ဆရာကြီး ဒေါက်တာ အေးကျော် ဝမ်းနည်း အောက်မေ့ဖွယ် အခမ်းအနား ဂျပန်တွင်ပြုလုပ်


ထွန်းထွန်း
----------
ဆရာကြီး ဒေါက်တာအေးကျော် ကွယ်လွန်ခြင်း ၀မ်းနည်းအောက်မေ့ဖွယ် အခမ်းအနား တခုကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ A.U.N ရုံးခန်း၌ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ)မှ ဇန်န၀ါရီ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ဆရာကြီးအား ရည်စူးပြီး တမိနစ်ခန့် ဆုတောင်း မိတ္တာပို့ကာ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတကာ ရခိုင်အမျိုးသားများ အသင်း(ဗဟို) ဥက္ကဌ ဒေါက်တာအေးချမ်းမှ ၀မ်းနည်းအောက်မေ့ဖွယ် စကားပြောကြားသည်။

A.U.N-Japan
"ဆရာကြီး ဒေါက်တာအေးကျော်ဟာ နိုင်ငံတကာရောက် ရခိုင်လူမျိုးများ စည်းလုံးညီညွတ်မှု ရှိစေရန်အတွက် ရခိုင်အမျိုးသားများ အသင်းကို စတင်ဖွဲ့စည်းစဉ်ကတည်းက ပါဝင်ခဲ့တယ်။ အဲဒီအသင်းရဲ့ ပထမဆုံး ဥက္ကဌအဖြစ် ၂၀၀၅ခုနှစ်မှ၂၀၀၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့တယ်။ မိမိတို့နဲ့အတူ ရခိုင်အမျိုးသားရေးကို ဦးဆောင် ဦးရွက်ပြုနေခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဆရာကြီး ကွယ်လွန်သွားတဲ့အတွက် များစွားဝမ်းနည်းကြွေကွဲရတယ်။ ဆရာကြီးကောင်းရာ သုဂတိသို့ ရောက်ပါစေလို့ ဆုတောင်းပါတယ်" ဟု ဒေါက်တာ အေးချမ်းမှ အောက်မေ့ဖွယ် စကား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခန်းဒါးတက္ကသိုလ်မှ ပါမေက္ခ ဒေါက်တာအေးချမ်း အပါအ၀င် ဂျပန်ရောက် ရခိုင်အမျိုးသား ၃၀ ကျော်တက်ရောက် ခဲ့သည်ဟု သိရသည်။

အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်း ALD (ဂျပန် ဌာနခွဲ) အထွေထွေ အတွင်းရေးမှူး ကိုကျော်သန်းလှိုင်က ယခုလို ပြောသည်။

"ရခိုင်မှာ ပညာတတ်မြောက်သူ များပေမဲ့ ရခိုင်အမျိုးသား အရေး ကို တက်ကြွစွာပါဝင် လုပ်ဆောင်တဲ့ ပညာရှင်တွေ အလွန် နည်းပါတယ်။ ဆရာကြီးဟာ ကွယ်လွန်သည်အထိ ရခိုင်အမျိုးသားအရေးကို ထိရောက်စွာ ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ခဲ့တယ်။ မိမိတို့ ရခိုင်လူမျိုးဘက်မှ မားမား မတ်မတ် ရပ်တည်ခဲ့တဲ့ ပညာရှင် တစ်ဦးဖြစ်တယ်။ မိမိတို့အနေနဲ့ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို အခမ်းအနားကို ကျင်းပရခြင်းဖြစ်တယ်" ဟုပြောသည်။

ALD ပါတီ နာယက ဦးဇော်မင်းခိုင်နှင့် ဂျပန် ဌာနခွဲ ဥက္ကဌ ဦးလှအေးမောင်တို့မှ ဆရာကြီး ဒေါက်တာအေးကျော်သည် ရခိုင်အမျိုး သားရေးအတွက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ) နာယကအဖြစ် ကွယ်လွန်သည်အထိ အမျိုးသားရေး တာဝန် ထမ်းဆောင် ခဲ့ပုံများကို ရှင်းလင်းပြောကြားခဲ့သလို အခမ်းအနားသို့ တက်ရောက်လာသူ များကလည်း ဆရားကြီး ကွယ်လွန်သွားခြင်း အပေါ် ဝမ်းနည်းစကား ပြောကြားခဲ့ကြသည် ဟုသိရသည်။



------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။