ကျပ်သိန်း ၅၀၀ ကျော်ဖိုးရှိ ရွှေချောင်းများ ရခိုင်အမျိုးသမီး တစ်ဦးထံမှ ဖမ်းဆီး

တာကလူး
-------------
ကျပ်သိန်း ၅၀၀ ကျော်ဖိုးရှိ ရွှေချောင်းများကို ရခိုင်အမျိုးသမီးတစ်ဦးထံမှ တက်ကနက် ဆိပ်ကမ်းတွင် ဘင်္ဂလာဒေခ်ျ့မှ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီမှ ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

gold-bars-myanmar.jpg
ရွှေချောင်းများ ဖမ်းဆီးခံရသူ အမျိုးသမီးမှာ မောင်တောမြို့မှ ဒေါ်မသန်းနု (၄၇ နှစ်) ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ မြန်မာဘက်သို့ ရွှေချောင်းများကို ယူဆောင်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ သူမမှာ ရွှေချောင်းများကို ဘင်္ဂလာဘီဂျီဘီ တပ်ဖွဲ့ဝင်များ ရှာဖွေနေစဉ် ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်တွင် ထွက်ပြေး လွှတ်မြောက်သွားကြောင်း မျက်မြင်များက ပြောသည်။

ဖမ်းဆီးရမိသော ရွှေချောင်းများကို တက်ကနက်မြို့(ကယုချောင်း)မှ ရခိုင်ပန်းထိမ် ဆရာ ဦးမောင်မောင်ချေဆိုင်တွင် အာဏာပိုင်များက လာရောက် ချိန်တွယ်ခဲ့သည်ဟု သိရသည်။

ပန်းထိမ်ဆရာ တစ်ဦးက “ စုစုပေါင်း ရွှေကျပ်ချိန် ၉၀ တိတိရှိတဲ့ အခေါက် ရွှေချောင်း (၉) ချောင်းပါ။ ဘင်္ဂလာ အရာရှိတွေက ကျွန်တော်တို့ ရွှေဆိုင်မှာ လာပြီး ချိန်တွယ်တဲ့အတွက် အလေးချိန်ကို သိရှိလိုက်ရတာ ဖြစ်ပါတယ်။ ဘင်္ဂလာ တာကာနဲ့ ဆိုရင် သိန်းပေါင်း ၃၅ သိန်းကျော်ဖိုးရှိပါတယ်။ ကြားတာက လူတိုက်တဲ့ အတွက် ခုလို ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ကြားပါတယ်။”

သူမမှာ ယမန်နေ့က ဘင်္ဂလာဒေခ်ျ့ တက်ကနက်မြို့ကနေ မောင်တောသို့ ပြန်စဉ် နတ်မြစ်ဘေးရှိ ဘီဂျီဘီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

“ဘီဂျီဘီတွေက သတင်းကြိုရထားပုံရပါတယ်။ မနေ့ ညနေ ၅း၀၀ နာရီလောက်မှာ မောင်တောကို ပြန်ဖို့ ကုန်သည်တွေ ပစ္စည်းတွေသယ်လာကြပြီးတော့ စစ်ဆေးရေးဂိတ်ကို ဖြတ်နေကြတဲ့ အချိန်မှာ ဘီဂျီဘီ အမျိုးသမီး တပ်ဖွဲ့ဝင်တွေက တခြားသူတွေကိုထက် အမဦးသန်းနုကိုပဲ တန်းရှာကြတယ်လေ။ သူ့ ခန္ဓာကိုယ်တွေကို စ ရှာကြပြီးတော့ သူယူလာတဲ့ အထုပ်အပိုး၊ ဈေးခြင်းတောင်းတွေနဲ့ လက်ဆွဲအိတ်အဆုံး ရှာဖွေကြတဲ့အခါမှာ နှစ်ထပ်ချုပ်ပြီး ၀ှက်ထားတဲ့ လက်ဆွဲအိပ်ထဲကနေ ရသွားတာဖြစ်ပါတယ်။ ရွှေချောင်းက ကိုးချောင်းဖြစ်ပါတယ်” ဟု အဆိုပါ မျက်မြင်က ပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် ရွှေတကျပ်ကို ကျပ် ၆ သိန်းနီးပါးရှိပြီး ဘင်္ဂလာဒေခ်ျ့တွင် ၅ သိန်းနီးပါးခန့်သာ ရှိသဖြင့် ဘင်္ဂလာမှ ရွှေများကို မြန်မာဘက်သို့ တရားမ၀င် သယ်ယူနေကြသည်ဟု သိရသည်။ မြန်မာရွှေတကျပ်မှာ ဘင်္ဂလာရွှေ တကျပ် အလေးချိန်ထက် အနည်းငယ်ကြီးသော်လည်း ရွှေဈေးမှာ များစွာ ကွာခြားနေသဖြင့် ဘင်္ဂလာမှ ရွှေများ မြန်မာကို တင်သွင်းရသည်မှာ တွက်ခြေကိုက်ပြီး အမြတ်များများ ရရှိကြောင်း ဒေသခံ ပန်းထိမ်ဆရာများက ပြောသည်။

ထိုသို့တရားခံ လွတ်မြောက်သွားခဲ့ခြင်းကြောင့် ဘီဂျီဘီ နယ်စပ်ဂိတ် တာဝန်ကျ တပ်ဖွဲ့ဝင်များက ယမန်နေ့တွင် တခြား ကုန်သည်များကို မြန်မာဘက်သို့ ကုန်ချခွင့် လုံးဝ ပိတ်ထား လိုက်ကြောင်း မြန်မာကုန်သည်များက ပြောသည်။

ယနေ့ နယ်စပ် ငွေလှဲလှယ်နှုန်းမှာ ဘင်္ဂလာ ၁ တာကာ မြန်မာကျပ်ငွေ ၁၁ ကျပ် ပြား ၈၀ ဖြစ်သည်။

................
Sources: Narinjara
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။