NCA ၌ လက်မခံသည့် အဖွဲ့ ၃ ဖွဲ့ နိုင်ငံရေး၊ စစ်ရေး အာမခံအတွက် ဆွေးနွေးမည်

NCA, တိုင်းရင်းသား , အစိုးရ
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးရန် လက်မခံသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့အတွက် ခိုင်မာသည့် စစ်ရေးနှင့် နိုင်ငံရေး အာမခံချက်များရှိရန် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) က လာမည့် စက်တင်ဘာ လ ၉ ရက်တွင် အစိုးရနှင့် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးသွားမည်ဟု သတင်းရရှိသည်။
SD အဖွဲ့ခေါင်းဆောင် တဦးဖြစ်သည့် ပဒိုနော်ဇီဖိုးရာစိန်က“သူတို့ ချန်ချင်တဲ့ အဖွဲ့တွေအတွက် စစ်ရေး အာမခံချက်၊ နိုင်ငံရေး အာမ ခံချက် ဘယ်လောက်ရှိလဲ ကျမတို့ သိဖို့လိုတယ်၊ တကယ်လို့ အခုလုပ်မယ့် NCA မှာ အားလုံးက မပါနိုင်ဘူးဆိုရင် မပါတဲ့သူတွေအတွက် အာမခံချက် ရှိရမယ်၊ မရှိလို့ တိုက်ပွဲတွေ ပြန်ဖြစ်ရင် ချုပ်ထားတဲ့ NCA က တနိုင်ငံလုံး အပစ်ရပ်တယ်ပြောလို့ ရတော့မှာ မဟုတ်ဘူး”ဟု ဧရာဝတီ ကို ပြောသည်။
စက်တင်ဘာလ အတွင်း ပြုလုပ်မည့် နေပြည်တော်အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တိုင်းရင်းသားဘက်မှ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ကရင်အမျိုးသား အစည်းအရုံး(KNU) ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA)နှင့် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ(KNPP) တို့က တွေ့ဆုံ သွားမည်ဟု သိရသည်။
NCA စာချုပ်သည် လက်မှတ်ထိုးမည့်အဆင့်ကို ရောက်နေပြီဖြစ်သော်လည်း တပ်မတော်က ၎င်းတို့ကို စစ်ကြေညာပြီး စတင် တိုက် ခိုက်ခဲ့သည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့် တပ်ဖွဲ့(MNDAA) နှင့် MNDAA ကို ကူညီပေးခဲ့သည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကို ငြိမ်းချမ်းရေး မလုပ်ဟု ပြောဆိုထားသည်။
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) ကလည်း တပ်မတော်နှင့် မပြေလည်သည့် အဖွဲ့ ၃ ဖွဲ့အပါအ၀င် ပဏာမ အပစ်ရပ်စာချုပ်များ မချုပ်ဆိုထားသည့် ‘၀’အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင် အမျိုးသားကောင်စီ(ANC) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ကိုလည်း NCA လက်မှတ်ထိုးရာတွင် ချန်လှပ်ခဲ့မည်ဖြစ်ကြောင်း၊ ယခုအစိုးရ သက်တမ်းတွင် ၁၅ ဖွဲ့နှင့်သာ NCA လက်မှတ်ထိုးနိုင်မည် ဖြစ်ကြောင်း ပြောဆိုထားသော်လည်း SD အဖွဲ့ဝင်တချို့ကမူ NCA လက်မှတ်ထိုးရာတွင် ထိုအဖွဲ့များ ပါဝင်နိုင်ရန် အစိုးရနှင့် ဆွေးနွေးမည်ဟု မှတ်ချက်ပြု ထားကြောင်း သိရသည်။
ထို့ကြောင့် SD ဘက်မှ NCA ကို အစိုးရ သတ်မှတ်ထားသည့် အဖွဲ့ ၁၅ ဖွဲ့နှင့် လက်မှတ်ထိုးပြီး တပ်မတော်နှင့် မပြေလည်သည့် အဖွဲ့ ၃ ဖွဲ့ကို NCA စာချုပ်ချုပ်ရာတွင် ချန်ခဲ့လိုပါက ထိုအဖွဲ့များကို တပ်မတော်က ထိုးစစ်မဆင်ရန်၊ ပဏာမအပစ်ရပ် သဘော တူညီ မှု အဆင့်များ(Bilateral Agreement ) ဆက်လက် ဆွေးနွေးပေးရန်၊ အခြားအဖွဲ့များ NCA စာချုပ် ချုပ်ဆိုပြီးနောက် ပြုလုပ် မည့် နိုင်ငံရေးဆွေးနွေးပွဲ(Political Dialogue ) ၌ ပါဝင်ခွင့်ပေးရန် နှင့် လူသားခြင်း စာနာထောက်ထားခြင်းဆိုင်ရာ နိုင်ငံတကာ အကူအညီများ ရယူခွင့်ပေးရန်တို့ကို နေပြည်တော် အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဟု ပဒိုနော်ဇီဖိုးရာစိန်က ပြောသည်။
ထို့အပြင် NCA စာချုပ် ချုပ်ဆိုပြီးပါက စာချုပ်တွင် ပါဝင်သည့် အဖွဲ့များသည် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ (၁၇/၁) (၁၇/၂) တို့ ပယ်ဖျက် သွားမည်ဖြစ်သဖြင့် ကျန်နေသည့် အဖွဲ့များကိုလည်း ထိုအခွင့်အရေးများပေးရန် တောင်းဆိုသွားမည်ဟုလည်း သိရ သည်။
သြဂုတ်လလယ်ပိုင်းက ကျင်းပခဲ့သည့် SD အစည်းအဝေးတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထိုအချက်များကို သဘောထားမှတ်ချက်ပြု ထားသည်ဟုလည်း SD အဖွဲ့ဝင် တိုင်းရင်းသား ခေါင်းဆောင်တဦးက ဧရာဝတီကို ပြောသည်။
အဆိုပါ ကတိက၀တ်များကို ရရှိပါက NCA ကို ယခုအစိုးရ သက်တမ်းအတွင်း လက်မှတ်ရေးထိုးရန် SD ဘက်မှဆက်လက်စဉ်းစား သွားမည်ဟု ပဒိုနော်ဇီဖိုးရာစိန်က ပြောဆိုသည်။
“အဲ့ဒီကိစ္စတွေကို နိုင်ငံတော်အကြီးအကဲတွေနဲ့ ဆွေးနွေးဖို့ လိုအပ်တယ်၊ ကျန်တဲ့ အဖွဲ့တွေအတွက် အာမခံချက် ဘယ်လောက်ရှိလဲ ဆွေးနွေးပြီးမှ နောက်တဆင့်က NCA လက်မှတ် ထိုးဖို့ပါ”ဟု ပဒိုနော်ဇီဖိုးရာစိန် က ဆိုသည်။
MNDAA ၊ TNLA နှင့် AA မဟာမိတ် သုံးဖွဲ့သည် လက်ရှိအချိန်အထိ အားလုံးပါဝင်ရေးမူကိုသာ SD အဖွဲ့ဝင်များနှင့် ဆွေးနွေးထား ဆဲ ဖြစ်သည်ဟု MNDAA မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ဧရာဝတီ ကို ပြောသည်။
“တခြားအခြေအနေတွေကို လောလောဆယ် ခန့်မှန်းလို့ မကောင်းပါဘူး၊ ဘယ်လိုဖြစ်လာမလဲ မပြောတတ်သေးဘူး၊ အဲ့ဒီကျမှ ကျနော်တို့ ပြန်သုံးသပ်ကြတာပေါ့၊ ကြိုတင်ခန့်မှန်းလို့ မကောင်းဘူး”ဟု ၎င်းက ပြောဆိုသည်။
၎င်းတို့သည် အစိုးရနှင့် သြဂုတ် ၂၈ ရက် မနက်ပိုင်းအထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုနေသကဲ့သို့ အလင်းဝင်ခြင်း၊ လက်နက်ချခြင်းတို့ကို လုံးဝပြုလုပ်သွားမည် မဟုတ် ဟုလည်း ဦးထွန်းမြတ်လင်း က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ MNDAA သည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါး၍ စစ်ကြေညာပြီး စတင် တိုက် ခိုက် လာခဲ့ခြင်း ဖြစ်သဖြင့် ငြိမ်းချမ်းရေးလုပ်၍ မရကြောင်း၊ ထို့အပြင် MNDAAကို စစ်ရေးအရ ၀ိုင်းကူညီခဲ့ကြသည့် TNLA ၊ AA နှင့် KIA တပ်မဟာ (၄) တို့သည်လည်း ငြိမ်းချမ်းရေးလုပ်လိုပါက လက်နက်စွန့်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် လက်နက် လဲလှယ် ရမည်ဟု သြဂုတ် ၂၅ ရက်က မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။
SD ဘက်ကမူ လက်နက်စွန့်ရေး လုပ်ငန်းကို NCA ချုပ်ဆိုပြီးလျှင်လည်း လုပ်မည်မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲတွင် ရရှိလာသည့် အတိုင်းသာ အကောင်အထည်ဖော် သွားမည့်သဘော ရှိသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်များသည် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်ဆံရေး ပိုမိုခက်ခဲသွားစေသည်ဟု ပဒိုနော်ဇီဖိုးရာစိန်က ဆိုသည်။
လက်ရှိတွင် အစိုးရဘက်မှ NCA လက်မှတ်ထိုးရန် သဘောတူထားသည့် အဖွဲ့များမှာ KIA ၊ KNU ၊ KNPP ၊ SSPP/SSA ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ NMSP ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ‘၀’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP )၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ၊ နာဂ အမျိုးသားဆိုရှယ် လစ် ကောင်စီ -ကပ်ပလန် (NSCN-K) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ် တပ်ဦး (ABSDF) တို့ ဖြစ်ကြောင်း သိရသည်။
http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။