ဦးဥတ္တမနေ့ အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့်ရ

မြန်မာနိုင်ငံကို သူ့ကျွန်ဘ၀က လွတ်မြောက်အောင် အကြမ်းမဖက်တိုက်ပွဲဝင်ရင်း ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဦးဥတ္တမရဲ့ ၇၂ နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားကို ပြည်တွင်းမှာ လွတ်လပ်စွာ ကျင်းပခွင့် ရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ အပြင် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ အောက်မေ့ဖွယ် အခမ်းအနားတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို     ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာရှိတဲ့ ဓည၀တီသာသနာပြု ကျောင်းတိုက်မှာ    ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် ကျင်းပခဲ့ပြီး မနက် ၅ နာရီခွဲမှာ သံဃာတော်တွေကို အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ကြပါတယ်။

အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်မှုဆောင်တွေ၊  ရခိုင်တိုင်းရင်းသားတွေနဲ့  ၀ါရင့်နိုင်ငံရေးသမားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ကဗျာဆရာ မောင်စင်ကြယ်ကလည်း ဆရာတော် ဦးဥတ္တမ အတွက် ဂုဏ်ပြုရေးစပ်ထားတဲ့ သမိုင်းတွင်တဲ့စကားတစ်ခွန်း ကဗျာကို ရွတ်ဆိုခဲ့ကြသလို တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကလည်း ဆရာတော် ဦးဥတ္တမအကြောင်း ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူနဲ့ တောင်ကုတ်မြို့တွေမှာလည်း ရခိုင်လူမျိုးတွေက ဦးဆောင်ပြီး ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့်ရခဲ့ပါတယ်။

အရင်နှစ်တွေက စစ်တွေမြို့ ဆရာတော် ဦးဥတ္တမပန်းခြံတွင်းမှာ ရှိတဲ့  ဆရာတော်ရုပ်တုကို သွားရောက်ပြီး ဆီမီးတွေ ပန်းခွေတွေ ကပ်လှူခွင့် မရပေမယ့် ဒီနှစ်မှာတော့ လွတ်လပ်စွာ ပူဇော်ကန်တော့ခွင့်ရခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမှာလည်း ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပပုံကို အခုလို ပြောပါတယ်။

“မနက်အစောကြီး ဆရာတော်အတွက် ရည်မှန်းပြီးတော့ ဆွမ်းကပ်ကြပါတယ်။ နေ့လယ်ဘက်မှာ ဆရာတော်ရဲ့ ဖြစ်စဉ် သမိုင်းကို အဲဒီထဲမှာ ရှိတဲ့ ဗမာတွေရော၊ ကရင်တွေရော၊ ရခိုင်တွေရော အကုန်လုံး ဆရာတော်ရဲ့ လုပ်ဆောင်ချက်တွေကို ခင်းကျင်းပြသပြီးတော့ ပြောကြားတဲ့ အခမ်းအနား လုပ်ကြပါတယ်။ ပြီးတော့ ဆရာတော်အတွက် အမျှတန်းဝေကြတယ်။”

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ၁၉၈၈ ခုနှစ် ကစပြီး အာဏာပိုင်တွေက ကျင်းပခွင့်မပြုခဲ့ပေမယ့် ဒီနှစ်မှာလွတ်လပ်စွာ ကျင်းပခွင့်ပေးတာဟာ တိုင်းရင်းသားလူမျိုးစုတွေအတွက် ၀မ်းသာစရာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဆရာတော်ဦးဥတ္တမဟာ ဗြိတိသျှနယ်ချဲ့အစိုးရကို မြန်မာနိုင်ငံကနေ ထွက်သွားအောင် ရဲရဲဝံ့ဝံ့ မောင်းထုတ်ခဲ့တဲ့ ရခိုင်အာဇာနည် ဖြစ်ပါတယ်။
ဆရာတော်ဟာ မြန်မာ့လွတ်လပ်ရေးအတွက် အကြိမ်ကြိမ် ထောင်ကျခဲ့ရပြီး အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှားရင်းနဲ့ ၁၉၃၉ ခု စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ပါတယ်။

ဆရာတော် ပျံလွန်တော်မူတဲ့နေ့ကို ဦးဥတ္တမနေ့လို့ သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ကြည်ညိုလေးစားသူတွေက ဂုဏ်ပြုအထိမ်းအမှတ်ကို ကျင်းပကြပါတယ်။ 

http://burmese.dvb.no/archives/15339
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။