ကင်းခဓလေ့

ရခိုင်ပြည်နယ်တွင် လယ်သူမများသည် ကောက်စိုက်ပျိုးရာ၌ကောက်ငန်းဦးထား၍ စိုက်ပျိုးခဲ့ကြသည်။ ငန်းဦး သို့ရောက်၍ ကျော်ဖြတ်လာကြသူများကို ကင်းတားလျက်ရပ်ဆိုင်းထားလေသည်။ ကင်းတားခြင်းရသူများ သည် မရှောင်သာဘဲပိတ်မိနေခဲ့ရသည်။ ထိုအခါကင်းမှကျော်လွှားစေရန်ကင်းခတောင်းကြသည်။ တေးသီ ချင်းဆို၍ တပျော်တပါးတောင်းခံကြသဖြင့် ကင်းဆီးတားခအဖြစ် ငွေကြေးပေး၍ လည်းကောင်း၊ အစားအ သောက်ပေး၍လည်းကောင်းသွားခွင့်ပြုခဲ့ ကြလေသည်။ထိုဓလေ့ သည် ကောက်စိုက်လောကတွင် ယဉ်ကျေး မှုတစ်ခုအဖြစ်လည်းကောင်း၊အပျော်အပါး အဖြစ်လည်းကောင်း ယခုတိုင်သက် ဆင်းလာခဲ့ရလေသည်။ ရရှိသောကင်းခတို့ကိုကား အပျော်အပါးအဖြစ်လည်းကောင်း၊အလှူဒါနပြု၍ လည်းကောင်း အသုံးပြုခဲ့ကြလေ သည်။

ထိုဓလေ့ဖြစ်ရပ်ကို ဤသို့အသိအမှတ်ပြုလာခဲ့ကြပေ၏။ရခိုင်ပြည်မာန်အောင်ကျွန်းတွင် ငပုန်ကုန်း ဟူသော ကျွေးရွာ၌ လူချမ်းသာတစ်အိမ်ထောင်ရှိခဲ့သည်။ ၄င်းလင်မယားတွင် ထွန်းသာ အမည်ရှိသော သားတစ် ယောက်ဖြစ်ထွန်းခဲ့သည်။ မိဘများကား ကြွေးမြီချ၍ အတိုးရင်းပွားပေး စားသောက်ခဲ့သော်လည်း သားဖြစ် သူမှာ ဆင်းရဲသားများကို သနားညှာတာမှုရှိခဲ့လေသည်။ ထို့ကြောင့် သားနှင့်မိဘတို့မှာ စိတ် သဘောထား ချင်းကွာခြားလေသည်။

သားဖြစ်သူထွန်းသာမှာ ဆင်းရဲသူမတစ်ဦး၏ သမီးကိုချစ်ကြိုက်ခဲ့လေသည်။မိဘများက သဘောမတူ၍ အိမ် တင်ထားခြင်းမပြုခဲ့ချေ။ သို့သော်လည်း မိန်းကလေးမှာဟင်းသီးဟင်းရွက်စိုက်ပျိုးဆွတ်ခူးလျက်ရောင်းချခြင်း၊ ကောက်စိုက်အငှားလိုက်ခြင်းဖြင့် မိခင်ကြီးနှင့်အတူ နေလာခဲ့လေသည်။ မိဘတို့ယူထားသော ကြွေးမြီများ ကြေဆပ်နိုင်ရန်ကြိုးစား၍ လုပ်ကိုင်ခဲ့လေသည်။

ထွန်းသာ၏မိဘတို့သည် ပရိယာယ်တစ်မျိုးဖြင့် ကုန်ရောင်းရန်သားကိုစေလွှတ်လိုက်သည်။ သားမရှိ ခိုက် ချွေးမတို့အိမ်သို့လာ၍ ကြွေးမြီရစရာများကိုတောင်းခံလေသည်။ အဆပ်နိုင်သေးရာကား အိမ်ကိုအပိုင် သိမ်း လိုက်လေသဖြင့် ချွေးမဖြစ်သူမှာ အိမ်မှဖယ်ရှားသွားခဲ့ရလေသည်။ ကိုယ်ဝန်အရင့်အမာကိုလွယ်ရင်း စိတ်မ ချမ်းသာဘဲ ဖြစ်သလိုနေလာခဲ့ရသည်။ မိခင်ကြီးမှာလည်း ဝေဒနာကပ်ရောက်ကာဘ၀ဆုံးသွားခဲ့ရလေသည်။

မိတဆိုးလင်ကွာ မုဆိုးမဖြစ်နေရသောသူငယ်မသည် လင်ကိုမျှော်လျက်သနားကြသူများအကူအညီဖြင့် အ စေအပါးခံကာနေလာခဲ့သည်။ မကြာခင်လင်မောင်ထွန်းသာ ပြန်ရောက်လာသော်လည်း မိဘတို့၏ ဂုန်းချော စကားကြောင့်မပေါင်းရဘဲရှိလာခဲ့သည်။ သို့သော်မယား၏အဖြစ်ကိုသိလာရသောအခါခိုးဝှက်လျက် ထောက် ပံ့ထားလေသည်။

အကြောင်းတစ်ခု ဖန်တီးလာရသည်ကာ အရပ်မှချစ်စံဆိုသူသည် ကြက်ဝိုင်းတွင် ကြက်ပွဲလောင်းကစား ရင်း သောက်စားမူးယစ်လာလေသည်။ထိုအခွင့်ကိုယူလျက် အပေါင်းအဖော်တို့က မြှောက်ထိုးလေ၍ ထိုအမျိုး သမီးကို ချစ်ကြိုးသွယ်စေသည်။ထို့နောက် ချစ်ကြိုက်နေသယောင် သွားပုတ်လေလွင့်သမုတ်ပြော ဆို စွပ်စွဲ မှုပါ ပြုခဲ့ကြလေသည်။ ထို့ကြောင့် ထွန်းသာသည် အထင်လွဲမှားကာ မယားကိုလင်ခိုးမ၊ လင်မြှောင် ထားမ၊ ယောက်ခိုးမ၊ မျောက်မ ဟူ၍ ဆဲဆို ရိုက်ပုတ်ခဲ့လေသည်။

ထွန်းသာမှာမစူးစမ်းဘဲအရှက်တကွဲပြုရအံ့လော ဟုအပြစ်ပြုခဲ့သော်လည်း သဘောထားကြီးသူကမူ ဖျောင်း ဖျ၍ ပြောဆိုပေးခဲ့ကြလေ၏။ အလာကောင်းသော်လည်း အခါနှောင်းခဲ့ပြီးရာကား ထိုအမျိုးသမီးမှာ သားငယ် ကို ပိုက်လျက် ခြေဦးတည့်ရာ ထွက်သွားခဲ့လေသည်။ ထွန်းသာမူကား စိတ်မပြေဘဲ လိုက်လံရှာဖွေ လျက် ရှိလေသည်။ သို့သော်လည်း သတင်းမရသောကြောင့်စိတ်မကောင်းဖြစ် ကာ သောက်စားမူး ယစ် သူတစ်ဦး အဖြစ်သို့ ရောက်လာခဲ့လေသည်။

ထွန်းသာ၏မိခင်ကြီးကားချွေးမကို နှင်ချခဲ့မှုကြောင့် သားဖြစ်သူတစ်ယောက် အရက်သမားဘ၀ရောက် သွား ခဲ့ရသည့်အဖြစ်ကို တွေး၍ စိတ်မသက်မသာဖြင့် ဝေဒနာခံစားလာခဲ့ရ၏။ ထိုဝေဒနာဖိစီးသောကြောင့် ပင် မကြာခင်သေပွဲဝင်သွားခဲ့ရလေသည်။ထွန်းသာလည်း အပေါင်းအဖော်တို့ကြောင့် ရန်ပွဲဖြစ်ကာ အဖမ်းအဆီး ခံသွားခဲ့ရလေသည်။

ထောင်အကျဉ်းကျနေစဉ် တစ်နေ့သ၌ အကျဉ်းသမားတစ်ဦးထံမှ မိမိ၏မယားနှင့်သားငယ်ရောက်ရှိနေရာ ကို သတင်းအစအနရရှိခဲ့လေသည်။ တရားသူကြီးသည် ထိုသူတို့၏ ခိုက်ရန်ဖြစ်မှုကို စစ်ဆေးခဲ့လေရာ ထွန်းသာလက်ချက်မဟုတ်ကြောင်း တွေ့ရှိရလေသည်။ ထိုကြောင့်ထွန်းသာကို တရားသေလွှတ် လိုက်ပြီး အမှုကိုရုပ်သိမ်းပေးခဲ့လေသည်။

တစ်ကောင်ကြွက်တစ်မျက်နှာဖြစ်ကာ ကျင်လည်ခဲ့ရသော လင်ကွာမသည် အခွင့်သာသောတစ်နေ့တွင် မိမိ၏အဖြစ်ကို သိကျွမ်းခင်မင်သူများအား ဖွင့်ဟပြောဆိုခဲ့လေသည်။ ထိုအခါမှစ၍ အရပ်သူအရပ်သားနှင့် သနားခင်မင်ကြသူများက ထွန်းသာနှင့် ပြန်လည်သင့်မြတ်ပေါင်းဆုံနိုင်ရန် ကြိုးစားခဲ့ကြရလေသည်။

သူမသည် ထွန်းသာကိုမြင်လေလျှင် ၀မ်းနည်းဝမ်းသာဖြစ်ရ၊ ရှက်ကြောက်ရဖြင့် မျက်နှာအောက်ချ၍ မော် မကြည့်ဝံ့ဘဲ ရှိနေလေသည်။ ထိုအဖြစ်ကို ရိပ်စားမိခဲ့ကြသော အဖော်မများသည် အကြံဖြစ်လျက် အားပေး စကားပြောဆိုခဲ့လေသည်။ သူမတို့၏အကြံပေးတိုက်တွန်းမှုကြောင့်လည်း စိတ်ဝံ့ရဲ စွာငန်းဦးလမ်းမကို ထွက် ၍ အရေးဆိုခဲ့လေသည်။ 

ပထမတွင် မိမိကိုယ်နှင့် ရင်သွေးသားငယ်တို့ကို မပစ်ထားရန်တောင်းပန်လေသည်။ စားဝတ်နေရေးအ တွက်လည်းကူညီထောက်ပံ့ရန် တောင်းခံလသည်။ မတတ်သာသည့်အဆုံး မပေါင်းသင်းနိုင်ဟုဆိုပါက ကွာ ရှင်းပြတ်စဲခစရိတ်ကြေးငွေသော်လည်း ပေးသနားရန် တောင်းခံခဲ့လေသည်။ ထိုအခါ ထွန်းသာ မှာ ငွေအသ ပြာငါးကျပ်ကို ထုတ်ပေးလေသည်။ ထိုငွေကိုရလျှင် ဤငါးကျပ်ငွေဖြင့် မဖူလုံနိုင်ကြောင်း ကိုပါ ပြန်ပြောခဲ့ လေသည်။

ထိုသို့ရင်ဆိုင်ပြောဆိုလာသောအခါ ထွန်းသာသည် စကားပြောင်း၍ ကွာရှင်းခပေးသည်ကား မဟုတ်ချေ ။ ဖြစ်နိုင်လျှင်တစ်ပါတည်းခေါ်ဆောင်ရန်လာခြင်းသာဟု ရည်ရွယ်ချက်ကိုပါ ဖွင့်ဟပြောဆိုလေသည်။

ယခုပေးငွေမှာဆိုလျှင် ထောက်ပံ့ကြေားသာဖြစ်သည်။ ကွာရှင်းရေးအခမဟုတ်ချေ။ ကောက်စိုက်သမများ သုံးစွဲရန်ပေးခြင်းအပြင် လာတွေ့ရခြင်းဖြင့် တပျော်တပါး ဖြစ်ကြစေရန်သာဟု ပြောဆိုလေ၏။

ကောက်စိုက်သမ အဖော်များကား ကင်းခငွေကို ရကြသည့် အဖြစ်မှတ်ယူခဲ့ကြသည်။ ထို့ပြင်ကွေကွင်းနေသူ ချစ်သူလင်မယား ရင်သွေးသားတို့ပြန်ပေါင်းရခြင်း အဖြစ်ကိုပါ မျှော်မှန်းကြလျက် ပျော်မဆုံး ရှိခဲ့ကြလေ သည်။

ထိုအခါမှစ၍ ကောက်စိုက်ရာတွင် လယ်ငန်းဦး၌ ကင်းခတောင်းလေ့ရှိလာခဲ့ရိုး အစဉ်ဖြစ်လာခဲ့သည်။ ကင်းခ ရကြသဖြင့်လည်း တပျော်တပါး ဖြစ်ခဲ့ရသော လူမှု ဓလေ့တစ်ခုဖြစ်ပေါ်လာခဲ့ရလေသည်။ ထွန်းသာတို့ မိသားစုလည်း ထိုအခါမှစ၍ သက်ဆုံးတိုင်အောင် မကွဲမကွာတပျော်တပါးပေါင်းသင်းနေ ထိုင်သွားခဲ့ကြလေ သတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)
................
Credit: Arakan Folks
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။