ပြည်ထောင်စုကြီးမပြိုကွဲပါ ရခိုင်မုန့်တီလုပ်စားနေခြင်းသာဖြစ်ပါသည်။

    ပြည်ထောင်စုကြီးမပြိုကွဲပါ ရခိုင်မုန့်တီလုပ်စားနေခြင်းသာဖြစ်ပါသည်။

တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံအား တိုင်းတစ်ပါးမှ မတရားဝင်ရောက်ကျူးကျော်ခြင်းကို လူသားပီပီ အကျွန်ပ်တို့ ကန့်ကွက်ကြပေသည်။ ငယ်ရွှယ်စဉ်အခါက သဲအိမ်ဆောက်လျက် ရခိုင့်ကမ်းခြေပေါ်တွင်ကျွန်တော် ကလေးသူငယ်ပီပီကစားဖူးပါသည်။ ကျွန်တော်မြတ်နိုးသော ကျွန်တော်ချစ်သော ထိုသဲအိမ်ငယ်လေးများအား ငယ်သူငယ်ချင်းများက ခြေထောက်နှင့်ကန်ဖျက်စီးသည့်အခါ ကျွန်တော် အလွန်ပင်ဒေါသထွက်ဖူးပါသည်။ အားမတန်သောကြောင့်မှန်လျော့ရလျှင် ငိုယိုမြည်တီးလျက် အနီးအနားတွင်တွေ့သည့်အရာဖြင့်ပစ်ပေါက်တတ်သောကြောင့် အမေ၊အဖေအဆူးခံဖူးသည်။

“ မင်းတို့ရခိုင်တွေ ပြည်ထောင်စုကြီးပြိုကွဲအောင်လုပ်နေတယ်၊ မြန်မာတွေကို ရခိုင်တွေ တော်တော်မုန်းတာဘဲနော်၊ မင်းတို့ ရခိုင်တွေ အရမ်းမျိုးချစ်တာဘဲ၊ မင်းတို့ ရခိုင်တွေ အရက်ကြိုက်တယ်နော်၊ ရခိုင်တွေတော်တယ်ဟ၊ ရခိုင်တွေ တော်တော်ဆိုးတဲ့ကောင်းတယ်ဘဲ၊ မှုးပြီးကော်ဆဲနေပြန်ပြီ၊ ရခိုင်တွေဘာသာရေးတော်တော်ကိုင်းရှိုင်းတယ်နော်…၊ ရခိုင်နဲ့မြွေပွေးတွေ့ရင် ရခိုင်အယင်သတ်ဆိုတာက …၊ ရခိုင်တွေရိုးသားပွင့်လင့်တာကြိုက်တယ်၊ မင်းတို့ရခိုင်တွေက မြန်မာနိုင်ငံမှာ လူတန်းစားအသေးလေးတွေပါ၊ ရခိုင်တွေသမိုင်းကြီးတယ်နော်..၊ ရခိုင်တွေ အမျိုးစစ်တယ်နော်၊ စစ်တွေပြန်ပြီး ရခိုင်မလေး ပြန်ယူမှာလား” ….

စသဖြင့် စသဖြင့် ရခိုင်သားပီပီ ရခိုင်လူမျိုးနှင့်ပတ်သတ်သောထင်မြင်ချက်များ ကျွန်တော်နားမဆန့်အောင်ကြားလာခဲ့ပြီ၊ ဆက်လဲကြားနေရသည်။ နောင်လဲကြားနေရအုံးမည်။ ကျွန်တော်သည် ရန်ကုန်မြို့သို့ ၁၉၉၉ ခုနှစ်တွင် စရောက်ခဲ့ပြီး မြန်မာအသိုင်းအ၀ိုင်းကြားတွင်ကျင်လည်ဖူးပါသည်။ ကျွန်တော်မြန်မာသီချင်းကြိုက်သည်၊ မြန်မာအစားအစာကြိုက်သည်။ မြန်မာရုပ်သျှင်မင်းသားထဲတွင် ကျော်ဟိန်း၊ ကျော်သူကြိုက်သည်။ အဆိုတော်ထဲတွင် တွံတေးသိန်းတန်၊ရင်ဂို၊ဂရေဟမ် အစရှိသောသူများကိုကြိုက်ပါသည်။ ဒဂုံသကသိုလ်တွင် စီးပွား၊စီမံအထူးပြုဖြင့် အလုပ်တစ်ဘက်ဖြင့်ကျောင်းတက်ရင်း အင်္ဂလိပ်စာကို အချိန်ပိုတွင်သင်ယူခဲ့သည်။ ကျွန်တော့်ဘ၀ သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာများထဲတွင် မြန်မာလူမျိုးတ၀ှက်ခန့်ပါသည်။ ကျွန်တော့်ကို ရခိုင်တပည့်လေးဟုဆိုခါ အလွန်ချစ်သော မြန်မာဆရာမများရှိသည်။ စကော်တလန်နိုင်ငံ Aberdeen မှ စကော်လာမရခင် ၂၀၀၅ ခုနှစ်ထိကျွန်တော်ဘ၀ကို ရန်ကုန်မြို့တွင်ကျင်လည်ဖူးပါသည်။

ကျွန်တော်နှင့်သမိုင်းပထမဆုံအကြိမ်ဖြစ်ဆက်စပ်ရာတွင် ရခိုင်ဘုရင် မင်းဘာကြီးအကြောင်းမဟုတ်ပါ၊ ရခိုင်နိုင်ငံနောက်ဆုံးမြောက်ဦးခေတ်ကိုစတည်သော မင်းစောမွန်အကြောင်းမဟုတ်ပါ၊ ဓည၀တီခေတ်မှ စန္ဒသူရိယမင်းအကြောင်းမဟုတ်ပါ၊ အနန္ဒြစိုင်းဒရားကျောက်စာအကြောင်းမဟုတ်ပါ၊ မာရယုမင်းအကြောင်းမဟုတ်ပါ။ ပုဂံခေတ်မှ ကျန်စစ်သားမင်းအကြောင်းဖြစ်ပါသည်။ အလောင်းမင်းတရားအကြောင်းဖြစ်ပါသည်။ တပင်ရွှေထီးအကြောင်းဖြစ်ပါသည်။ ဘုရင့်နောင်အကြောင်းဖြစ်ပါသည်။ ကျန်စစ်သားမင်း၏ အရိဒ္ဒမာလှံအကြောင်း၊ လက်သည်းကြားတွင်အပ်စစ်လျက်တူနှင့်ရိုက်ကာ စစ်သပ်သည့် ဘုရင့်နောင်အကြောင်းဖြစ်ပါသည်။

မွန်ဂိုများကိုတိုက်ခိုက်အောင်မြင်သော ရခိုင်သူရဲကောင်းများအကြောင်းကျွန်တော်မကြားဖူးသော်လည်း နောင်ရိုးတိုက်ပွဲအကြောင်းကျွန်တော် အလွတ်ကျမှတ်ဖူးပါသည်။ ပွဲကြည့်တောင်နားတွင်အခြေစိုက်သော ရခိုင့်ဘုရင့်ရေတပ်မတော်အကြောင်းကျွန်တော်မကြားဖူးခဲ့သော်လည်း ကနောင်မင်းသား လက်နက်စမ်းသားပုံ နှင့်မြန်မာ့ထီးနန်းအချူပ်တော်ပုံများ ဖြေဆိုဖူးခဲ့သည်။ရခိုင်ပြည်၊ ရခိုင်မြေတွင်မွေးဖွားကြီးပြင်းသောကျွန်တော်သည် မြန်မာ့သူရဲကောင်းနာမည်များကိုအလွတ်ရသည်၊ ရခိုင်ဘုရင်များ၏ရုပ်တုကြီးများကိုရခိုင်ပြည်နယ်တွင်ကျွန်နော်မမြင်ဖူးသော်လည်း မြင်းစီးလျက် စစ်သွေးတက်ကြွနေသော စစ်သူကြီးမဟာဗန္ဒူလရုပ်ထုများနှင့်ကျွန်တော်အသားကျခဲ့ဖူးသည်။

ရခိုင့်တောရပ် ရခိုင်တောတောင် ရခိုင်ချိုမြောင်ကြားတွင် ကျွန်တော်မွေးဖွားခဲ့သော် လည်းစူးစမ်းသိလိုစိတ် ပါရမီကျွန်တော်ပြင်းပြသည်။ သမိုင်းကြောင်းကိုကျွန်တော်အလွန်စိတ်ဝင်စားသည်။ ရခိုင်သမိုင်းကြောင်းကိုကျွန်တော်စိတ်ဝင်စားသည်။ မြန်မာ့သမိုင်းကြောင်းကိုကျွန်တော်စိတ်ဝင်စားသည်။ ထိုနည်းတူ ကမ္ဘာ့သမိုင်းကြောင်းကိုလဲကျွန်တော် စိတ်ဝင်စားပါသည်။
ကံ ကံ၏အကျိုးဟုဆိုရမည်လော၊ ထန်းသီးကြွီခိုက်ကျီးနားဆိုက်ဟုဆိုရမည်လော၊ စိုင်ကော်လို့ချုံပေါ်ရောက်ဟုဆိုရမည်လော မပြောပြတတ်ပါ၊ ကျွန်တော် မြန်မာပြည်မှတခြားကမ္ဘာသို့ထွက်ခွင့်ကြုံကြိုက်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ် သြဂုတ်လသည်ကျွန်တော် ယူကေနိုင်ငံမှ စကောတလန်သို့ကျွန်နော်ရောက်ရှိခဲ့ပါသည်။ လူသားများ၏လူ့တန်ဖို့ အပြန်အလှန်လေးစားလိုက်နာမှုများ၊ ဖဲ့မဆောင်ကြည်ပေးမှုများ ကျွန်တော် ခံစားမိလာသည်၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုမျာကျွန်တော်သင်ယူမိသည်။ လူအချင်းချင်းပြောဆိုဆက်ဆုံပြူမှုပုံများ ကျွန်တော်လေ့လာသုံးသပ်မိလာသည်။

စကော်တလန်နိုင်ငံသည် အင်္ဂလန်လက်အောက်တွင်နှစ်ပေါင်းများစွာကျွန်ပြုခံရပြီး၊ ရခိုင်ပြည်ကဲ့သို့ မြင့်မြတ်သောသမိုင်းကြောင်းများ၊ သူရဲကောင်း၊ ဘုရင်မင်းမြတ်များ ရှိပါသည်။ နန်းတော်များယနေ့တိုင် အထင်အရှားရှိပါသည်။
စကော့လူမျိုးများသည် အင်္ဂလိပ်များကို ကျွန်နော်တို့နိုင်ငံရှိတခြားလူမျိုးများက မြန်မာလူမျိုးများအားအစာမကြေနိုင်ကဲ့သို့သော ခံစားချက်မျိုးကျွန်တော်မခံစားမိပါ။  ( ပွင့်ပွင့်လင့်လင့်ပြောခြင်းဖြစ်သည် )

ယူကေထဲမှနေရသည်ကိုအမျိုးသားရေးပြင်းထန်သောလူနည်းစုလက်တစ်ဆုပ်စာမှလွှဲလျက်အင်္ဂလိပ်များနှင့်တန်းတူယှဉ်တွဲနေထိုင်ရသည်ကိုပျော်နေကြီပြီဟုကျွန်တော်ခံစားမိပါသည်။ ထိုသို့ဖြစ်ရသည်မှာလဲအကြောင်းများစွာရှိပါသည်။ကျွန်တော်နေထိုင်ခဲ့သော အဘာဒိန်း မြို့တွင် Bank of Scotland ဟုသော စကော့တလန်ကိုယ်စားပြုဘဏ်များနှင့် စကော့လူမျိုး၊ စကော့ယဉ်ကျေးမှု၊ စကော့ အမျိုးသားရေးဂုဏ်ကိုဖော်ကျူးသော စကော်တလန်ငွေကြေးများတရားဝင်သုံးစွဲခွင်ဟိပါသည်။ မြို့တိုင်း၊ နေရာတိုင်းလိုလိုတွင် စကောသမိုင်းနှင့်ဆက်စပ်သော သမိုင်းပြတိုက်၊ စကောသူရဲကောင်း၊ ဘုရင်မင်းမြတ်များရုပ်တုများ မားမားမတ်မတ်တွေ့ရပါသည်။ စကော့လူမျိုးများသည် မိမိတို့ identity ကိုသိကခခါရှိရှိထိန်းသိမ်းထားနိုင်သည်။ ပတ်စပို့တွင်လည်းယူကေနိုင်ငံသား Scottish စကော့တစ်လန်လူမျိုးဟု ဂုဏ်ယူဝင့်ကြွားစွာဖော်ပြခွင့်ရသည်။ ကျွန်တော့ပစ်စပို့လို ရခိုင်ပျောက်လျက်မြန်မာဖြစ်သွားစရာမလိုပါ။

ကျွန်တော်သည်ပုထုစဉ်လူသားတစ်ယောက်ပီပီလူသားများရသောအခွင့်အရေးများကိုရိုးရိုးသားသားရလိုပါသည်။
လူမျိုးတစ်စုရသောအခွင့်အရေးအားအခြားလူမျိုးတစ်စုအားလည်းရစီချင်ပါသည်။ ထိုမှသာ လူမျိုးစုများအတွင်း ဟာမိုနီနှင့်အပြန်အလှန်လေးစားဆက်ဆံမှုများတိုးတက်ဖြစ်ပေါ်ကာကျန်းမာကြိုင်ခိုင်သောသမာသမတ်ကျသော
တိုးတက်သောလူ့အဖွဲ့အစည်းတစ်ခုဖန်တီးနိုင်လိမ့်မည်ဟုယုံကြည်ပါသည်။

စကော့စစ်သူကြီးရုပ်တုများကိုကြည့်လျက် ရခိုင်ပြည်နယ်သို့ကျွန်တော်စိတ်ကူးများလွင့်ပျံခဲ့သည်။ စကော့သမိုင်းပြတိုက်မြောက်မြားစွာကိုကြည့်လျက်အဖရခိုင်သို့ကျွန်တော်အောက်မိသည်။ ကျွန်တော်ပုထုစဉ်ဖြစ်ပါသည်။ ရခိုင့်သူရဲအောင်ရုပ်ထုများရခိုင်ပြည်နယ်တွင် စိတ်ကူးဖြင့်ကျွန်တော်ထုမိသည်။ ပြတိုက်များစိတ်ကူးဖြင့်ဆောက်ဖြစ်သည်။မြန်မာ့သင်ရိုးညွှန်းတမ်းတွင်ရခိုင်သမိုင်းအကြောင်းများ၊မြန်မာသမိုင်းနှင့်ယှဉ်လျက်
ကျွန်တော်စိတ်ကူးနှင့်ပြဌာန်းမိသည်။ ကျွန်တော်စိတ်ကူးခွင့်ရှိသည်ဟုထင်ပါသည်။

ကျွန်တော်ပြည်ပတွင်နေထိုင်စဉ်ကာလအတွင်း လွတ်လပ်သောအိမ်တာနက်စာမျက်နှာများမှတဆင့်ရခိုင်အကြောင်းလေ့လာမှတ်သားမိပါသည်။ မြန်မာသူငယ်ချင်းများနှင့်လည်းအပြန်အလှန်ပွင့်ပွင့်လင့်လင့်ဆွေးနွေးဖူးပါသည်။ ပြည်ပတွင်နေထိုင်စဉ်ကာလာအတွင်း ရခိုင်လူမျိုးများ အမျိုးသားရေးလှုပ်ရှားမှုများကြားမိပါသည်။ လန်ဒန်မြန်မာသင်္ကြန်ကိုကျွန်တော်ပပျော်ပပါးပါဝင်ဆင်နွဲပါသည်။ မြန်မာသင်္ကြန်သီချင်းများကျွန်တော်တက်ဆိုသည်။ မြန်မာအစားအစာများနှိုက်နှိုက်ခြိုက်ခြိုက် ကျွန်တော်စားမိသည်။ အမိမြေမှမောင်နှမများနှင့်ဆုံတွေ့ခဲ့သည်။ ရခိုင်သံဝဲ၀ဲမြန်မာစကားပြောလာသောကျွန်တော် မြန်မာသူငယ်ချင်းများမှစကြနှောက်ကြ ပွင့်လင့်လှသည်။

ပညာသင်နေစဉ်အတွင်းပြည်ပရောက်ရခိုင်သားများရခိုင်နိုင်ငံအချုပ်အခြာအာဏာကျဆုံးနေ့ကမ္ဘာတစ်ဝှမ်းတွင်ကျပကြောင်းကျွန်တော်စတင်ကြားမိခဲ့သည်။ မြန်မာများမှပြည်ထောင်စုပြည်ကွဲအောင်ဖန်တီးသူများဟုဆိုကာအပြင်းအထန်ကန့်ကွက်ကြသည်။ ရခိုင်များစုရုံးလျက်တစ်ခုခုလုပ်ပြီဆိုလျင် ပြည်ထောင်စုပြိုကွဲအောင်ဖန်တီးနေသည်ဟုပြောဆိုကြသည်ကိုတွေ့ရသည်။ ထူးထူးခြားခြား ရခိုင်နိုင်ငံလွတ်လွပ်ရေးဆုံးရှုးမှု့အထိမ်းအမှတ်အောက်မေ့ဖွယ်အခမ်းအနားကို မြန်မာအစိုးရမှ ပြည်တွင်းတွင် ၂၀၁၁ ခုနှစ်တွင်ကျင်းပခွင့်ပေးခဲ့သည်။ ကျေးဇုတင်ပါသည်။ အောက်မေ့ဖွယ်အခမ်းအနားလုပ်ခြင်းသည် လုပ်သင့်သည့်အရာများဟု ကျွန်တော်ရိုးသားစွာထင်ပါသည်။ သို့သော်လည်လမ်းကြောင်းမှန်ဖို့အရေးကြီးပါသည်။

လွန်ခဲ့သောလအနည်းငယ်က မန္တလေးမဟာမုနိဘုရားရခိုင်ပြည်နယ်ပြန်ကြွသင့်သည့်ကိစနှင့်ပတ်သတ်လျှက် ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုမှုများကိုဝမ်းနည်းစရာတွေ့ရပါသည်။ပြန်ကြွသင့်၊မသင့်စသည့်အရာများကို အထောက်အထားအခိုင်အမာ ဓ္ဒမဌိဌန်ကျကျပြောမဆိုဘဲကျဉ်းမြောင်းသောအမျိုးသားရေ၀ါဒအခြေခံခါ ရခိုင်၊မြန်မာ ဆဲဆိုကြပါသည်။ ရခိုင့်သမိုင်းအကြောင်းရခိုင်သိထားသင့်ပါသည်။ မြန်မာသမိုင်းအကြောင်းမြန်မာများသိထားသင့်ပါသည်။ သို့သော်လည်း လူမျိုးတိုင်း၏သမိုင်းကြောင်းများအား ကျွန်တော်တို့အပြန်အလှန်လေးစားလိုက်နာဖို့အပ်ပါသည်။

ယနေ့လူအဖွဲ့အစည်းတွင်းအသင်းအဖွဲ့ကြီးများဖွဲ့လျက် အတူတွပူးပေါင်းပါဝင်လုပ်ဆောင်နေကြပါသည်။ ကမ္ဘာမြေ၏ လက်တစ်ဖါးမျှသာရှိသော မြန်မာနိုင်ငံအား တစ်စုတည်းမထားနိုင်သည်မှာ ကျွန်တော်တို့အလွန်ညံ့ပါသည်။ ငါတို့ကလူမျိုးကြီး၊မင်းတို့ကလူမျိုး အဆင့်(၁)၊ (၂) စသည့် အလုပ်မဖြစ်သောအတွေးအခေါ်များကျွန်တော်ခ၀ါချသင့်ပါသည်။

အချူပ်ဆိုရသော် ရခိုင်သမိုင်းအကြောင်းကိုရခိုင်ရေးခြင်းသည် ပြည်ထောင်စုကြီးပြိုကွဲဖို့မဟုတ်ပါ၊ ရခိုင်စကား ရခိုင်ပြောခြင်းသည်ပြည်ထောင်စုကြီမပြိုကွဲပါ။ ရခိုင်များက ရခိုင်လူမျိုးများကိုစုလျက် စတိတ်ရှိုးလုပ်ခြင်း၊ သင်္ကြန်ပွဲတော်ကျင်းပခြင်း၊ ရိုးရာယဉ်ကျေးမှုအမွှေအနှစ်များဖော်ထုတ်ခြင်းသည်လည် ပြည်ထောင်စုကြီးပြိုမကွဲပါ။ ထိုအရာများသည် ပြည်ထောင်စု၏ လှပသောအရောင်ကွဲများသာဖြစ်ပါသည်။ မြန်မာပန်ချီကားကိုရေးဆွဲရာတွင် မြန်မာအရောင်တစ်ရောင်တည်းသာသုံးလျှင်အလွန်တစ်ရာပျင်းဖို့ကောင်းပါသည်။ စိတ်ဝင်စားသူနည်းပါမည်။ ရခိုင်အရောင်၊ ကချင်အရောင်၊ချင်းအရောင်၊မွန်အရောင် ၊ရှမ်းအရောင်သဖြင်းအရောက်မျိုးစုံဖြင့်ရေးဆွဲမှ လှပသေသပ်သော၊လူကြိုက်များသော၊ထင်ပေါ်ကျော်ကြားသောပန်းချီးတစ်ချပ်အဖြစ်သို့ရောက်ရှိပါမည်။

သို့ပါသောကြေင့် ရခိုင်များစုရုံးလျက် ရခိုင်မုန့်တီလုပ်စားခြင်းသည် ပြည်ထောင်စုကြီးပြိုကွဲကြံစည်နေခြင်းမဟုတ်ကြောင်း ကျွန်တော်ထပ်လောင်းပြောလိုက်ပါသည်။ မြန်မာနိုင်ငံတိုးတက်ပါစေ။


                                                                                                                                                ချစ်ဖွယ်ဦး
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။