တာကလူး
-------------
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရခိုင်လူမျိုးများကို ကိုယ်စားပြု ဖွဲ့စည်းထားသည့် ရခိုင်ဗုဒ္ဓဘာသာ ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ (၁၃) ကြိမ်မြောက် ညီလာခံကို မေလ ၆ ရက် သောကြာနေ့က ကော့စ်ဘဇား (ခေါ်) ဖလောင်းချိတ်မြို့ရှိ အသင်း ဗဟိုရုံးချုပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ညီလာခံကို အသင်း၏စည်းမျဉ်းစည်းကမ်းနှင့် အညီ ၂ နှစ်တကြိမ် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်ဟု အသင်း၏ ဥက္ကဟောင်း ဦးကျော်သိန်းက ပြောသည်။
“ကျွန်တော်တို့ရဲ့ အသင်းစည်းကမ်းအရ ၂ နှစ်တခါ ညီလာခံ ကျင်းပရပါတယ်။ ဒီညီလာခံအတွင်းမှာပဲ ကျွန်တော်တို့ အသင်းရဲ့ အားသာချက်- အားနည်းချက်တွေနဲ့ ပြီးစီးဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေ အပါအ၀င် ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ပီးရင် အသင်းရဲ့ အလုပ်မှုဆောင် ကော်မတီသစ်ကိုပါ ရွေးကောက်တင်မြှောက် ဖွဲ့စည်းခဲ့ကြပါတယ်” ဟု သူက ပြောသည်။
မေလ ၆ ရက်နေ့က ပြုလုပ်သော ညီလာခံတွင် အသင်း၏ အလုပ်မှုဆောင် ကော်မီတီသစ် ၁၇ ဦးကို ရွှေးကောက်တင်မြှောက်ခဲ့သည်။ အဆိုပါ ကော်မီတီများမှာ- ၁။ ဦးမောင်သိန်း (ဥက္ကဌ)၊ ၂။ ဦးမောင်သန်းလှ (ဒု-ဥက္ကဌ-၁) ၃။ ဦးမောင်ကျော် (ဒု-ဥက္ကဌ-၂)၊ ၄။ ဦးမောင်လှသိန်း (အတွင်းရေးမှူး)၊ ၅။ ဦးသာဇံအောင် (တွဲဘက် အတွင်းရေးမှူး-၁)၊ ၆။ ဦးအောင်ဖေသိန်း (တွဲဘက် အတွင်းရေးမှူး-၂)၊ ၇။ ဦးထွန်းသာ (ဘဏ္ဍာရေးမှူး)၊ ၈။ ဦးညီပု (ရုံးတာဝန်ခံ)၊ ၉။ ဦးသာထွန်း (စည်းရုံးရေးမှူး-၁)၊ ၁၀။ ဦးသန်းဖေ (စည်းရုံးရေးမှူး-၂)၊ ၁၁။ ဦးမောင်ပုရှီ (ဘာသာရေးနှင့် လူမှုရေး တာဝန်ခံ)၊ ၁၂။ ဦးမောင်ရှီဖြူ (ပညာရေး၊ ယဉ်ကျေးမှုနှင့် အားကစား တာဝန်ခံ)၊ ၁၃။ ဦးမောင်လှဖြူ (ခေါ်) ပိန်တူး (ပြန်ကြားရေးတာဝန်ခံ)၊ ၁၄။ ဦးဘသောင်း (အဖွဲ့ဝင်)၊ ၁၅။ ဦးမောင်ကျော်လှ (အဖွဲ့ဝင်)၊ ၁၆။ ဦးအောင်သန်းမောင် (အဖွဲ့ဝင်)၊ ၁၇။ ဦးဘူမောင် (အဖွဲ့ဝင်) တို့ဖြစ်ကြသည်။
အသင်း၏ ဥက္ကဌသစ် ဦးမောင်သိန်း က “ဒီအသင်းဟာ ဒီနေရာဒီဒေသမှာ ကျွန်တော်တို့ ရခိုင်လူမျိုးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အသင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်ရဲ့ (၂)နှစ်တာ ဥက္ကဌသက်တမ်းအတွင်းမှာ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့အသင်း တိုးတက်ခိုင်မာလာအောင်၊ ရခိုင်လူမျိုးနဲ့ ဘာသာ တိုးတက်မှုရှိလာအောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ New Generation တွေဖြစ်တဲ့ ကျောင်းသားလူငယ်တွေ မြှင့်တင်ပေးမယ့် အစီအစဉ်ကို အထူးကြိုးပမ်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဘာသာခြားများက မတော်မတရား ကျူးကျော်သိမ်းပိုက်ခြင်းခံထားရသော ရခိုင်လူမျိုးတို့၏ ကျောင်းကန်ဘုရားနေရာများ၊ သချုင်္ိင်းမြေများ နှင့် အိမ်ရာမြေများ ပြန်လည်ရရှိရေး အတွက်သာမက လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ လုပ်ဆောင်သွားမည်ဟုလည်း ဥက္ကဌ ဦးမောင်သိန်းက ဆက်ပြောခဲ့သည်။
ညီလာခံအတွင်း အလုပ်မှုဆောင်ကော်မီတီကိုသာမက ယခင်ဥက္ကဌဟောင်း (၅)ဦးဖြင့် အကြံပေး အဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းခဲ့ကြသည်။
ရခိုင်ဗုဒ္ဓဘာသာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရအသိအမှတ်ပြု လူမှုရေး အသင်းအဖွဲ့အစည်း တစ်ခုဖြစ်ပြီး၊ ရခိုင်လူမျိုးများ နေထိုင်နေကြသည့် ကော့စ်ဘာဇား (ခေါ်) ဖလောင်းချိတ်ခရိုင်၊ စစ်တကောင်းတောင်တန်းနယ်နှင့် ပေါ်တော်ခါလီ (ခေါ်) အ၀ကျွန်းဒေသတို့တွင် အဖွဲ့ခွဲ (၂၁)ခုဖြင့် ဖွဲ့စည်းထားပြီး၊ အဖွဲ့ဝင် ၂၀၀၀ နီးပါးခန့် ရှိကြောင်း သိရှိရသည်။
ညီလာခံကို ဒေသအသီးသီးမှ အသင်း၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး၊ နံနက် (၁၀) နာရီမှ ညနေ (၅)နာရီထိ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
: -----------------------------------

(နိရဉ္စရာ သတင်း
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။