အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်

                                    အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်


ဦးအေးသာအောင်ကို ဖခင် ဦးညိုဘန်းနှင့် မိခင် ဒေါ်အေးမြိုင်တို့မှ မြေပုံမြို့နယ်တွင် ၁၀၊ ၁၂၊ ၁၉၄၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မွေးချင်း ငါးယောက်အနက် တတိယမြောက်သားဖြစ်သည်။ ဦးအေးသာအောင်သည် ပဉ္စမတန်းကို မြေပုံမြို့ အ.ထ.က ကျောင်း၊ ဆဌမတန်းမှ High School Final(အောင်)ထိ ဗဟိုစံပြ အထက်တန်းကျောင်း၊ လသာ အမှတ်(၁) ရန်ကုန် တို့တွင် ပညာသင်ကြားခဲ့သည်။ High School အောင်မြင်ပြီးနောက် ဗကဗအဖွဲ့တို့နှင့် ချိပ်ဆက်မိခဲ့ပြီး အစိုးရစစ်တပ်ထဲသို့ ၀င်ရောက်ကာ နိုင်ငံရေးကို စစ်တပ်ထဲမှ ပုန်ကန်ပြီး ပြောင်းလဲဖို့ ကြိုးစားခဲ့သည်။ တပ်တွင်း မအောင်မြင်ခဲ့ဘဲ ဖမ်းဆီထောင်ကျခံခဲ့ရသည်။ ပြစ်ဒဏ်အဖြစ် ၄ နှစ် ကျခံခဲ့ရသည်။ ၁၉၈၈ ခုနှစ်တွင် ရခိုင်အမျိုးသားသမဂ္ဂတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဥက္ကဌမှာ ဦးထွန်းဝေဖြစ်ပြီး အတွင်းရေးမှူးမှ ဦးလှမြင့်ဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် အမျိုးသားရေးစိတ်ဓာတ်အဖြစ်ပြောင်းလဲလာသည်။ ဆရာကြီးဦးဦးသာထွန်းတို့နှင့် တွေ့ဆုံမိပြီး အမျိုးသားရေးစိတ်ဓာတ် အမွေကို လက်ခံရရှိခဲ့သည်။ ဒေါက်တာစောမြအောင်၊ ဦးဦးသာထွန်းတို့နှင့်အတူ ရခိုင်ဒီမိုကရေစီအဖွဲ့ကို တည်ထောင်ခဲ့ကြရာတွင် ကော်မတီဝင်အဖြစ်ပါဝင်ခဲ့ပြီး ရန်ကုန်တိုင်းတွင် အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တိုင်း ဥက္ကဌမှာ ဦးအေးထွန်းဖြစ်သည်။ စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ်ညီလာခံတွင် တွဲဖက်အတွင်းရေးမှူးတာဝန်ကို ရွေးချယ်တင်မြောက်ခြင်းကို ခံခဲ့ရသည်။

ဤနေရာတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဦးအေးသာအောင်မှာ ခွဲခြားမရအောင်ထိ အမျိုးသားရေးတာဝန်တစ်ရပ်ကို ထမ်းဆောင်ခဲ့သည်။ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(Arakan League for Democracy- ALD)သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ပါတီကို ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ၌ မှတ်ပုံတင်ခဲ့သည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ မဲများစွာရရှိခဲ့ပြီး အမတ်နေရာ ၁၁ နေရာ အနိုင်ရရှိခဲ့သည်။ သို့ရာတွင် ဦးအေးသာအောင်မှာ ရွေးကောက်ပွဲတွင် ၀င်ရောက် ချိန်ပြိုင်မှုမရှိခဲ့။ ၁၉၉၂ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ လက်ထက်တွင် ပါတီဖျက်သိမ်းခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဦးအေးသာအောင်မှာ နိုင်ငံရေးမှုဖြင့် ဒုတိယအကြိမ် ဖမ်းဆီခံခဲ့ရပြီး ထောင်ဒဏ် ၂၁ နှစ်ကျခံခဲ့ရသည်။ ထောင်ကျနေစဉ် ၂ နှစ်မြောက်တွင် အဆုတ်ရောဂါဝေဒနာကို ခံစားခဲ့ရပြီး အသံကြောကို ထိခိုက်ကာ အသံပျက်စီးခဲ့ရသည်။

ရခိုင်နိုင်ငံရေးမပျောက်ကွယ်ဖို့ ပြည်တွင်းတွင် ဖုတ်လိုက် ဖုတ်လိုက် အသက်ဆက်လာခဲ့သူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ စစ်အစိုးရ၏ စောင့်ကြည့်ခံ ၀ါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သည်။ ၂၀၁၃ ခုနှစ် ဧပြီလတွင် ဖျက်သိမ်းခံခဲ့ရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲကော်မရှင်းတွင် ပြန်လည် မှတ်ပုံတင်ခဲ့သည်။ သို့ရာတွင် ပြည်သူများက တောင်းဆိုချက်အရ ၂၀၁၀ ခုနှစ်ကတည်းက နဂိုရှိပြီးသား ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ပေါင်းစည်းဖို့ တောင်းခဲ့ကြသည်။ ထိုတောင်းဆိုမှုအတိုင်းပင် ၂၀၁၃ မေလမှ စတင်ခဲ့သည့် ပါတီနှစ်ခု ပေါင်းစည်းရေးသည် ရှစ်လကျော်ကြာမြင့်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ပါတီကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံတွင် မှတ်ပုံတင်ခဲ့သည်။ ရခိုင်အမျိုးသားပါတီအဖြစ် တည်ထောင်ခွင့်ရရှိခဲ့ပြီး ပခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ (၅) ရက်တိုင်ကျင်းပမည့် ရခိုင်အမျိုးသားပါတီ ညီလာခံကို သံတွဲမြို့ ငပလီတွင် ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီဝင်အဖြစ် ထမ်းရွက်ခဲ့သည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်တို့ကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်အတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် ၀င်ရောက် ချိန်ပြိုင်ခဲ့ရာ အနိုင်ရခဲ့သည်။ ထို့အပြင် ဒီမိုကရေစီ၏ ဒုတိယသက်တမ်းဖြစ်တွင် အမျိုးသားလွှတ်တော်၏ ဒုဥက္ကဌနေရာကို တာဝန်ယူထမ်းရွက်လျှက်ရှိသည်။

၁၉၈၉ ခုနှစ် UNLD ခေါ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအဖွဲ့ချုပ်တွင် အတွင်းရေးမှူးတာဝန်၊ ၁၉၉၈ ခုနှစ်တွင် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီတွင် အတွင်းရေးမှူးတာဝန်၊ UNA ပြည်ထောင်စု တိုင်းရင်းသားမဟာမိတ်အဖွဲ့တွင် သဘာပတိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဇနီး ဒေါ်သိန်းယိုင်ချေ၊ သား(၂)ဦးတို့နှင့်အတူ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် နေထိုင်လျှက်ရှိပါသည်။

ဝေဟင်အောင်
၉၊ ၈၊ ၂၀၁၆။

Credit@Wai Hun Aung
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။