံးနေတာကို တွေ့နေရပါတယ်။ ခုလိုသာ ဆက်တိုက်လုပ်နေရင် ရေနေသတ္တ၀ါတွေ မျိုးတုန်းသွားနိုင်ပါတယ်" မဒေးကျွန်း ရွာမ ကျေးရွာမှ အမည်မဖေါ်လိုသူ တံငါသည် ဦးကြီး တစ်ဦးက ပြောသည်။

တရုတ် အင်ဂျင်နီယာများသည် မဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်း တစ်ခုနှင့် ဂတ်စ်နှင့် ရေနံ ပိုက်လိုင်းများကို တည်ဆောက်နေရာ သင်္ဘောဝင်ထွက်မည့် လမ်းကြောင်း တလျှောက်ရှိ ရေအောက် ကျောက်တန်းများနှင့် ပိုက်လုံး လမ်းကြောင်း တလျှောက်ရှိ သန္တာကျောက်တန်းများကို မိုင်းခွဲဖြိုချနေကြောင်း သူက ပြောသည်။
ကျောက်ဖြူ ပင်လယ်ကမ်းခြေတွင် သေဆုံးနေသော ငါးများကို တွေ့ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
" တရုတ်တွေက ရေထဲက ကျောက်တန်းတွေကိုသာ မိုင်းခွဲနေတာ မဟုတ်ပါဘူး။ ကုန်းပေါ်က ကျောက်တောင်တွေကိုလည်း မိုင်းခွဲပြီး ကျောက်ထုတ်နေပါတယ်။ မဒေးကျွန်းမှာဆိုရင် ကျွန်းပေါ်က ကျောက်တောင်တွေ အကုန်လုံး ပျက်စီးသွားပါပြီ။ ကုန်းရော ရေရော အကုန်လုံး ပျက်စီးကုန်ပါပြီ။ ဘယ်သူကမှလည်း တရုတ်တွေကို မတားရဲပါဘူး။ သူတို့ တိုင်းပြည်ကျနေတာပါဘဲ" ဟု သူက ဆက်ပြောသည်။

အလားတူ ကျောက်ဖြူမြို့နယ် စွန်ပန်းချိုင်ကျေးရွာ အနီးရှိ သန္တာကျောက်တန်းများအားလည်း မိုင်းခွဲပြီး ကျောက်ထုတ် လုပ်နေသဖြင့် သန္တာကျောက်တန်းများ အားလုံး ပျက်စီးသွားကြောင်းနှင့် သန္တာကျောက်တန်းတွင် ခိုအောင်းနေသော ငါးများ အကြီးအကျယ် သေဆုံးနေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

" စွန်းပန်ချိုင်က သန္တာကျောက်တန်းတွေ လုံးဝ မရှိတော့ဘူး။ မိုင်ခွဲတဲ့ အတွက် ငါး၊ ပုဇွန်တွေ အကြီးအကျယ် သေကြေ ပျက်စီးခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီတွေရော၊ ပုဂ္ဂလိကတွေကပါ လုံးဝ ဒီလို ဖြစ်ပျက်နေတာကို ဂရုမစိုက်ပါ။ သူတို့က မိုင်းခွဲ ကျောက်ထုတ်ပြီး MGC ကို ကျောက်တွေသွင်းရင် ပိုက်ဆံ ရဖို့လောက်ကိုဘဲ သူတို့ စဉ်းစားကြတာကို တွေ့ရပါတယ်။ မိုင်းခွဲ ကျောက်ထုတ်တဲ့ အတွက် ငါးတွေသေပြီး အခုဆိုရင် ငါးတွေ တော်တော့ကို ရှားပါးသွားပါပြီ" ဟု ပြောသည်။
ယခုလို ရေနေသတ္တ၀ါများ အစုလိုက် အပြုံလိုက်သေနေသော်လည်း အာဏာပိုင်များက မိုင်းခွဲမူကို တားဆီးခြင်း မရှိပါ။ ( ဓါတ်ပုံ- နိရဉ္စရာ)
၎င်းပြင် ရမ်းဗြဲကျွန်းရှိ အထင်ကရ သန္တာကျောက်တန်း တစ်ခု ဖြစ်သော ငကျားမော် နတ်ကျောက် အားလည်း မိုင်းခွဲ ဖြိုချပစ်သဖြင့် ယခုအခါ အဆို သန္တာ ကျောက်တန်းမှာ ပျက်စီး ပျောက်ကွယ် သွားပြီ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ရေပေါ် ရေအောက်ရှိ သန္တာကျောက်တန်းများအား မိုင်းခွဲ ဖျက်ဆီးပစ်သဖြင့် ရေနေသတ္တ၀ါများ အကြီးအကျယ် သေဆုံးသွားခဲ့သဖြင့် ယခုအခါ ကျောက်ဖြူ မြို့နယ် အတွင်းရှိ ကမ်းနီး ရေတိမ်ပိုင်းတွင် ငါးရှာ၍ မရတော့ကြောင်း သဗ္ဗာန်ချောင်းရပ်ကွက်မှ လူကြီး တစ်ဦးက ပြောသည်။

" အခု ကျောက်ဖြူ ပင်လယ်မှာ ငါးရှာမရလောက်အောင် ရှားသွားပါပြီ။ လက်လုပ် လက်စား လှေငယ်လေးတွေနဲ့ တစ်ဝမ်း တစ်ခါး ရှာဖွေ စားသောက်နေတဲ့သူတွေက တော်တော့ကို အခက်အခဲ ဖြစ်နေကြပါတယ်။ ငါးက လုံးဝကို ရှားသွားတာ။ ပင်လယ်ထွက်ရင်လည်း ဟိုနေရာ မဖမ်းရ၊ ဒီနေရာ မသွားရနဲ့ လူတွေက ဘယ်လိုမှ လုပ်ကိုင် စားသောက်ဖို့ အခွင့်မသာတော့ပါဘူး" ဟု ပြောသည်။

နောက်ဆုံး ရရှိသော သတင်းအရ ကျောက်ဖြူမြို့ အရှေ့မြောက်ဘက် ငစရိုင်းချောင်းကျွန်းရှိ ရှေးဟောင်း စေတီပုထိုးများ တည်ရှိရာ ငစရိုင်းချောင်း ကျောက်တောင်အားလည်း ကုမ္ပဏီတစ်ခုမှ မိုင်းခွဲပြီး ကျောက်ထုတ်နေကြောင်း သတင်း ရရှိသည်။ အဆိုပါ ကျောက်တောင်ပြိုပျက်သွားပါက လေမုန်တိုင်းများ ၀င်ရောက်လာနိုင်သလို ပင်လယ်ရေများ ကျွန်းပေါ်သို့ တက်လာနိုင်သဖြင့် ဒုက္ခ ဖြစ်မည်ကို ကျွန်းပေါ်နေ ပြည်သူများ အထူးစိုးရိမ်နေကြကြောင်း သတင်း ရရှိသည်။

-----------------------------------------------.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။