ရခိုင်ပြည်နယ်ဟာ လက်ရှိ မြန်မာ အစိုးရတွေရဲ့ လက်ထက်မှာ အဆင်းရဲ အနိမ့်ကျဆုံး နေရာကို ရောက်ရှိသွားခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ပီးရင် ရခိုင်ပြည်နယ်ဟာ ဒုတိယ အဆင်းရဲ အနိမ့်ကျဆုံး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ တိုးတက်နိုင်တဲ့ ရေခံ မြေခံကောင်းတွေ အများကြီး ရှိပေမယ့် မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး အဆင့်ကို ရောက်ရှိသွားရတာဟာ ဘာကြောင့်ပါလဲ။ ဆရာကြီး ဒေါက်တာ အေးကျော် ကို နိရဉ္စရာမှ မောင်ရမ္မာက မေးမြန်းတဲ့ အခါ ဆရာကြီးက ခုလို စပြောပြပါတယ်။
ဖြေ။ ။ ရခိုင်ပြည်က ဘာကြောင့် ဆင်းရဲသလဲဆိုရင်တော့ နံပါတ်တစ်အချက်က ဘာလဲဆိုလို့ရှိရင် ကျွန်ပုန်း ကိုလိုနီဘ၀နဲ့ နေခဲ့ရတာ နှစ်ပေါင်းများစွာကြာပြီ။ နောက်တခုက စစ်တပ်က အရင်တုန်းကဆိုရင် ဆရာကြီးတို့ ကျောင်းသားဘ၀တုန်းကဆိုရင် ရခိုင်ပြည်တပြည်လုံးမှာ စစ်တပ် သုံးတပ်လောက်ဘဲရှိတယ်။ အခု စစ်တပ်က ၆၀ ကျော် ရှိလာတဲ့အတွက်ကြောင့် ဒီစစ်တပ်ဟာ ရခိုင်ပြည်သူပြည်သားတွေရဲ့ တိုးတက်ကြီးပွားရေးကို လာလုပ်တဲ့ စစ်တပ်မဟုတ်။ သူတို့အကျိုးကို လုပ်တဲ့ စစ်တပ်သာ ဖြစ်တယ်။ အဲဒါကြောင့် စစ်တပ်က လယ်ယာကို သိမ်းတယ်။ လယ်လုပ်လို့ မရနိုင်။ အဲဒီလို အခက်အခဲ အကျပ်အတည်းကို ရခိုင်သားတွေဟာ လက်ရှိ ကြုံတွေ့နေရတယ်။ အဲဒါကြောင့်လည်း ရခိုင်ပြည်ဟာ ဆင်းရဲကျပ်တည်းတဲ့ စာရင်းထဲမှာ ပါတာလည်း ဖြစ်တယ်။ နောက်တခုက ပင်လယ်သမုဒ္ဒရာမှာရှိတဲ့ ငါးတွေ၊ ပုဇွန်၊ ဂဏန်းတွေကိုလည်းဘဲ ရခိုင်သားတွေ ရှာဖွေစားသောက်လို့ မရ အခြေအနေဖြစ်လာတယ်။ ကိုယ့်ရေထဲမှာရှိတဲ့ ငါးကို ကွန်ပစ်လို့တောင် စားလို့မရ ဖြစ်လာတယ်။ နောက်တခါ တောတောင်မှာ ရှိတဲ့ သစ်ပင်တွေ၊ ပျဉ်းကတိုးတွေကိုလည်း ခုတ်ပြီးတော့ နိုင်ငံခြားကို ရောင်းချတယ်။ ရခိုင်သားအကျိုးအတွက် ဘာတခုမှ မပါ။ ရခိုင်ပြည်ကထွက်တဲ့ ဂက်စ်တွေ ရခိုင်ပြည်အကျိုးအတွက် လုံးဝမပါဘူး။ နောက်တခုက ရခိုင်ပြည်က ထွက်တဲ့ ရေနံ ရခိုင်ပြည်အကျိုးအတွက် တခုလည်းမပါ။ ခုနက ရခိုင်ပြည်မှာ သယံဇာတပစ္စည်း ပစ္စယတွေဟာ အင်မတန်ကြွယ်ဝတဲ့ နိုင်ငံဖြစ်သော်လည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးဟာ ရခိုင်သားတွေမှာ တယောက်မှ မရ။ အဲဒါကြောင့် ရခိုင်တွေဟာ ဆင်းရဲပြီးဆင်းရဲလာတာ အမှန်ပဲ။ နောက်ထပ်လည်း ဒီထက်ဆင်းရဲလာဖို့ဟာ သေချာပါတယ်။
မေး။ ။ အဲသလို ဆင်းရဲနေတဲ့ ဘ၀က လွတ်မြောက်အောင် ရခိုင်လူမျိုးတွေ အနေနဲ့ ဘာလုပ်သင့်တယ်လို့ ဆရာကြီး မြင်ပါသလဲ။
ဖြေ။ ။ အဲဒီလို ဆင်းရဲလာတာကြောင့် ရခိုင်သားတွေမှာ ကိုယ့်နိုင်ငံကို ဘယ်လိုတည်ထောင်မလဲ။ ကိုယ့်နိုင်ငံ ကောင်းလာကို ဘယ်လိုလုပ်ကြမလဲ။ ကိုယ့်နိုင်ငံကို နိုင်ငံတကာမှာ တိုးတက်မြင့်မားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို နေ့တိုင်းနေ့တိုင်း ဆုတောင်းရမယ်။ အာရုံပြုရမယ်။ ဂရုတစိုက် လေ့လေ့လာလာရှိရမယ်။ ကျွန်တော်တို့မှာ ဘာဖြစ်နေလဲဆိုလို့ရှိရင် ကျွန်တော်တို့ ဗမာပြည်လို့ခေါ်တဲ့ “ဘားမား ပရိုပါး†အထုပ်ကြီးကို ထမ်းပြီးတော့ ရခိုင်ရိုးမတောင်ကို တက်သလို ဖြစ်နေတယ်။ အမှန်တကယ် ဒီအထုပ်ကြီးသာ မပါရင် ရခိုင်ပြည်ဟာ ၅နှစ်နဲ့ ၁၅ နှစ်ကြားမှာ အင်မတန်မှ တိုးတက်တဲ့ နိုင်ငံ ဖြစ်လာဖို့ သေချာပါတယ်။
မေး။ ။ ရခိုင်ပြည်ဟာ ငယ်ငယ်လေးဘဲ ရှိပါတယ်။ တိုင်းပြည်ထူထောင်ရင် ကြီးပွားချမ်းသာ နိုင်တဲ့ အခြေအနေမျိုး ရှိမလို့ ထင်ပါသလား။
ဖြေ။ ။ ရခိုင်နိုင်ငံ ဖြစ်လာတဲ့ အခါမှာ ။ ရခိုင်ပြည် လုပ်ပိုင်ခွင့်ရှိလာတဲ့အခါမှာ ကျွန်တော့် စိတ်ကူးအရဆိုရင် လွတ်လပ်စွာ ကုန်သွယ်ခွင့်ပေးဖို့။ Import, Export တွေကို များများလုပ်နိုင်ရဖို့။ ကျွန်တော်တို့ ကျောက်ဖြူနားက ဖမ်းတဲ့ ငါးသလောက်ကို ကျွန်တော်တို့ နယူးယောက်မြို့ထိ တင်ရောင်းရဖို့။ အခုတော့ ဘင်္ဂလာဒေ့ခ်ျကတင်ပို့တဲ့ ငါးသလောက်တွေကို နယူးယောက်မှာ ရခိုင်သားတွေက ၀ယ်စားနေရတယ်။ အမှန်တကယ် ကျွန်တော်တို့ ရခိုင်သားတွေဟာ ကျောက်ဖြူနားက ဖမ်းတဲ့ ငါးသလောက်၊ နောက်တခါ နေပြီးတော့ ငါးရူးစနား စတဲ့ ငါးတွေကို နယူးယောက်ထိ တင်သွင်းနိုင်ရင် အင်မတန်မှ ကြီးပွားချမ်းသာတဲ့ နိုင်ငံဖြစ်ဖို့။ နောက်တခါ ရခိုင်ပြည်မှာရှိတဲ့ အသီးအနှံတွေကိုလည်း ကျွန်တော်တို့ဟာ Import အနေနဲ့ လုပ်လို့ရှိရင်လည်း အင်မတန်တိုးတက်ကြီး ပွားလာဖို့။ တချို့က ရခိုင်ပြည်ဟာ ငယ်တယ်လို့ ပြောကြပါတယ်။ ရခိုင်ပြည်ထက် ဧရိယာကျဉ်းတဲ့ နိုင်ငံဟာ ကမ္ဘာမှာ နိုင်ငံပေါင်း ၆၀ လောက်ရှိပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်ဟာ အားလုံးသူ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ရင် ၅နှစ်နဲ့ ၁၀ နှစ်အတွင်းမှာ အင်မတန် တိုးတက်တဲ့ နိုင်ငံဖြစ်ဖို့ သေချာတဲ့အကြောင်းကို ကျွန်တော် တာဝန်ယူ ပြောလိုပါတယ်။
မေး။ ။ ရခိုင်လူမျိုးတွေဟာ တချိန်က ချမ်းသာခဲ့တယ်။ ဒီနေ့ခေတ်ကာလမှာ ဆင်းရဲ နိမ့်ကျဆုံး ဖြစ်နေရတယ်။ သမိုင်းနဲ့ ယှဉ်ပြီး ရခိုင်တွေ ဆင်းရဲရတဲ့ အကြောင်းကို ပြောပြပေးပါလား။
ဖြေ။ ။ ရခိုင်ပြည်နယ် ဒီလောက်ထိ ဆင်းရဲနေတာဟာ ရခိုင်ပြည်ရဲ့သမိုင်း၊ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ပထမ ဦးဆုံး အကြိမ် ဖြစ်တယ်။ တခါမှ ရခိုင်ပြည်ဟာ ဒီလောက်ထိ မဆင်းရဲခဲ့ဘူး။ ဒီလောက်ထိလည်း မနိမ့်ကျခဲ့ဘူး။ ဘာကြောင့် ဒီလိုဖြစ်သလဲဆိုလို့ရှိရင် ရခိုင်ပြည်ကို ၁၇၈၄ ခုနှစ် ဘိုးတော်မောင်ဝိုင်းက သိမ်းပိုက် လိုက်ပြီးတဲ့ နောက်ပိုင်းမှာ အားလုံးကို ဖျက်ဆီးတယ်။ တချို့ အရေးကြီးတဲ့ ပစ္စည်းတွေ အားလုံးယူသွားတယ်။ ပညာရှင်တွေကို ခေါ်သွားတယ်။ အဲဒီအချိန်က စပြီးတော့ ရခိုင်တပြည်လုံးဟာ ကျွန်ပုန်းကိုလိုနီဘ၀နဲ့ နေခဲ့ရတာဟာ အခု နှစ်ပေါင်း ၂၂၇ နှစ်ရှိပြီ။
ရခိုင်သားတွေဟာ အထူးသဖြင့် ကျွန်တော်တို့ သံတွဲ၊ တောင်ကုတ်၊ ဂွက လူတွေဟာ ကိုယ့်ကိုယ်ကို ကျွန်ဖြစ်နေမှန်းမသိ။ ကျွန်တော်ငယ်ငယ်တုန်းကလည်း တောင်ကုတ်မှာ ကိုယ့်ကိုယ်ကို ကျွန်ဖြစ်နေမှန်းမသိ။ ကြီးလာတော့ နိုင်ငံခြားမှာ ပါမောက္ခအနေနဲ့လုပ်တဲ့အခါမှာ၊ ကမ္ဘာအရပ်ရပ်ကို နှိင်းယှဉ်လေ့လာတဲ့အခါမှာ ကျွန်တော်တို့ဟာ တကယ့် ကျွန်ပုန်းကိုလိုနီ၊ ကျွန်အစစ်အမှန်ဖြစ်ကြောင်းကို သိလာရတယ်။ အဲဒီလို ပြောခြင်းဟာ သမိုင်းကြောင်းအရ ပြောခြင်းသာဖြစ်တယ်။ ဘယ်သူ့ကိုမှ မနာလို၊ မကြိုက်လို့ ပြောတာမဟုတ်။ သမိုင်းဟာ သမိုင်းအတိုင်း ဖြစ်ရပ်ကို တင်ပြရခြင်းသာ ဖြစ်တယ်။
ကျွန်ပုန်းကိုလိုနီဘ၀နဲ့ မနေခဲ့တဲ့ အချိန်တုန်းက ရခိုင်ပြည်ဟာ အင်မတန်ကြီးပွားချမ်းသာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်။ ရခိုင်ပြည်ဟာ ၁၄ရာစု၊ ၁၅ ရာစု၊ ၁၆ ရာစုမှာ ကမ္ဘာမှာ အချမ်းသာဆုံး၊ နာမည်အထင်ရှားဆုံး ပြည်တပြည်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကမ္ဘာအရပ်ရပ် မှတ်တမ်းတွေမှာ အဲဒီအချိန်အခါက ကမ္ဘာမှာ ထင်ရှားဆုံးဖြစ်တဲ့ မြို့ကြီး ၅ မြို့သာရှိပါတယ်။ အဲဒီ ၅ မြို့ထဲမှာ အင်္ဂလန်က လန်ဒန်မြို့၊ တရုတ်ပြည်က ပီကင်းမြို့၊ နယ်သာလန်က အင်စတန်တန်မြို့၊ ရခိုင်ပြည်က မြောက်ဦးမြို့၊ အိန္ဒိယနိုင်ငံက ဂိုယာမြို့၊ဒီမြို့ကြီး ၅ မြို့ဟာ ကမ္ဘာမှာ အကြီးကျယ်ဆုံးသော မြို့ကြီး ၅မြို့စာရင်းထဲမှာပါတယ်။ မှန်လည်းမှန်တယ်။ သေလည်း သေချာပါတယ်။
ရခိုင်တွေဟာ ဘယ်လောက်ထိ ချမ်းသာသလဲဆိုရင် ရခိုင်နန်းတော်မှာ တင်ထားတဲ့ ရွှေဖရုံသီးတွေဟာ တကယ့်အစစ်အမှန် ရွှေဖရုံသီးတွေဖြစ်တယ်။ အဲဒါကြောင့် ရခိုင်ပြည်၊ ရခိုင်နိုင်ငံဟာ အင်မတန် ချမ်းသာကြွယ် ၀တဲ့ နိုင်ငံဖြစ်ခဲ့သော်လည်း ကျွန်တော်တို့ ၁၇၈၄ ခုနှစ်ပတ်ဝန်းကျင်မှာ ရခိုင်သားတွေဟာ စည်းလုံးညီညွတ်မှု မရှိတဲ့အတွက်ကြောင့် ကျွန်ဘ၀ကို ရောက်ခဲ့ရတယ်။ အခုလဲဘဲ မစည်းရုံးမညီညွတ်ဘဲ ဖြစ်နေလို့ရှိရင် ကျွန်ဘ၀ ဆက်ပြီးတော့ ဖြစ်နေဖို့ဟာ သေချာပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရခိုင်သူ ရခိုင်သားတွေဟာ ကျွန်ဘ၀က လွတ်မြောက်အောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားရပါဖို့။ ဘယ်သူ့ကိုမှ မုန်းဖို့မလို၊ ကိုယ့်နိုင်ငံ ကိုယ် တည်ထောင်ခြင်းဟာ စစ်မှန်တဲ့သဘောတရားလည်း ဖြစ်တယ်။ စစ်မှန်တဲ့ လုပ်နည်းလုပ်ဟန်လည်း ဖြစ်ပါတယ်။
နောက်တခုက ရခိုင်ပြည်ဟာ အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့အပြင် ရခိုင်နိုင်ငံရဲ့ သယံဇာတဟာလည်းဘဲ အင်မတန် ပေါများကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဘာဖြစ်လို့ဆိုလို့ရှိရင် ရခိုင်ပြည်မှာရှိနေတဲ့ ဘင်္ဂလား ပင်လယ်အော်မှာ ငါးတွေ စားမကုန်၊ ကဏန်းတွေ ယူမကုန်၊ ပုဇွန်ဆိုရင် စားတာတင်မက လုပ်ချင်သလို လုပ်လို့ရတယ်။ ငါးနီတူဆိုတာ တောင်လို ပုံနေတယ်။ မျဉ်ဆိုတာလည်း တောင်လိုပုံနေတယ်။ အဲဒါထက်အပြင် ရခိုင်ပြည်မှာရှိတဲ့ တောင်ကုတ်တောင်ရိုးမှာ ပျဉ်းကတိုးသစ်တွေ ယူမကုန်၊ ကျွန်တော်တို့ တောင်ကုတ်နယ်မှာ ဆိုလို့ရှိရင် ကျွန်တော်တို့အိမ် ဆောက်ထားတဲ့ ပျဉ်းကတိုးတိုင်ဟာ ဘုန်းကြီးကျောင်း ပျဉ်းကတိုးတိုင်ထက် ကြီးတယ်။ အဲဒီလို အိမ်ကြီးယာကြီးတွေကို ရခိုင်သားတိုင်း ဆောက်နိုင်တဲ့အခြေအနေဟာ ရှိခဲ့ပါတယ်။
အခုအခါ ဘာကြောင့် အဆင်းရဲဆုံး ဖြစ်လာသလဲဆိုလို့ရှိရင် ကျွန်တော်တို့ဟာ ကျွန်ပုန်းကိုလိုနီဘ၀နဲ့ ဆက်ပြီးတော့ ရှိနေလို့ပါ။ ကျွန်ပုန်းကိုလိုနီဘ၀မှာ ရခိုင်တွေ ရခိုင်စာပေကို မသင်ရသေးဘူး။ ရခိုင်သမိုင်းကို ရခိုင်တွေ မသင်ရသေး။ ရခိုင်သီချင်းကိုတော့ခါ ရခိုင်တွေ နားထောင်လို့ရပြီ။ အင်မတန်မှ ၀မ်းသာစရာ ကောင်းတဲ့ကိစ္စတွေပါ။ အဲဒီတော့ခါ ကျွန်တော်တို့ ရခိုင်တွေမှာ ရခိုင်စာကို ပြန်သင်ရမယ်။ ရခိုင်သမိုင်းကို ပြန်သင်ရဖို့။ ရခိုင်အနုပညာကို ပြန်သင်ရဖို့။ နောက်တခုက ကျွန်တော်တို့ နိုင်ငံမှာ ဘင်္ဂလာပင်လယ်အော်ရဲ့ ကြွယ်ဝချမ်းသာမှု၊ ပြည်တွင်းမှာ အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့ သစ်တောတွေ၊ ကျွန်တော်တို့တောင်ကုတ်မှာ ဆိုရင် ခယင်ဝါးရှိတယ်။ တောင်ကုတ်မှာရှိတဲ့ဝါးဟာ ကမ္ဘာမှာအကောင်းဆုံးဝါးထဲမှာ ပါတယ်။ ၀ါးကထုတ်တဲ့ စက္ကူ၊ အ၀တ်အစတွေဟာ အကောင်းဆုံး၊ ကျွန်တော်ကြားရသလောက်တော့ တောင်ကုတ်မြို့နယ်မှာ ၀ါးပင် မရှိတော့ဘူး။ အခြားအရေးကြီးတဲ့ အပင်တွေလည်း မရှိတော့ဘူး။
ကျွန်တော်တို့ ပြည်မှာ ချမ်းသားကြွယ်ဝသော်လည်း ကျွန်ဘ၀နဲ့ နေရတဲ့အတွက်ကြောင့် ကိုယ်ရဲ့ အိမ်ဘေး နားကထွက်နေတဲ့ ရေနံကို ကိုယ်သုံးလို့မရ။ ကျွန်တော်တို့ပတ်ဝန်းကျင်အနီးအနားမှာ ထွက်နေတဲ့ ဂက်စ်ကို ရခိုင်သူ ရခိုင်သားတွေဟာ ထမင်းချက်လို့မရ။ ဇာကြောင့်လဲဆိုရင် ကျွန်တော်တို့ လုပ်ပိုင်ခွင့်မရှိလို့။ အဲဒါကြောင့် ကျွန်တော်တို့ဟာ မသိမသာ၊ သိသိသာသာ ကျွန်ဖြစ်နေတာကို သိသင့်တယ်။ သိဖို့ ကာလလည်း ဖြစ်နေပြီ။
နောက်တခုက ရခိုင်ပြည်မှာ နှစ်ပေါင်း ၂၂၇ နှစ် ကိုလိုနီကျွန်ဘ၀နဲ့ နေခဲ့သော်လည်း အခုထိ ရခိုင်ပြည်မှာ စက်ရုံတရုံမှ မရှိ။ သိပ်ဝမ်းနည်းဖို့ကောင်းတယ်။ ဒါလည်း ဆင်းရဲနွမ်းပါးရတဲ့ ကိစ္စတခု။ ဒီလို စက်ရုံမရှိတော့ ရခိုင်ပြည်မှာ ရှိတဲ့ လူငယ်တွေဟာ အလုပ်မရှိ၊ စာသင်ဖို့အချိန်ကာလလည်းမရှိ။ အိမ်နားမှာရှိတဲ့ ငါးကို ဖမ်းစားလို့လည်းမရ၊ ကဏန်း၊ ပုဇွန်ဖမ်းစားလို့မရ။ ငါးတွေကိုယူပြီး ရောင်းစားခွင့်မရ။ အဲဒီလို အခြေအနေ ဖြစ်လာတဲ့အခါမှာ ရခိုင်သူ ရခိုင်သား လူငယ်တွေဟာ ရခိုင်ပြည်မှာ မနေနိုင်တော့ဘူး။ ဗမာပြည်သွားရင်လည်း အလုပ်မရနိုင်၊ အဲဒါကြောင့် နိုင်ငံခြား မလေးရှားတို့၊ ယိုးဒယားတို့မှာဆိုလို့ရှိရင် ရခိုင်သားလူငယ်တွေ အများကြီး။ အင်မတန်မှာ ၀မ်းနည်းစရာ ဖြစ်ရပ်တခုဖြစ်တယ်။ ၀မ်းနည်းစရာ ကောင်းတဲ့ ဖြစ်ရပ်တခုပြီး တခု အခု လက်ရှိမှာ ကြုံတွေ့နေရပါတယ်။
..................
http://www.narinjara.com/detailsbur.asp?id=3289

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။