ရခိုင်ပြည် အောင်လံတော်၏ အဓိပ္ပါယ် ဖွင့်ဆိုချက်

ရခိုင်ပြည်နယ် အလံတော်၁။(က) ရခိုင်ပြည်နယ် အောင်လံကို ရှေးခေတ်ကပင် အသုံးပြုခဲ့သော အောင်လံ၏ အခြေခံ အမှတ်အသားကို မူတည်ခဲ့ကြပါသည်၊၊
( ခ ) အောင်လံအတိုင်းအတာမှာ ခေတ်အဆက်ဆက်က အသုံးပြုခဲ့သောအောင်လံသည် အလွန်ရှည်သည့် အတွက်နှင့် အခုခေတ်နှင့် ညီအောင် အသုံးပြုနိုင်ဖို့အတွက် မူလအတိုင်းအတာကိုမှီပြီးတော့ အချိုးအစားအလိုက် ပြုပြင်ခဲ့ကြပါတယ်။ မူလအတိုင်းအတာ အချိုးအစားမှာ အလျားကိုးတောင် အနံခြောက်တောင် ဖြစ်ပါတယ်။
( ဂ ) အောင်လံ၏ အရောင်အဆင်းကိုလည်း မူလရောင်စုံအတိုင်း အတည်ပြုခဲ့ကြပါတယ်။ မူလရောင်စဉ် အဆင်းမှာ အဖြူရောင်ထက်ဝက်နှင့် အနီရောင်ထက်ဝက်ဖြစ်ပါတယ်။ အပေါ်ပိုင်းထက်ဝက်မှာ အဖြူရောင်ဖြစ်ပြီးတော့ အောက်ပိုင်းထက်ဝက်မှာ အနီရောင်ဖြစ်ပါတယ်။
( ဃ ) အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အပေါ်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်သောစိတ်ဓါတ်ရှိခြင်း ၊ အမျိုးသီလနှစ်ဌါနကို စောင့်ထိန်းခြင်း ၊ ဖြူစင်ဖြောင့်မတ်သော စိတ်ရှိခြင်းနှင့် ဖြူစင်တည်ကြည် စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားရှိခြင်းများ ဖြစ်ပါတယ်။ အနီရောင်၏ သဘောမှာ ရဲရင့်တည်ကြည်ရေသတ္တိနဲ့ ခိုင်ခံ့တည်ကြည်ရေ ဇာတိသွေး ၊ ဇာတိမာန်ရှိခြင်းတွေကို အဓိပ္ပါယ်ဖော်ဆောင်ပါတယ်။
ရခိုင်ပြည်နယ် အလံတော်

၂ ။ ရခိုင်ပြည်နယ်တံဆိပ်
ရခိုင်လူမျိုးတွေသုံးစွဲခဲ့သောဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြေခံဖော်ပြ ထားပါတယ်။ ဝေသာလီခေတ် ရခိုင်းဒင်္ဂါးဂို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးများ၏ ပေါ်လွင်ထင်ရှားရေ အနုပညာဓနဥစ္စာကြွယ်ဝခြင်း နဲ့ ရှေးပဝေသဏီကပင် ယဉ်ကျေးမှုထွန်းကား ခဲ့တယ်ဆိုတာကိုရည်ညွှန်းဖော်ထုတ် လို၍ဖြစ်ပါတယ် ။ ယင်းဝေသာလီခေတ် ဒင်္ဂါးကို သဇင်ပန်းခွေ နှစ်ခက်ဖြင့် ခြံရံထားပါတယ်။

၃ ။ ( က ) သဇင်ပန်း ခွေနှစ်ခက်
ရခိုင်ပြည်နယ်တွင် သဇင်ပန်းသည် ပြည်နယ်၏အဓိက မြင့်မြတ်ဖြူစင်သော ပန်းမျိုးဖြစ်ပါတယ်။ ယင်းပန်းကို အမှီပြု၍ အမြင့် အမြတ်စကားလုံးတို့ကိုသုံးစွဲရာမှာ သဇင်ပန်းကို ဥပမာပြုပြီးတော့ တင်စားသုံးစွဲခဲ့ကြပါတယ်။ သဇင်ပန်းကို ရခိုင်တို့က   (သန့်စင်)ပန်း လို့ခေါ်ကြပါတယ် ။ သန့်လည်း သန့်ရှင်းသလို ဖြူလည်း ဖြူစင်ပါတယ်။ သန့်ရှင်းဖြူစင်ရေ ယုံတင်မက ရှိရပါသေးတယ်။ ပွင့်ဖတ်အလယ်မှာ ဝါဝင်းပြီးတော့ ရွှေရောင်ရှိသောဝတ်ဆံနှစ်ဆံလည်း ရှိပါတယ်။ မွှေးလည်း မွှေးကြိုင်ပြီးတော့ မြင့်မြတ်သော သစ်ပင်ကြီးများ၏ အပေါ်၌သာ ပေါက်ရောက်တတ်ပါတယ်။ ဖြူစင်သော သီလရောင် ဝါဝင်းသော ဝတ်ဆံအရောင်တွေမှာ ဗုဒ္ဒ၏ သင်္ကန်းရောင်ကို ဆောင်နေပါတယ် ။ ယင်းကြောင့် အမြတ်ဆုံးပန်းလို့ တင်စား သမုတ်ခဲ့ကြပါတယ်။ ယင်းကိုအစွဲပြု၍ ဘုရားပေါင်းချုပ်၏ သင်္ကေတ အခေါ်အဝေါ်ကဗျာတွင် ( သဇင်ပန်းခိုင် တမြိုင်မြိုင် ၊ ရခိုင်ဘုရားပေါင်း ) ဟူ၍ ဖွဲ့ဆိုခဲ့ကြပါတယ်။ သဇင်ပန်းတစ်ခက်၏ တစ်ဘက်စီတွင် ပါရှိတဲ့ ( ၈ ) ပွင့်နဲ့ ထိပ်ပေါ်က တစ်ပွင့် ပေါင်းလိုက်ရင် ( ၉ ) ပွင့်ဖြစ်ပါတယ်။ ကျန်တဘက်မှာလည်း (၈) ပွင့်နဲ့ ထိပ်ပေါ်က တစ်ပွင့် ပေါင်းလိုက်ရင် ( ၉ ) ပွင့်ဖြစ်သွားပါတယ် ။ ထိပ်ပေါ်၌ရှိတဲ့ အပွင့်ရယ် နှစ်ဘက်လုံးနဲ့ ဆိုင်ပါတယ် ။ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းစေရန်ကိုးနဝင်း ကြေတဲ့လက္ခဏာကို ဖော်ပြထားပါတယ်။ ဖော်ပြပါ သဇင်ပန်းခက် တစ်ခက်စီမှာ အပွင့်ငယ် လက်ဝဲမှ ( ၈ ) လင်္ကျာမှ ( ၈ ) ပွင့်ဆံရိုးတံကို မှီ၍ ရှိနေကြပါတယ် ။ ထိပ်ပေါ်က တစ်ပွင့်နဲ့ပေါင်းလိုက်ရင် ( ၁၇ ) ပွင့်ဖြစ်၍ ရခိုင်ပြည်နယ် ( ၁၇ ) မြို့နယ်ကို ဖော်ဆောင်နေပါတယ် ။

( ခ ) ဗိန္ဒုပြောက်များ
ဝေသာလီဒင်္ဂါး၏ အပြင်ဘက်စက်ဝိုင်းတွင် ဖော်ပြထားတဲ့ ဗိန္ဒုပြောက်များမှာ ကနက္ကဒါန်ထီးဝိုင်း၏ ပုံသဏ္ဍာန်ဖြစ်ပါတယ် ။ ဝေသာလီဒင်္ဂါးများတွင် ပါရှိတဲ့ဗိန္ဒုများမှာ အရေအတွက်အားဖြင့် လုံးရေ ( ၂၀ ) ပါရှိတဲ့ ဒင်္ဂါး အမျိုးအစားရှိသကဲ့သို့  လုံးရေ ( ၂၀ ) ပိုမိုပါရှိသော ဒင်္ဂါးများလည်း ရှိကြောင်းတွေ့ ရပါတယ် ။ သို့သော်လည်း အခုသတ်မှတ်ထားတဲ့ ရခိုင်ပြည်နယ်တံဆိပ်ပါ ဗိန္ဒုပြောက်များ၏ အရေအတွက် လုံးရေ ( ၂၀ ) လို့သတ်မှတ် ထားပါတယ် ။ ယင်းသို့သတ်မှတ်ရခြင်းမှာ တံဆိပ်အလှအပနဲ ရှေးရခိုင်မင်းများ၏ အဓိက ကျင့်ဝတ်များဖြစ်တဲ့ မင်းကျင့်တရား ဆယ်ပါး ၊ နာယက ဂုဏ်ခြောက်ပါး ၊ သင်္ဂဟတရား လေးပါး တွေကို ဖော်လွင်စေရန် ရည်ညွှန်းထားခြင်း ဖြစ်ပါတယ်။
( ဂ ) သီရိဝစ္ဆ
သီရိဝစ္ဆမှာ သဇင်ပန်းခွေ အလယ်တွင် ရှိပါတယ် ။ ၎င်းသည် ဝေသာလီ စန္ဒြားမင်းတို့၏ ဒင်္ဂါးတွင် ခတ်နှိပ်သုံးစွဲခဲ့သော ပုံဖြစ်ပါတယ်။ ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင် မုတ်တန်ကဲများ ၊ ဘုရားတန်ဆောင်း မုတ်တန်ကဲများ၊ တံခါး မုတ်စီ များတို့တွင် အမြဲသုံးစွဲခဲ့ကြပါတယ်။ သီရိဝစ္ဆမှာ ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့  ပြည့်စုံသည်ဟု အဓိပ္ပါယ်ရပါတယ်။ ယင်းအထဲတွင် သင်္ကေတ အများကြီးပါရှိပါတယ်လို့ သိရပါတယ်။

( ဃ ) နေနဲ့လ
နေနဲ့လ တို့မှာ ပထမဆုံး ရခိုင်ဆိုတဲ့ အမည်ကို ခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့ကြသောမင်းတို့သည် နေလအမည်ရှိရေ ဘွဲ့ထူး ဂုဏ်ထူးအမည်တွေကို ခံယူခဲ့ကြပါတယ်။ သူရိယမင်းဆက် ၊ စန္ဒြားမင်းဆက် ဟူ၍ အုပ်ချုပ်ခဲ့ပါတယ်။ နေနှင့်လ တို့သည် ကမ္ဘာ၏တန်ဆာများ ဖြစ်ကြသည့်အလျောက် အအေး နဲ့ အပူ ၊ အလင်း နဲ့ အမှောင် ၊ အကျိုး နဲ့ အပြစ် တွေကို ထင်ရှားစေနိုင်ရေ သတ္တိရှိကြပါတယ်။ နေမင်း နဲ့တူသောအကျင့် ၊ လမင်း နဲ့တူသောအကျင့်တွေ ရှိကြပါတယ်။ ယင်းနည်းတူ မင်းနှင့်တကွ ပြည်သူများလည်း သစ္စာတရား တည်ကြရမည်။ ယဉ်ကျေးမှုအနုပညာ၊ စီးပွါးရေး အခြေအနေနဲ့ အမျိုးသားများ လက္ခဏာကို ဖော်ညွှန်းထားပါတယ်။ နေသည် ကမ္ဘာမြေပြင်ပေါ်ရှိ လူသတ္တဝါတွေကို အလင်းရောင်ပေးသည်။ လ သည် အေးမြကြည်လင်ရေ သာယာမှုတွေကို ဒေသဌာနမရွေး ၊ ပုဂ္ဂိုလ်မရွေး မျှတသော အလင်းရောင် တွေကိုပေးတတ်ပါသည်။ လူသားသတ္တဝါတွေအပေါ်မှာ အေးမြကြည်လင်သော သစ္စာတရား ရှိတာကို ဖော်ညွှန်းထားခြင်း ဖြစ်ပါသည် ။

( င ) လက်ဝဲရစ် ခရုသင်း နဲ့  လက်ယာရစ် ခရုသင်း
တိုင်းပြည်ကို အုပ်ချုပ်သောဘုရင်များ ဘိသိက်ခံရာ၌ လက်ဝဲ နှင့် လက်ယာ ခရုသင်း တို့ဖြင့် သစ္စာရေစင် ဖြန်းရပါသည်။ ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သား အပေါင်းတို့အား သစ္စာ ၊ သီလ ၊ သမာဓိ တရား နဲ့ တရားသဖြင့် အုပ်ချုပ် အုပ်ထိန်းနိုင်ပါစေ။ တိုင်းသူပြည်သားများကလည်း သစ္စာ ၊ သီလ ၊ ဓမ္မ ရှိကြပါစေဟူသော သရုပ်ကိုဖော်ဆောင်ပါသည်။
( စ ) စိန်တောင်
စိန်တောင်သည် အလယ်ဗဟိုတည့်တည့်တွင် မဏ္ဍိုင်အဖြစ် မားမားမတ်မတ် ဖြောင့်တန်းစွာ ရပ်တည်ထားပါသည် ။ ဖော်ပြခဲ့သောသစ္စာ ၊ ဓမ္မတရား တို့သည် မင်းနှင့်တကွ ပြည်သူတို့အား တည့်တည့်မတ်မတ် အုပ်ချုပ်ခြင်း ၊ ခံယူလိုက်နာခြင်း လက္ခဏာကို ဖော်ပြထားပါသည် ။
( ဆ )စိန်တောင်အောက်ခံ
စိန်တောင်အောက်ခံမှာ လခြမ်းသဏ္ဍာန် ဖြစ်ပြီး စိန်တောင်အား မတိမ်းမစောင်း ဖြောင့်မတ်တည်ရှိနိုင်ရန် မယိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုလုပ်ထားခြင်း သဘောကို သရုပ်ဆောင်ပါသည် ။
( ဇ ) ရွေးလုံး ( ၇ ) လုံး ( ဗန္ဒု )
ရခိုင်တို့သည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်သည့် လူမျိုးများ ဖြစ်ကြပါသည် ။ ကြတ္တိကာ နက္ခတ်သည် စပါးပင် ၊ မြေများ၏ လက္ခဏာကိုဆောင်သည် ( တချို့ကျမ်း၌ ကြယ်ခုနစ်ကောင် ဟုဆိုသည် ) ကြတ္တိကာ နက္ခတကိုမှီး၍ ထွန်ယက်ခြင်း ၊ စိုက်ပျိုးခြင်း ၊ ရိတ်သိမ်းခြင်းများကို ပြုလုပ်ကြပါသည်။ ရခိုင်ပြည်နယ်သည် ကြတ္တိကာနက္ခတ်နှင့်လျော်ညီစွာ စပါး စိုက်ပျိုးရေးကို အဓိကပြု၍ သက်မွေးဝမ်းကျောင်း ဆောင်ရွက်ရသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ ယင်းကြောင့် ရခိုင်ပြည်နယ်၏ အသက်သွေးကြောဖြစ်သော စီးပွါးရေးနှင့် စိုက်ပျိုးရေး လက္ခဏာသဘောကို ဆောင်ထားခြင်းဖြစ်ပါသည် ။
( ဈ ) ခြူပန်း
ခြူပန်းသည် အမြင့်မြတ်ဆုံးသော ပန်းတစ်မျိုးတွင် ပါဝင်သည်။ ခြူပန်းမှာ အပင်မှ ပွင့်သော ပန်းမဟုတ်ပေ။ ခြူကောင် ဟူသော သတ္တဝါတမျိုး၏ ခန္ဓာကိုယ်မှ ပေါက်ရောက်နိုင်သော အမွှေးအမျှင်တို့၏ ပုံသဏ္ဍန်တွင် အခွေခွေ လိပ်လိပ် ဖြစ်ပေါ်နေခြင်းကို သရုပ်ဖော်၍ ပန်းချီ၊ ပန်းပု ဆရာတို့သည် ဘုရား ၊ စေတီ ၊ အဆောက်အဦး ၊ ပလ္လင် ၊ မုတ်တံကဲများ ၊ ထီးဆောင်၊ နန်းဆောင် စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ ၊ ပန်းခက် ၊ ပန်းခွေ ၊ ပန်းလိပ် ၊ ပန်းနွယ်များ ထုလုပ်ရာတွင် သရုပ်ဖော်၍ ထုလုပ်ခဲ့ကြပါသည်။
ပန်းခက်တို့၏ အလယ်တွင်ခြူကောင်များ ထုလုပ်ထားခြင်းကြောင့် ခြူပန်းဟူ၍ ခေါ်ပါသည် ။ ခြူကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာကို လည်းကောင်း ၊ အသီးအနှံ တွေကို လည်းကောင်း လုံးဝဖျက်ဆီးခြင်း မရှိပါ။ သူတို့ရွေ့လျားရာတွင် အမွှေးအမျှင်များ တစ်ခုနှင့်တစ်ခုထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင်မြည်ပါတယ်။ ယင်းကြောင့် ဆွဲလွဲငယ်များကို ခြူးငယ်ဟု ခေါ်ပါတယ်။
မင်္ဂလာ ရှိသော ၊ တီးသံသာသော အသံများကို သရုပ်ဆောင်ထားပါတယ်။ ၎င်းတို့သည် ကာမဆန္ဒတရား၌ တသက်လျှင်တကြိမ်သာ မှီဝဲခြင်း ရှိပါတယ်။ သူတပါး အမျိုးအနွယ်ကိုလည်း ဖျက်ဆီးခြင်း မရှိပါ။ အဗြဟ္မစရိယာ သိက္ခာပုဒ်ကို စောင့်ထိန်းခြင်း ၊ တိုင်းသူပြည်သား တို့သည်လည်း မုဒိန်းအဓမ္မ မကျူးလွန်ကြစေရန်သရုပ်ဆောင်ထားခြင်း ဖြစ်ပါတယ်။
ဤသီရိဝစ္ဆတစ်ခုလုံး၏ သဘောတရားမှာ သစ္စာ ဓမ္မရှိခြင်း၊ လယ်ယာ စိုက်ပျိုးရေး၌ စပါးသီးနှံ တိုးပွါးများစေခြင်း၊ အလင်းနှင့် အမှောင် ၊ အကျိုးနှင့် အပြစ်တရားများကို ဆင်ခြင်နိုင်စေခြင်း၊ မိမိတို့၏ရိုးရာ ဓလေ့ထုံးစံများကို စောင့်ထိန်းနိုင်ခြင်း ၊ ခေတ်နှင့်လျော်ညီအောင် တစည်းတလုံးတည်း တည်မြဲနိုင်စေခြင်း၊ ထွန်းသစ်ပေါများ တိုးတက်စေနိုင်သော သင်္ကေတ သဘောများကို သရုပ်ဖော်ဆောင်ထားခြင်း ဖြစ်ပါတယ်။
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။