ဒက္ကားမြို့ ရခိုင်ရိုးရာ သင်္ကြန် မြန်မာသံအမတ် တက်ရောက်

စံလင်း
---------
ဧပြီလ ၁၄ ရက် သင်္ကြန် အကျနေ့တွင် ပြုလုပ်သော တတိယ အကြိမ်မြောက် ဒက္ကားမြို့ ရခိုင်ရိုးရာ သင်္ကြန် ပွဲတော်သို့ မြန်မာ သံအမတ် ဦးမင်းလွှင်နှင့် ဇနီး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

Myanmar-ambassador-to-Dhaka.jpg
မြန်မာ သံအမတ် တစ်ဦးအနေဖြင့် ပထမဆုံး အကြိမ် ဒက္ကား ရခိုင်သင်္ကြန်ပွဲတော်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပွဲတော်သို့ တက်ရောက်ခဲ့သူ လူငယ် တစ်ဦးက “ သူတို့ ရခိုင်သင်္ကြန်ပွဲတော်ကို စိတ်ဝင်တစားနဲ့ ကြည့်ရှု့ ခဲ့တာကို တွေ့ရပါတယ်။ ခါတိုင်းနှစ်တွေမှာတော့ မြန်မာ သံအမတ် ခုလို လာတာကို မတွေ့ရပါဘူး။ ဒီနှစ်မှာတော့ တော်တော်ကို ထူးခြားပါတယ်” ဟု ပြောသည်။

ယခု ကျင်းပ ပြုလုပ်သော ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ရခိုင်ဗုဒ္ဓဘာသာ ဖွံဖြိုးရေးအသင်းမှ ဦးဆောင် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ပြုလုပ်ရသော ရည်ရွယ်ချက်ကို ဒက္ကား Branch အသင်းဥက္ကဌ ဒေါ်လှသိန်းက ယခုကဲ့သို့ ပြောသည်။

“ဒက္ကားမြို့မှာရှိတဲ့ ရခိုင်ကျောင်းသူကျောင်းသားတွေ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက် အောင်၊ ကိုယ့်ရိုးရာ ယဉ်ကျေးမှုအမွေနှစ်တွေကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းအောင်၊ ရခိုင် ရိုးရာဓလေ့စရိုက်တွေ မတိမ်ကော၊ မပပျောက်အောင် လက်ဆင့်ကမ်းတဲ့ အနေနဲ့ ကျင်းပရခြင်း ဖြစ်ပါတယ်၊ နောက်နှစ်တွေမှာလည်း ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။” ဟုပြောသည်။

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ဒက္ကားမြို့ မီရ်ပူရှိ သက်လူမျိုး ဗုဒ္ဓဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပွဲတော်သို့ ရာပေါင်းများစွာသော ရခိုင်အမျိုးသား အမျိုးသမီးများသာမက တခြား ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့် သက်၊ မာရမာ နှင့် ဟိန္ဒူ လူမျိုးများလည်း လာရောက် အားပေးခဲ့သည်။

Myanmar-ambassador--Dhaka-rakhing-Thangran.jpg
ယခုနှစ် သင်္ကြန်ပွဲတော်သို့ မဟားဇိုး (ရွာကြီး) ရိုးရာ အဖွဲ့နှင့် ဖလောင်းချိတ်မြို့မှ ကိုကျော်သန်း ဦးဆောင်သော ရခိုင်တီးဝိုင်းမှလည်း လာရောက်ဖြေဖျော်ခဲ့သည်။ စစ်တွေမှ အဆိုတော် ကိုမျိုးရခိုင်လည်း လာရောက် ရခိုင်သီချင်းများဖြင့် ဖြေဖျော်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဒက္ကားမြို့ ရခိုင်သင်္ကြန်မှာ အထူး စည်ကားခဲ့ပြီး ရခိုင်ရိုးရာအစဉ်အလာအတိုင်း ဘုရားရေ သပ္ပါယ်ခြင်း၊ သီလ ယူခြင်း၊ ငါးပါးသီလဆောက်တည်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ၎င်းနောက်ပိုင်း ရခိုင်ရိုးရာ ရေလောင်း မဏ္ဍပ်တွင် လူငယ်များ ရေကစားခဲ့ကြသည်ဟု သိရသည်။

: -------------------
နိရဉ္စရာ သတင်း
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။