မဘသများ နယ်မကျွံရန် သီတဂူ ဆရာတော် မိန့်ကြား

မဘသ, မျိုးစောင့် ဥပဒေ, သီတဂူ ဆရာတော်, အရှင်ဉာဏိဿရ
မဘသ, မျိုးစောင့် ဥပဒေ, သီတဂူ ဆရာတော်, အရှင်ဉာဏိဿရ

ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံ၊ လေလုံ အားကစားကွင်းကြီး အတွင်း၌ မဘသ၏ မျိုးစောင့် ဥပဒေ အောင်ပွဲတွင် သြ၀ါဒ မိန့်ကြားနေသည့် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ (ဓာတ်ပုံ-သော်ဟိန်းထက်/ဧရာဝတီ)
 
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)၏ လုပ်ငန်းများ ဆောင်ရွက်နေသည့် သံဃာတော်များ အနေဖြင့် နိုင်ငံရေး နယ် မကျွံကြရန် သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက မိန့်ကြားလိုက်သည်။

သီတဂူ ဆရာတော်က ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် အောက်တိုဘာ ၄ ရက်က ပြုလုပ်သည့်“ညီညွှတ်မျှတ ငြိမ်းချမ်းမှုကို ဖော်ဆောင်သည့် အမျိုးစောင့် ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲ”တွင် မဘသအရေး ဆောင်ရွက်သူ သံဃာတော်များကို အထက်ပါအတိုင်း တိုက်တွန်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အရှင်ဉာဏိဿရက“ဒီလို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ကြတော့ သံဃာတော် အရှင်မြတ်တွေက နိုင်ငံရေး လုပ် သလားလို့ မေးခွန်းတွေ မေးစရာ ရှိလာတယ်။ တချို့ သံဃာတော် အရှင်မြတ်တွေကလည်း နည်းနည်း နယ်ကျွံတယ်နဲ့ တူပါတယ်။ နည်းနည်း နယ်ကျွံတယ်။ ကိုယ့်နယ်ထဲ မနေဘဲ သူများနယ်ထဲ ရောက်ပုံရတယ်။ အဲဒါကြောင့် အမေးမြန်းလည်း ခံရတယ်။ အပြစ် တင်လည်း ခံရတယ်”ဟု မိန့်သည်။

ထို့ပြင် မဘသအဖွဲ့၏ ဦးဆောင်မှုဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေ ၄ ရပ် ပြဌာန်းလိုက်စေကာမူ အခြား ဘာသာဝင်များအပေါ် အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှု၊ အကြမ်းမဖက်မှု၊ သူတပါးအရေး ဝင်ရောက်စွက်ဖက်ခြင်း မရှိရန်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုများ ကျင့်သုံးရန် လိုအပ်ကြောင်းလည်း မိန့်ကြားသည်။

“တနိုင်ငံလုံးကိစ္စ တမျိုးသားလုံးကိစ္စ အမျိုးသားရေးကိစ္စမှာ တပည့်တော်တို့ သံဃာတော် အရှင်မြတ်တွေ မျက်စိကျယ်ကျယ် နားကျယ် ကျယ် ဖွင့်ပြီးတော့ အနာဂတ်ကို အရှေ့ကိုမျှော်ပြီးတော့ သတိရှိရှိနဲ့ စောင့်ကြည့်တော်မူကြပါလို့ တပည့်တော် လျှောက်ပါတယ်” ဟု အရှင် ဉာဏိဿရက မိန့်ဆိုသည်။

ထိုပွဲသို့ တက်ရောက်လာသည့် မန္တလေးတိုင်း မဘသ ဥက္ကဋ္ဌ ဆရာတော် ဘန္ဒန္တတိက္ခကလည်း မဘသ နာမည်ခံ သံဃာတချို့က နိုင်ငံ ရေးတွင် ဝင်ရောက် စွက်ဖက်မှုများ ရှိနေသည့်အတွက် ထိုကဲ့သို့ မပြုလုပ်ကြရန် မိန့်ကြားသည်။

မဘသ အဖွဲ့အစည်းကြောင့် တိုင်းပြည် မငြိမ်မသက် ဖြစ်စေသည့်လုပ်ရပ်မျိုး မဖြစ်ပေါ်စေရန်နှင့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အပါအ၀င် တခြားပါတီ အသီးသီး အနေဖြင့်လည်း တိုင်းပြည် မငြိမ်မသက် ဖြစ်စေသည့် အရာမျိုးကို ရှောင်ကျဉ် စေချင်ကြောင်း မဘသ ဦးဆောင်ဆရာတော်တချို့က ရှင်းလင်း ပြောဆိုသည်။

အောက်တိုဘာ ၄ ရက်က ပြုလုပ်သည့် “ညီညွှတ်မျှတ ငြိမ်းချမ်းမှုကို ဖော်ဆောင်သည့် အမျိုးစောင့် ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်း အမှတ် ဂုဏ်ပြုပွဲ”သို့ သံဃာတော် အပါး ၂၅၀၀ ခန့်၊ သီလရှင် အပါး ၅၀၀ ခန့်၊ လူပုဂ္ဂိုလ် ဦးရေ ၁ သိန်းနီးပါးနှင့် နိုင်ငံ တကာ သံရုံး တချို့လည်း တက်ရောက်ခဲ့ကြသည်။

ထိုပွဲ ကျင်းပရခြင်းသည် မကြာသေးမီက ပြဋ္ဌာန်းခဲ့သည့် တလင်တမယားစနစ် ဥပဒေ၊ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းအပေါ် ထောက်ခံ ကြိုဆိုသည့်အနေဖြင့် ကျင်းပရခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းပွဲသို့ တက်ရောက်လာသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးပြဲကျေးရွာအုပ်စုမှ ကယန်း တိုင်းရင်းသူ ဒေါ်သီတာဝင်း က“မျိုးစောင့်ဥပဒေက လိုအပ်တယ်။ ဒါကြောင့် ထောက်ခံတယ်။ မြန်မာစကားကို နားမလည်ပေမယ့် ဖတ်ပြပေးတဲ့သူရှိလို့ ဥပဒေက အကြောင်းအရာတွေကို သိတယ်လေ။ လွိုင်ကော်က ဆရာတော်က ခေါ်လို့လိုက်တာတာ”ဟု ဧရာဝတီသို့ ပြောသည်။

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ဦးသိန်းစိန် အစိုးရ လက် ထက်၌ မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းနိုင်မှု အောင်ပွဲ အခမ်းအနားများ၊ စီတန်း လှည့်လည်မှုများ တနိုင်ငံ လုံးတွင် ကျင်းပလျက် ရှိသည်။

မျိုးစောင့် ဥပဒေ ၄ ရပ်ကို ပြဋ္ဌာန်းပေးခဲ့သဖြင့် မဘသ ဆရာတော်တချို့က ဦးသိန်းစိန်ကို ကျေးဇူးတင်ကာ ချီးမွမ်း ပြောဆိုနေကြ သည့် အပြင် တနိုင်ငံလုံးတွင် ဦးသိန်းစိန် ပြဋ္ဌာန်းပေးခဲ့သည့် မျိုးစောင့်ဥပဒေများ ထောက်ခံမှု အင်တိုက်အားတိုက် ပြုလုပ်နေခြင်း သည် လက်ရှိ အစိုးရ၏ ဒုတိယ သက်တမ်းအတွက် မဲဆွယ်ပေးနေခြင်းလားဟု မေးခွန်း ထုတ်မှုများလည်း ရှိနေသည်။

ဧရာဝတီ သတင်းထောက် တင်ထက်ပိုင် ပူးပေါင်း ရေးသားသည်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။