စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရာတွင် ဒေသခံ အလုပ်သမားများ ခေါင်းပုံဖြတ်ခံနေရ

ထွန်းထွန်း
------------
ကုလားတန် မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းတွင် ပါဝင်သော စစ်တွေဆိပ်ကမ်းကို ယခုအခါ စတင် တည်ဆောက်နေရာ အဆိုပါ ဆိပ်ကမ်းတွင် အလုပ် လုပ်ကိုင်နေကြသော နေ့စား အလုပ်သမားများကို သက်ဆိုင်ရာ ကုမ္ပဏီများမှ လုပ်အား ခေါင်းပုံ ဖြတ်မူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။


Sittwe-Jetty-ESSAR-Projects-(India)-Ltd စစ်တွေဆိပ်ကမ်း တည်ဆောက်ရာတွင် မြေဖို့နေစဉ်
အမည်မဖေါ်လိုသူ အလုပ်သမား တစ်ဦးက “ ပေးတာကတော့ တစ်နေ့ ၁၅၀၀ ကျပ်ပေးပါတယ်။ ခုလို ကျောက်သယ် ကျောက်ပြောင်း အလုပ်ကြမ်းတွေအတွက် တစ်နေ့ ပိုက်ဆံ ၁၅၀၀ ဆိုတာ အလွန်နည်းပါတယ်။ အဲသလို နည်းတဲ့ အပြင် နံနက် ၆ နာရီကနေ ညနေ ၆ နာရီထိ မရပ်မနား အလုပ် လုပ်နေကြရပါတယ်” ဟု ပြောသည်။

စစ်တွေ ဆိပ်ကမ်းကို အိန္ဒိယမှ ESSAR India Ltd ကုမ္ပဏီနှင့် မြန်မာ့ဖက်က အာရုံဦးကုမ္ပဏီ တို့က ဦးဆောင်လုပ်ကိုင်နေပြီး အုတ်၊ သဲ၊ ကျောက်များ ကန်ထရိုက်ကို စစ်တွေမြို့မှ စီးပွားရေး သမား တစ်ဦးက ရရှိထားကြောင်း သိရသည်။

“ အဲသလို လုပ်ရပေမယ့် ၁၁ နာရီမှာတော့ ထမင်းစားချိန် တစ်နာရီ နားရပါတယ်။ ၁၂ နာရီကျော်တာနဲ့ လုပ်ငန်းခွင်ထဲ ၀င်ရပါတယ်။ အဓိကတော့ မြေသယ် မြေပြောင်း မြေတူး အလုပ်တွေ၊ ကျောက်တွေသယ်ရတဲ့ အလုပ်တွေမှာ လုပ်ကြရတာပါ” ဟု ပြောသည်။

စစ်တွေတွင် အလုပ်လက်မဲ့ ဦးရေ အလွန်များပြားနေရာ အဆိုပါ လုပ်ငန်းခွင်တွင် အလုပ် လုပ်လိုသူ လည်း များပြားနေသဖြင့် ကုမ္ပဏီများက အဆိုပါ အခွင့်အရေးကို ယူပြီး အလုပ်သမားများကို အစိုးရသတ်မှတ်ချိန် အတိုင်း မဟုတ်ဘဲ အချိန်ပို စေခိုင်းနေခြင်း ဖြစ်သည်။
Sittwe-Jetty-ESSAR-Projects-(India)-Ltd
ယခု စစ်တွေဆိပ်ကမ်းတည်ဆောက်နေမူအား အပြင်မှ မမြင်နိုင်ရန် ခြံအလုံးပိတ်ကာရံထားပြီး ထိုအထဲတွင် အလုပ်သမားများကို အလုပ်စေခိုင်းနေခြင်း ဖြစ်သည်။

“ခုကျွန်တော်တို့ ဒေသခံတွေက အလုပ်ကြမ်းသမားတွေပါ။ လုပ်နေရတဲ့အလုပ်က ကျောက်၊ အုတ်၊ သဲ တွေကို ပြောင်းတဲ့ အလုပ်ဖြစ်တယ်။ အဲဒါတွေကို ကုန်းပေါ်ကနေ ရေထဲ အရောက်အောင်ထိ သယ်ပို့ နေရပါတယ်။ အလုပ်က အလုပ်ကြမ်းဖြစ်တော့ လူတွေက အရမ်း ပင်ပန်းတာပေါ့နော်။ လုပ်ခရတဲ့ငွေနဲ့ အလုပ်ရတဲ့ အလုပ်က သိပ်မကိုက်ဘူး။တရက် နေမကောင်းဖြစ်ရင် ၁၀ ရက်လုပ် အားခ သွားပြီ။ သူတို့ က ဆေးဝါးတွေ ထောက်ပံ့ပေးတာလည်း မရှိပါဘူး“ဟု နောက်အလုပ်သမား တဦးကလည်း သူ့ အလုပ်ခွင် အတွေ့အကြုံကို ပြောသည်။

စစ်တွေ ဆိပ်ကမ်းကို အုတ်မြစ်ချပွဲကို ၂၀၁၀-ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်ခဲ့ပြီး အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Jayant Prassad ၊ ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Dr. Villur Sundararajan Seshadri နှင့် သံရုံးအဖွဲ့ဝင်များ၊ အိန္ဒိယ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ESSAR Projects (India) Ltd. မွမ်ဘိုင်းနှင့် မြန်မာတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

..............
Sources: Narinjara
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။