တောင်ကုတ် ပထမဆုံးအကြိမ် ရခိုင်စာပေဟောပြောပွဲ အရှင်ပညာစာရ တက်ရောက်ဟောပြော

မောင်ရမ္မာ
-----------
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ပထမဆုံး အကြိမ် ပြုလုပ်သည့် ရခိုင်စာပေဟောပြောပွဲ၌ သရက်ထောင်က များမကြာမှီက လွှတ်မြောက်လာသူ ရမ္မာဝတီ အရှင်ပညာစာရ တက်ရောက်ဟောပြောခဲ့ကြောင်း သတင်း ရရှိသည်။

images of Taungup
စာပေဟောပြောပွဲသို့ တက်ရောက်နားထောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်းကိုမင်းအောင်က ယခုလို ပြောသည်။

" ဟောပြောပွဲမှာ ရမ္မာဝတီ အရှင်ပညာစာရက သူထောင်ထဲကို ရောက်ခဲ့ရပုံတွေ၊ ထောင်ထဲမှာ ခံစားခဲ့ရပုံနဲ့ သူကျွေးမွေး စောင့်ရှောက်ထားတဲ့ ကလေးငယ်များကို အစိုးရက မတရား ဗမာပြည်ဖက်ကို ခေါ်ယူ သွားတဲ့အကြောင်းတွေကို ဟောပြောခဲ့ပါတယ်"ဟု ပြောသည်။

စာပေ ဟောပြောပွဲကို တောင်ကုတ်မြို့ မြို့နယ်ခန်းမတွင် ညနေ ၇ နာရီမှ စတင်ကျင်းပခဲ့ပြီး တောင်ကုတ်မြို့ လူထု ၁၀၀၀ နီးပါးတက်ရောက်ခဲ့သည်။

" ရခိုင်သားတွေ လာဟောတဲ့ စာပေဟောပြောပွဲဟာ ကျွန်တော်တို့ တောင်ကုတ်မြို့မှာ ဒါဟာ ပထမဆုံး ခြေလှမ်း ဖြစ်ပါတယ်။ ဒီပထမ ခြေလှမ်းကတဆင့် ရခိုင်ပြည်သူ ပြည်သားတွေဟာ ရခိုင်ပြည်ထဲမှာ စာပေ ပညာရှင်တွေ၊ စာရေးစာဖတ်တဲ့သူတွေ များများ ပေါ်ထွက်လာပြီးတော့ အသိဥာဏ် ဗဟုသုတ တွေ ကြွယ်ဝတဲ့ လူတွေ ဖြစ်လာပြီးတော့ ကိုယ့်နိုင်ငံ ကိုယ်ဒေသကို စီမံအုပ်ချုပ်နိုင်တဲ့ လူတွေ ဖြစ်လာ စေဖို့ အတွက် ရည်ရွယ်ပြီးတော့ ပြုလုပ် ရတာ ဖြစ်ပါတယ်" ဟု ကိုမင်းအောင်က ဆက်ပြောသည်။

ရမ္မာဝတီ အရှင်ပညာစာရနှင့် အတူ တောင်ကုတ်မြို့ စာပေဟောပြောပွဲတွင် တက်ရောက် ဟောပြောကြသူများမှာ ဆရာကြီး ဦးဦးသာထွန်း၏ သားအကြီးဖြစ်သူ ဦးကျော်ထွန်းအောင် (တက်နီထွန်း)နှင့် ရခိုင်သားကြီး စာပေမှ ဦးလှမြင့်တို့ ဖြစ်ကြသည်။

ဦးကျော်ထွန်းအောင်က “မဟာမြတ်မုနိ ဘယ်ကိုရောက်နေ ပါသလဲ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ရခိုင်သားကြီး ဦးလှမြင့်က “အထဲလား အပြင်လား” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဦးလှမြင့်က တရုတ်သို့ သွယ်တန်းသည့် ဓါတ် ငွေ့ ပိုက်လိုင်းနှင့် ကုလားတန်းမြစ်စီမံကိန်းမှ ရရှိလာမည့် အကျိုးစီးပွားများကို ရခိုင်သူ ရခိုင်သားများ ခံစားခွင့် ရရှိကြပါမည် ဟုတ် မဟုတ် စသည့် အကြောင်းအရာကို “ အထဲလား ပြင်လား” ခေါင်းစဉ်ဖြင့် အခြေအနေ အရပ်ရပ်ကို မီးမောင်းထိုးပြကာ ဟောပြောသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ ရခိုင်စာပေဟောပြောပွဲကို ထောင်ထဲမှ လွတ်မြောက်လာကြသော နိုင်ငံရေးအကျဉ်းသား ဟောင်းများ ဖြစ်ကြသည့် ကိုမိုးနိုင်စိုး၊ ကိုသန်းလွင်၊ ကိုသန်းနိုင်၊ ကိုသိန်းလိုင်နှင့် ကိုမင်းအောင်တို့ ဦးဆောင် စီစဉ်ခြင်း ဖြစ် သည်ဟု သိရသည်။

ရခိုင်စာပေ ဟောပြောပွဲကို တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာကြီးများတွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကာ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နံနက် ၈ နာရီတွင် တန်းလွဲချောင်း ရွာမ ရွာတွင်၎င်း၊ မွန်းတည့် ၁၂ နာရီနောက်ပိုင်းတွင် တန်းလွဲချောင်း ကင်းတောင်ရွာတွင်၎င်း၊ ညနေပိုင်းတွင် ဆားပြင်ရွာတွင်၎င်း၊ ဖေဖေါ်ဝါရီလ ၆ ရက်နေ့တွင် လမု၊ မော်ရွာဖက်တွင်၎င်း ဟောပြောသွားမည် ဖြစ်ကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် အရှင်ပညာစာရ၏ ဇာတိ ရမ်းဗြဲမြို့နယ်တွင် ဆက်လက် ဟောပြော သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။