အနှိပ်ခန်းများမှ ဖမ်းဆီးခံ အမျိုးသမီးငယ်များ နေရပ်ရင်း ပြန်ပို့မည်

စံလင်း
--------
ရခိုင်ပြည်နယ် စစ်တွေမြို့ အနှိပ်ခန်းများမှ ဖမ်းဆီးထားသော အမျိုးသမီးငယ် ၂၀ ကျော်ကို ၎င်းတို့၏ နေရပ်ရင်းဒေသများသို့ များမကြာမှီ ပြန်ပို့ရန် အာဏာပိုင်များက စီစဉ်နေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့တွင် အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်နေသော လုပ်ငန်း ၇ ခုအား သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ က ယခုလ ပထမပတ်က ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများပြုလုပ်ရာ အဆိုပါ အနှိပ်ခန်းများတွင် လုပ်ကိုင်နေသူ အမျိုးသမီးငယ် ၂၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက “ စစ်တွေမှာ နာမည်ကြီးနေတဲ့ အနှိပ်ခန်း ခုနှစ်ကို ဒီလ ပထမပတ်က ရှောင်တခင် ၀င်ရောက် စစ်ဆေးတဲ့အခါမှာ အသက် ၁၅ နှစ်မှ ၂၅ နှစ်အကြားအရွယ်ရှိ အမျိုးသမီးငယ် ၂၀ ကျော်ကို ဖမ်းမိပါတယ်။ အများစုကတော့ ဗမာပြည်မဘက်မှ လာပြီး လုပ်ကိုင် စားသောက် နေကြသူတွေ ဖြစ်ပါတယ်။ အခု သူတို့ကို စစ်ဆေးမေးမြန်းပြီး နေရပ်ရင်းကို ပြန်ပို့ဖို့ စီစဉ် နေပါတယ်” ဟု ပြောသည်။

အဆိုပါ အမျိုးသမီးငယ်များ လုပ်ကိုင်နေသော အနှိပ်ခန်းများတွင် လာရောက် အနှိပ်ခံသူများထံမှ (One Section) ၄၅ မိနစ် ဝင်လျှင် ၄၀၀၀ ကျပ် ဝန်ဆောင်ခအား အနှိပ်ခန်း လုပ်ငန်း ဦးစီးလုပ်ကိုင်သူက ကောက်ယူသော်လည်း နှိပ်ပေးသူ အမျိုးသမီးငယ်ကို ၅၀၀ ကျပ်သာ ပေးချေကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

၎င်းပြင် အဆိုပါ အနှိပ်ခန်းများမှာ အနှိပ်ခံ အကျိုးဆောင် လုပ်ငန်းများဟု အမည်ပေးပြီး စစ်တွေ ကားဂိတ်၊ စံပြရွာဘက်တွင် ဖွင့်လှစ်ထားသော်လည်း ကွယ်ရာတွင် မကောင်းမူ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နေသဖြင့် ယခုအခါ လုပ်ပိုင်ခွင့်ကို ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ ပိုင်ရှင်တွေကိုတော့ တည်ဆဲ ဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆိုင်ခန်းကိုရော၊ ရှိတဲ့ ပစ္စည်းတွေကို ရော သိမ်းယူပြီး နောက်နောင် မဆောင်ရွက်နိုင်အောင် တားမြစ်လိုက်ပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

အဆိုပါ အနှိပ်ခန်းများမှာ တရားဝင် လုပ်ကိုင်စားသောက်နေခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများကို လာဒ်ငွေများ ပေးဆောင်ကာ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ခံ တစ်ဦးကလည်း “အနှိပ်ခန်းလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေကလည်း ဆိုင်ရာ ဆိုင်ရာကို ငွေပေးပြီးလုပ်နေကြတာပါ။ အခုတော့ သက်ဆိုင်ရာ ဌာနပေါင်းစုံက အာဏာပိုင်တွေ ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးတာဆိုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး၊ အကုန်လုံး အဖမ်းခံကြရတယ်။ အဲဒီမှာလုပ်နေတဲ့ အမျိုးသမီးငယ်တွေ ကိုတော့ ဗမာပြည်ပြန်ပို့မယ်လို့ ကြားတယ်။ မြို့သူ မြို့သားတွေကတော့ စိတ်သက်သာရာ ရသွားကြပါတယ်” ဟု ပြောကြားသည်။

အဆိုပါ လုပ်ငန်းတွင် လုပ်ကိုင်နေသူ အမျိုးသမီးငယ်များကို မှတ်ပုံတင်စာရင်း အတိုင်း သူတို့၏ ဇာတိဒေသများသို့ အာဏာပိုင်များမှ ပို့ဆောင်ရန်စီစဉ်ထားပြီ ဖြစ်ကြောင်း သိရသည်။



...........
Ref:  နိရဉ္စရာ သတင်း
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။