ဓါးပြအဖွဲ့ဝင်ဟု သင်္ကာမကင်းသူ ၂ ဦးကို ဘူးသီးတောင်တွင် နစကမှ ဖမ်းဆီး

ထွန်းထွန်း
------------
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဓါးပြအဖွဲ့ဝင်ဟု သင်္ကာမကင်းသူ လူ နှစ်ဦးကို နစက တပ်ဖွဲ့မှ ယခုလ ၂၀ ရက်နေ့က ဖမ်းဆီလိုက်ကြောင်း သတင်းရရှိသည်။

ဓါးပြများ အထူးသောင်းကျန်းနေသဖြင့် လုံခြုံရေးကို အရှိန်မြင့် လုပ်ဆောင်နေစဉ်အတွင်း အဆိုပါ ဓါးပြ အဖွဲ့ဝင် ၂ ဦးကို ဘူးသီးတောင်မြို့ တောင်ဘက် ၁၂ မိုင်အကွာတွင် တည်ရှိသော ညောင်ချောင်းကျေးရွာတွင် နစကမှ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း အစိုးရ ၀န်ထမ်း တစ်ဦးက ပြောသည်။

“ ဒီလ ၂၀ ရက်နေ့က ဓါးပြအဖွဲ့ထဲက လူ ၂ ဦးဟာ ဓါးပြတိုက်ဖို့ အတွက် လေ့လာ စုံစမ်းဖို့ ညောင်ချောင်းရွာကို ၀င်ရောက် လာတယ်။ ဒေသခံတွေ သတင်းပေးတဲ့ အတွက် နစက တပ်ဖွဲ့တစ်ခုက သူတို့ နှစ်ဦးကို ဖမ်းဆီး လိုက်ပါတယ်။ သူတို့ကို စစ်ဆေးတဲ့ အခါ သူတို့ထဲမှာ လက်နက် အပြည့်အစုံနဲ့လူ ၁၇ ဦး ပါတယ်။ သူတို့နှစ်ဦးက ဓါးပြတိုက်ဖို့ အတွက် ရွာတွေကို လေ့လာ စုံစမ်းဖို့ တာဝန်ပေး ခံထားရတဲ့ သူတွေဖြစ်တယ် ဆိုပီး ထွက်ဆိုပါတယ်။”

အဆိုပါ ဓါးပြများမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံဘက်မှ နတ်မြစ်ကို စက်လှေနှင့် ဖြတ်ကူးပြီး အင်းတင် နယ်စပ်မှ တဆင့် ဇန္န၀ါရီလ ၈ ရက်နေ့က ၀င်ရောက်လာကာ မေယူတောင်တွင် ပုန်းအောင်း အခြေချနေထိုင်နေကြောင်း သူတို့မှ ထုတ်ဖေါ်ပြောဆိုသည်ဟု သိရသည်။

ယခုအခါ အဆိုပါ ဓါးပြအဖွဲ့ကို ရသေ့တောင်အခြေစိုက် ခလရ ၅၃၈တပ်ရင်း၊ ဘူးသီးတောင်အခြေစိုက် ခလရ ၂၃၆ တပ်ရင်း၊ လုံထိန်းတပ်ဖွဲ့၊ ရဲနှင့် နစကတို့မှ စုပေါင်းပြီး တောင်ကျော်လမ်းများကို ပိတ်ဆို့ကာ အပြင်းအထန် လိုက်လံ ရှာဖွေ နေသည်ဟု အဆိုပါ ၀န်ထမ်းမှ ပြောကြားသည်။

“ ခုဒီဓါးပြတွေကို ဌာနဆိုင်ရာ အာဏာပိုင်တွေ ပူးပေါင်းပြီးတော့ အပြင်းအထန် ပိုက်စိတ်တိုက် လိုက်ရှာ နေပါတယ်။ တဘက်မှာလည်း ဓါးပြတွေ သောင်းကျန်းနေတာကြောင့် ကျေးရွာတိုင်းမှာ ညကင်းစောင့်နေရပြီး လူစိမ်းတွေ ရွာကိုဝင်လာရင် ချက်ချင်းနီး စပ်ရာ တပ်စခန်းတွေကို အကြောင်းကြားရမယ်ဆိုပြီး အမိန့် ထုတ်ထားပါတယ်။ စစ်တပ်ကလည်း ဓါးပြတွေကို မနှိမ်နှင်းနိုင်တော့ အကြီးအကျယ် သိက္ခာကျနေတဲ့ အတွက် အပြင်းအထန် လိုက်ရှာနေပါတယ်။”

ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ် အစပ် ဒေသအတွင်းတွင် ဓါးပြများ အထူး သောင်းကျန်းနေရာ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း အနည်းဆုံး ကျေးရွာ သုံးရွာကို ဓါးပြ ၀င်တိုက်သွားခဲ့သည်ဟု သိရသည်။

ယခုလို မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ ရခိုင်ပြည်နယ်မှ ဒေသတချို့တွင် ဓါးပြအဖွဲ့များ အထူး သောင်းကျန်းနေသဖြင့် ဒေသခံပြည်သူများမှာ လုပ်စား ကိုင်စားပျက်ပြားနေသော်လည်း အာဏာပိုင်အနေဖြင့် ယခုအချိန်အထိ ဓါးပြအဖွဲ့များကို နှိမ်နှင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

...........
Sources: Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။