မအီချောင်း စက်တော်ရာနှစ်ဆူ၏ သမိုင်းအကျည်း

မအီချောင်း စက်တော်ရာနှစ်ဆူ၏ သမိုင်းအကျည်း

ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ဘုရားအဖြစ်သို့ရောက်ရှိကာ မဟာသက္ကရာဇ် ၁၂၃၊ ဘီစီ ၅၅၄ တွင် ဓညဝတီရခိုင်ပြည်သို့ ရဟန္တာ(၅၀၀)ဖြင့် ဒသစာရီကြွတော် 
မူခဲ့ပါသည်။ ဓညဝတီပြည်ရှင် စန္ဒသူရိယမင်း၏ လျှောက်ထားတောင်းပန်မှုကြောင့် ကိုယ်စားဆင်းတုတော် မဟာမြတ်မုနိကို ဘုရားရှင်ကိုယ်တော်တိုင် ရင်ငွေ့ခုနှစ်အုပ်သွင်းကာ သွန်းလုပ်ပူဇော် ခွင့်ပြုတော်မူပြီးသော် တောင်စဉ်ခုနှစ်ခရိုင်ခရီးကို ဆက်လက်၍ဒေသစာရီကြွတော်မူခဲ့ပါသည်။

မအီ၊ အမ်း၊ မန်း မြစ်သုံးစင်းစီးဆင်းရာ တြိနဒီတောင်(မြင်မတိန်တောင်)သို့ ဘုရားရှင်ရောက်ရှိတော် မူသောအခါ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ၏  လျှောက်ထားတောင်းပန်မှုကြောင့်  ဘုရားရှင်သည် ဤဒေသ၌ နုစဉ်ဘဝက ဖြစ်တော်ပေါင်းများစွာကို ဟောပြောတော်မူပြီး  “ဤတောင်ခြေရင်း မအီမြစ်ကမ်းဘေးဝယ် နောင်အခါ၌ မြို့ငယ်တစ်ခုတည်၍ မဟီ(မအီ)မြို့ဟုတွင်လတ္တံ့”ဟု အစချီ၍ ဤဒေသ၌ဘုရားရှင်၏ဓာတ်တော်မွေတော် များကိန်းဝပ်မည်ဖြစ်ကြောင်း ဗျာဒိတ်ပေးတော်မူခဲ့ပါသည်။ ထိုမှာတဖန် မဟီချောင်းဖျားရှိ နာဠာဂီရိတောင်သို့ ကြွတော်မူပြီး တြိသေလမည်သော ဆင့်တင်တောင်
 ကျောက်ဆောင်တွင် ဆင်မင်းဘဝကညီတော်ဖြစ်ခဲ့ဖူးသော အညာတောင်ရွာသား မုဆိုးကြီး ဦးစံလှအား တရားဟောတော်မူကာ ဘုရားရှင်က “ငါသည် ဤမဟီမြစ်အရပ်၌ မဟာဝိဟိကမည်သော ဆင်မင်းဖြစ်ခဲ့စဉ်က မုဆိုးကြီးစံလှမှာ စူဠဝိဟိက ညီတော်ဆင်ငယ်အဖြစ် ဤအရပ်၌ကျင်လည်ခဲ့ 
ဖူးကြောင်းနှင့်ငါဘုရားသည် မဟီဖြစ်အတွင်းရှိ မဏိသေလရေအိုင်၌လည်း မဏိသေလနဂါးမင်း အဖြစ်ကျင်လည်ခဲ့ဖူးလေပြီ”ဟု မိန့်ကြားကာ တရားဆုံးမလေရာ  မုဆိုးလည်းအကျွတ်တရားရခဲ့လေသည်။

ထိုအခါ မုဆိုးဦးစံလှ၏ လျှောက်ထားတောင်းပန်မှုကြောင့် ငါးထောင်သာသနာ ရှည်မြင့်ကြာအောင် လူ၊ နတ်၊ နဂါး၊ သိကြား၊ ဗြဟ္မာ၊ သတ္တဝါတို့၏ အကျိုးကိုမျှော်ပြီး မုဆိုးကြီးအား တရားပြ၍ ဆုံးမတော်မူရာဒေသဖြစ်သောနာဠာဂီရိတောင်ရှိ တြိသေလမည်သော ဆင့်တင်ကျောက်ဆောင်ပေါ်တွင် လက်ဝဲ(ပါဒ) ခြေတော်ရာကိုလည်းကောင်း၊ မဏိသေလ နဂါးမင်းမြင်ခဲ့ဖူးသော မဏိသေလရေအိုင်အတွင်းရှိ မဏိသေလကျောက်ဆောင်ပေါ်တွင်လက်ျာ(ပါဒ) ခြေတော်ရာကိုလည်းကောင်း ချပေးတော်မူလေသည်။ ထိုအခါ ကမ္ဘာမြေကြီးသည် အိုးထိမ်းစက်ကဲ့သို့ သွက်သွက်ခါမျှ တုန်လှုပ်လေသည်။

မုဆိုးလည်း ဘုရားရှင်၏ ဂုဏ်တော်တို့ကို အာရုံပြုလျှက် ခုနှစ်ရက်တိုင်တိုင် ပူဇော်ပြီးမှ ရွာသို့ပြန်လေသည်။ မုဆိုး၏ပြောပြချက်အရ မင်းနှင့်တကွသော ပြည်သူတို့သည် ဘုရားဖူးသွားရောက်ကြကာ မုးဆိုးနှင့်မိသားစုဝင်များလည်း ခြေစက်တော်ရာအနီးတွင် ရဟန်းပြု၍ တရားအားထုတ်ကာ တရားထူးရ၍ ကျွတ်တန်းဝင်ကြလေ၏။

ဤသို့ဖြင့် ဓညဝတီခေတ်၊ ဝေသာခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်တိုင်အောင်စည်ကားသိုက်မြိုက်စွာ ပူဇော်မပျက်ရှိခဲ့ပြီး နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်ခဲ့ရာမှ (၁၉)ရာအစောပိုင်းတွင် ရေကြည်ရာမြက်နု ရာလှည့်လည်သွားလာ၍ နေထိုင်ကြသောလူမျိုးတစ်စုတို့သည် ခြေတော်ရာနှစ်ဆူကိုတွေ့ရှိပြီး
 ခြေတော်ရာများ၏ ထူခြားသော တန်းခိုးများကိုမြင်တွေ့ရ၍ နတ်ခိုးကြီးနတ်ခြေရာဟု အယူမှားကာယစ်ပူဇော်ခြင်းစသော မဖွယ်မရာပြုမူကြကုန်သည်သာမက ဘုရားရှင်ခြေတော်ရာများကိုပင် ထွင်းဖောက်၍ သိုက်တူးကြကုန်သည်ဖြစ်၍  ကပ်ရောဂါများကျရောက်ာ မျိုးပြုတ်သည်အထိ ကြမ္မာဆိုးနှင့်ကြုံတွေ့ခဲ့ရသော သာဓကများရှိခဲ့သည်။

ဤသို့ဖြင့် ဘုရားရှင်၏ခြေတော်ရာများ တိမ်မြုပ်ပျောက်ကွယ်နေခဲ့ရာမှ မအီချောင်း(ပါဒ) စက်တော်ရာနှစ်ဆူ၏ ဘုရားသမိုင်းကိုလေ့လာ ဖတ်ရှုခွင့်ရသူ ရန်ကုန်မြို့၊ အောင်မင်္ဂလာလမ်း၊ အမှတ် (၄၂)၊ ရွှေမြိုကတော်ပုံနှိပ်တိုက်နှင့်ဝိဇယစာအုပ်တိုက်ပိုင်ရှင် ကျောင်းဆရာကြီးဟောင်း ဦးစိုင်းလှိုင်၏ အကြိမ်ကြိမ်လျှောက်ထားတောင်းပန်မှုကြောင့် ရန်ကုန်မြို့၊ အောင်မင်္ဂလာလမ်း၊ ကျောက်မြောင်းရပ်ရှိ၊ မင်္ဂလသုခပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော်ဘန္ဒန္တအရိယဝံသ ဆရာတော်ကိုယ်တိုင် မအီချောင်းရှိ (ပါဒ) စက်တော်ရာနှစ်ဆူကို ရှာဖွေခဲ့ပါသည်။ ၁၃၂၉ ခု၊ တပေါင်းလဆုပ် (၁၀)ရက် (၂၃-၃-၆၈) ရက်နေ့တွင် ဆရာတော်သည် ရှင်ဝဏ္ဏ၊ အညှင်းတောင်ရွာသားများ ဖြစ်ကြသော ဦးဘသန်း၊ မောင်စောသာ၊ မောင်ညီချစ်၊ မောင်ဘအေးတို့နှင့်အတူ ဗုဒ္ဓဘုရားရှင်၏ ပါဒစက်တော်ရာနှစ်ဆူကို တွေ့ရှိခဲ့လေသည်။

၁၃၃၀ ခုနှစ်၊ တပေါင်းလဆုပ် (၁၁) ရက်၊ (၁၃-၃-၆၉) ရက်နေ့တွင် ဦးစိုးလှိုင် အပါအဝင် ဆရာတော် ဘန္ဒန္တအရိယဝ့သနှင့် ရဟန်း (၁၂) ပါး၊ လူ (၄၀၀) ကျော်တို့သည် မအီ၊ လက်ပန်၊ အညှင်းတောင်မှတစ်ဆင့် ဘုရားဖူးသွားရောက် နိုင်ခဲ့ကြသော်လည်း နောက်ပိုင်းကာလများတွင် တိုင်းရေးပြည်ရွာမငြိမ်သက်မှု များကြောင့်လည်းကောင်း၊သာရဲတိရိစ္ဆာန်တို့၏  ဘေးရန်ကြောင့်လည်းကောင်း လမ်းခရီးကြမ်းတမ်း၍ သွားရောက်ဖူးမျှော်ရန် ခက်ခဲ့၍လည်းကောင်း၊ ဘုရားဖူးသွားရောက်နိုင်ခြင်းမရှိတော့ဘဲ မအီချောင်း စက်ရောနှစ်ဆူမှာ တိမ်မြုပ်နေခဲ့ရပြီး ရံဖန်ရံခါ၌သာ တရားထူးရှာသောရဟန်းများနှင့် ပုဂ္ဂိုလ်ထူးများ တရားအားထုတ်ရန် ရောက်ရှိနိုင်ခဲ့ကြလေသည်။ ယခုအခါ ဘုရားရှင်၏ ဗျာဒိတ်တော်အတိုင်း မအီမြို့ဟူ၍ မြို့ငယ်တစ်မြို့လည်း စက်တော်ရာအနီးတွင် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ ကားလမ်းမကြီးများလည်း ကွန်ယက်သဖွယ် ပြည်နယ် ပြည်မဖောက်လုပ်ပြီးစီးပြီဖြစ်ရုံသာမက ယခင်ကခရီးလမ်းဝေးကွာ
ကြမ်းတမ်း၍ လူသူအရောက်ပေါက်နည်းခဲ့ကာ တိမ်မြုပ်နေခဲ့သော ဘုရားရှင်၏ ပါဒစက်တော်ရာနှစ်ဆူရှိရာ “အရာတော်ဒေသ”သို့ ပဋ္ဌာန်းဆက်ရှိသူ ပုဂ္ဂိုလ်ထူးတို့က ကားလမ်းဖောက်လုပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ သိုပါ၍ ဗုဒ္ဓဘုရားရှင်၏ပါဒစက်တော်ရာနှစ်ဆူအား ဦးဦးဖျားဖျား ဖူးမျှော်ကြညိုခွင့်ရကြပြီဖြစ်၍ ဘုရားဖူးသွားရောက်နိုင်ကြပြီဖြစ်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

မအီချောင်းစက်တော်ရာနှစ်ဆူ၏ထူးခြားမှုများ


>>ကမ္ဘာပေါ်ရှိ သမိုင်းဝင်(၁၂) ဆူသော စက်တော်ရာများထဲတွင် (၁)ဆူတည်းသာရှိသောဘုရားရှင်၏     လက်ျာခြေတော်ရာကိုပါဖူးတွေ့နိုင်ခြင်း၊
>>လူသူအရောက်ပေါက်နည်းကာ ဆိတ်ငြိမ်အေးချမ်းသော အရပ်ဒေသတွင်ရှိ၍ မူလအတိုင်းဖူးတွေ့နိုင်ပြီး တစ်ကြိမ်ရောက်လျှင် နောက်တစ်ကြိမ်ဖူးမျှော်လိုသည့် စိတ်ဆန္ဒများ ဖြစ်ပေါ်လာစေခြင်း၊
>>လူခြေတိတ်ဆိတ်သော အခါကြီးနေ့ကြီး လပြည့်နေ့ညများတွင် ဂဠုန်၊ နဂါး၊ သိကြား၊ ဗြဟ္မာ၊ နတ်ဒေဝါဟု ယူဆရသော ရောင်ဝါထွန်းလင်းသည့်ပုဂ္ဂိုလ်ထူးတို့ကို မြင်တွေ့ရတတ်ခြင်း၊
>>တပေါင်း၊ တန်ခူး၊ ကဆုန် လများ၏ လပြည့်နေ့ညရောက်ခါနီးညများတွင် ခြေတော်ရာတည်ရှိရာဒေသမှ ရောင်ခြည်တော်တို့သည် အရပ်(၁၀) မိုင်အကွာ အဝေးရှိတောင်ပေါ် ယာတဲများမှပင် ဖူးတွေ့နိုင်ခြင်း၊
>>စက်တော်ရာအနီးတွင် တွေ့ရတတ်သော ကျေးငှက်၊ တိရိစ္ဆာန်နှင့်ငါးများကို အန္တရာယ်ပြုမိပါက ဘေးဒုက္ခနှင့်လက်ငင်းကြုံတွေ့ရတတ်ခြင်း၊
>>စက်တော်ရာ နှစ်ဆူကို မှားယွင်းသော အယူအဆတို့မှ ယစ်ပူဇော်သောဓလေ့ရှိခဲ့ရာတွင် စိတ်မချမ်းမြေ့ဖွယ် ဆိုးရွားသောကပ်ရောဂါများကျရောက်၍ လူမျိုးနွယ်တစ်စုမျိုးတုံးပျောက်ကွယ်ခဲ့ဖူးသည်၊
>>မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်နေရာဖြစ်၍ မြင့်မြတ်သောနေရာဖြစ်ခြင်း၊
>>ဘီစီ(၆)ရာစုတွင် ဘုရားရှင်ကိုယ်တိုင်ကြွရောက်၍ ချထားပေးခဲ့သော(ပါဒ) စက်တော်ရာများဖြစ်ကာ တတိယဓညဝတီခေတ်နှင့် ဝေသာလီခေတ်များတွင် များစွာစည်ကား၍ လူအများဖူးမျှော်ခဲ့ကြခြင်း၊
>>ပျောက်ကွယ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး ယခုနှစ်မှပင်လမ်းခရီးပေါက်၍ ဖူးမျှောကြည်ညိုခွင့်ကြုံကြိုက်ခြင်း၊
>>ဗုဒ္ဓစက်တော်ရာကို ဖူးမျှော်ရခြင်းဖြင့် လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကျေးဇူးများကို ယခုဘဝမှာပင် ရရှိခံစားနိုင်ခြင်း
တို့ဖြစ်ကြပါသည်။

မအီချောင်းစက်တော်ရာသို့ ဘယ်လိုသွားရောက်နိုင်သလဲ


မအီမြို့မှ မအီ-အမ်း ကားလမ်းအတိုင်း---
မအီ- စနဲကျေးရွာသို့                                         (၇)မိုင်
စနဲကျေးရွာမှ စက်တော်ရာသို့                              (၉)မိုင် (၄)ဖာလုံ
မအီ-စနဲ စက်တော်ရာသို့                                    (၁၆) မိုင် (၄)ဖာလုံ
ကျောက်ဖြူ-မအီ- စနဲ- စက်တော်ရာသို့                  (၉၂) မိုင် (၄) ဖာလုံ
တောင်ကုန်- မအီ- စနဲ- စက်တော်ရာသို့                 (၅၉) မိုင် (၆) ဖာလုံ
အမ်း- စနဲ- စက်တော်ရာသို့                                 (၅၁) မိုင် (၄) ဖာလုံ

မှတ်ချက်။  ။ မအီ-စနဲကျေးရွာမှ (၃)မိုင် (၂)ဖာလုံ ခရိးထိသာ ကားကြီးများ သွားရောက်နိုင်ပြီး (၃)မိုင် (၂) ဖာလုံမှ (၄) မိုင် (၂) ဖာလုံထိ (၁) မိုင်ခရီးမှာ ပေ (၁၁၀၀)မြင့်သော တောင်တက်ခရီးဖြစ်၍ ကားငယ်များသာသွားလာနိုင်ပါသည်။ (၄) မိုင် (၂) ဖာလုံမှ (၉)မိုင် (၄) ဖာလုံထိခရီး မိုင်(၅) မိုင် (၂) ဖာလုံကွားဝေးပြီး အများအားဖြင့် တောင်ဆင်းလမ်းဖြစ်ပါသည်။ စနဲကျေးရွာမှ (၃)မိုင် (၂) ဖာလုံ ခရီးကို ကားဖြင့်သွားပြီး တောင်တက်ခရီးကို ခြေလျင်ကားလမ်းမအတိုင်း  သွားလျှင် (၆) မိုင် (၂) ဖာလုံ ခရီးအကွာဖြစ်ပါသည်။ လူသွားလမ်းအတိုင်း (၅) မိုင် ခရီးကွာဝေးပါသည်။ (ဖြတ်လမ်း) လက်ပန်ရွာမှ ခြေလျင်ခရီးသွားမည်ဆိုလျှင် (၁၄) မိုင်ခန့်ရှိပါသည်။

(၂၀၁၁ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့၊ ဦးဇော်ဝင်းမြင့်နှင့် ဇနီး ဒေါ်စုစုလွင် တို့မှဖြန့်ဝေ ဓမ္မဒါနပြုသော လက်ကမ်းစာစောင်မှ ကူးယူဖော်ပြအပ်ပါသည်။
ဒီလက်ကမ်းစာစောင်အား လက်ဆောင်ပေးလိုက်သော အစ်မကြီး မအေးအေးမြင့် (တောင်ရင်း) အား အထူးကျေးဇူးတင်ပါသည်။)
...............
ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။