အပေးယူမလုပ်ဘူး၊ စားပွဲမှာမထိုင်ဘူးဆိုရင် တိုင်းပြည်က နာသည်ထက်နာမယ် – ဦးခွန်ထွန်းဦး

By ဇင်မောင် 14 May 2016

မြန်မာနိုင်ငံအတွင်း အရပ်သားအစိုးရသစ်တက်လာပြီးနောက် ၂၁ ရာစု ပင်လုံညီလာခံခေါ်ယူမယ့်ကိစ္စအပါဝင် လက်ရှိနိုင်ငံရေးအခြေအနေ၊ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေးတွေနဲ့ပတ်သက်ပြီး ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပင်လုံညီလာခံပေါ့။ ပင်လုံညီလာခံနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကိစ္စတွေကို ဦးဆောင်ကြိုးပမ်းသွားမယ်လို့ ပြောခဲ့တယ်။ အဲဒီကနေ ၂၁ ရာစု ပင်လုံညီလာခံကို တလ၊ နှစ်လအတွင်း အကောင်အထည်ဖော်ချင်တယ်ပေါ့လေ။ သူပြောတဲ့ညီလာခံမျိုးက အရင်ရှိပြီးသားဟာမျိုးလား၊ နောက်တခုအသစ်လုပ်ချင်တာမျိုးလား ဦးခွန်ထွန်းဦးအနေနဲ့ ဘယ်လိုနားလည်လဲ။

ဖြေ – ကျနော်ကြားစကတော့ နည်းနည်းတွေဝေတယ်ပေါ့လေ။ ဒါပေမယ့် ပြန်ပြီး လိုက်ကြည့်တဲ့အခါကျတော့ လက်မှတ်ထိုးပြီးသား ၈ ဖွဲ့ရှိတယ်။ နောက်အဖွဲ့တွေလည်း လက်မှတ်ထိုးလာနိုင်အောင် သူကြိုးစားပြီးတော့ လုပ်မယ်ဆိုတော့ ကျနော်ထင်တယ်၊ ထိုးပြီးသား အန်စီအေကိုတော့ ကျနော်လိုက်သွားရမယ်လို့ ကျနော်ထင်တယ်။ နောက်ပြီးတော့ ကိုယ့်လူတွေပါလာအောင်လည်း ကြိုးစားမယ်လို့ ကျနော်မြင်ပါတယ်။

မေး – လတ်တလောမှာ ပင်လုံညီလာခံကို တလ၊ နှစ်လအတွင်းခေါ်ဖို့ ဆန္ဒရှိနေတယ် ပြောထားတော့ ဒီအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတာ ၈ ဖွဲ့ရှိတယ်။ မထိုးတဲ့အဖွဲ့တွေလည်း ရှိသေးတယ်ဆိုတော့ လတ်တလော အခြေအနေမှာ ဖြစ်နိုင်ပါ့မလား။

ဖြေ – တိတိပပပြောရင်တော့ အချိန်က နည်းလွန်းတယ်။ မဖြစ်နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက နှစ်ပေါင်း ၅၀၊ ၆၀ လောက်ကို ကြာရှည်ခဲ့တဲ့ ပြည်တွင်းစစ်ကိုး။ အဲတော့ နောက်ထပ်သုံးလအတွင်းတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ကျနော်ထင်တယ်။ ဒါပေမယ့် သူဘယ်လိုကြိုးစားမယ်၊ ဘယ်လိုမျိုးလုပ်မလဲဆိုတာတော့ ကျနော်မသိဘူးပေါ့လေ။ ဒါပေမယ့် ဒီ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေက တော်တော်လေးကို ထဲထဲဝင်ဝင် လေ့လာပြီးတော့မှ နားလည်တဲ့သူတွေနဲ့ သွားမှရမယ်လို့ ကျနော်မြင်ပါတယ်။

မေး – နောက်တခုက ဦးခွန်ထွန်းဦးအနေနဲ့ တခြားမီဒီယာတခုကို ပြောထားတာ ရှိတယ်လေ။ ဒီလိုမျိုးဖြစ်ဖို့ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်ပေါ့လေ။ တပ်မတော်နဲ့ လိုက်ပါလာမှသာ ဒီဟာက ဖြစ်မယ်ဆိုတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ – တပ်မတော်ရဲ့ အခန်းကဏ္ဍကတော့ ဒါက စစ်ပွဲကိုးဗျ။ တဘက်ကလည်း လက်နက်ကိုင်အဖွဲ့အစည်း၊ တပ်မတော်ကလည်း နိုင်ငံတော်လုံခြုံရေးကို တာဝန်ယူထားရတဲ့ အဖွဲ့အစည်း ဖြစ်နေတာကိုး။ အဲတော့ ဒီနှစ်ဖွဲ့ သဟဇာတမျှရေးဟာ ရှင်းရှင်းပြောရရင်တော့ အဓိကပဲ။ သဟဇာတမျှအောင်၊ ငြိမ်းချမ်းရေးရအောင် အစိုးရက ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော်နဲ့တော့ ဆွေးနွေးပြီးတော့မှပဲ။ ဆွေးနွေးတဲ့နေရာမှာလည်း တော်တော်လေးကို ကျေကျေလည်လည်၊ တော်တော်လေးကို တိုင်တိုင်ပင်ပင်နဲ့ အင်တိုက်အားတိုက်ထည့်ပြီးတော့ ဆွေးနွေးယူမှရမယ်။ ဘာလို့လဲဆိုရင် ငြိမ်းချမ်းရေးက အရင်အစိုးရလည်း လုပ်ခဲ့ပြီးပြီ၊ တခုတည်းသော အတိုင်းအတာအထိ အောင်မြင်ခဲ့တယ်။ အခုဟာက ဆက်သွားရမယ့်ဟာဆိုတော့ ၈ ဖွဲ့ရှိတယ်၊ မရှိဘူးဆိုရင် ၁၀ ဖွဲ့၊ ၁၁ ဖွဲ့လောက်ရှိတယ်။ အဲဒါတွေကို အားလုံးပြန်ဝင်လာအောင်၊ အားလုံးပါဝင်လာအောင်ဆိုတာတော့ ကြိုးစားရမယ့် အနေအထားမျိုး ရှိတယ်ဗျ။

မေး – နောက်တခုက အန်ကယ်ဦးခွန်ထွန်းဦး ပြောထားတာရှိတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးပေါ့၊ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာက ငြိမ်းချမ်းရေးညီလာခံကနေပြီးတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စက ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးဆိုတာမျိုး အန်ကယ် ဦးခွန်ထွန်းဦး ပြောထားတာ ရှိပါတယ်။ အဲဒါက ဘာကြောင့် ပြောနိုင်တာလဲခင်ဗျ။

ဖြေ – ဘာလို့လဲဆိုရင် အခု တိုင်းပြည်က ဒီအခြေခံဥပဒေကြောင့် ဒုက္ခရောက်နေတာပေါ့။ သမ္မတက အထက်ကလား၊ ဦးဆောင်မယ့်သူက အထက်ကလား ဆိုတာတော့ မသိဘူးလေ။ နောက်ပြီးတော့ ဒီကွန်စတီကျူးရှင်းက ရှင်းရှင်းပြောရရင် လူတယောက်အတွက် ရည်ရွယ်ပြီး ရေးတဲ့ ကွန်စတီကျူးရှင်းမျိုးလည်း တချို့နေရာတွေမှာ ဖြစ်နေတယ်။ အခုလည်းပဲ သမ္မတကတော့ ဖြစ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ အနေအထားမျိုးနဲ့ အစားထိုးပြီး သမ္မတရွေးလိုက်ရတယ်။ ဒီကွန်စတီကျူးရှင်းက ပြီးပြည့်စုံတယ်လို့လည်း ကျနော်က မသတ်မှတ်ဘူး။ အက်စ်အန်အယ်လ်ဒီ အနေနဲ့လည်း ဒီအခြေခံဥပဒေကို လက်မခံဘူး။ အသိမှတ်လည်း မပြုခဲ့ဘူး။ ကျနော်တို့ ၉၃ ခုနှစ်တုန်းကလည်း ပါဝင်ဆွေးနွေးခဲ့တယ်။ ဒီအချိုးတိုင်း သွားတဲ့အခါကျတော့ ၁၀၄ မူ ထွက်လာကတည်းကနေ ကျနော်က ညီလာခံကနေ ထွက်လာတာပါ။

မေး – အဲဒါဆို အန်ကယ်တို့သဘောထားက လက်ရှိဖွဲ့စည်းပုံကြီးက ပြင်ဖို့ဘက်ကို အားသန်တာလား၊ ဒါမှမဟုတ် အသစ်ဆွဲတဲ့ဘက်ကို အားသန်တာလား။

ဖြေ – ကျနော်တို့ကတော့ ဖြစ်နိုင်ရင် အသစ်ဆွဲပေါ့ဗျာ။ အသစ်မဆွဲရင်လည်း တော်တော်လေးကို ပြန်ပြင်ရမယ်၊ အချက်ပေါင်း မြောက်မြားစွာကို ပြင်ရမယ်။ အဲတော့ ဒီဟာတွေကလည်း ကျနော်တို့ကတော့ လွှတ်တော်ပြင်ပကိုး။ ဆွဲရမယ့်လူတွေကတော့ လက်ရှိအစိုးရရယ်၊ တပ်မတော်ရယ်၊ နောက်ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်ပြီးတော့ ဆွဲရမယ်။ ကျနော်တို့က လွှတ်တော်ပြင်ပမှာနေတဲ့ ပါတီတွေ ဖြစ်တဲ့အတွက်ကြောင့် အကယ်၍များ အစိုးရကဖိတ်တယ်၊ အစိုးရက ပါစေချင်ရင်လည်း ကျနော်တို့ ပါတယ်။ လူမှုအဖွဲ့အစည်း အသီးသီးက အချို့လည်း ပါစေချင်တယ်။ နောက်ပြီး တတ်သိပညာရှင်တွေလည်း ပါဖို့လိုတယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည်ရဲ့ကံကြမ္မာကို ကျနော်တို့ ဆုံးဖြတ်မယ့် ကိစ္စကြီးကိုး။

မေး – အခုလောလောဆယ်မှာပေါ့။ အစိုးရသစ်လည်း တက်လာပြီ။ တက်လာပြီဆိုတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အန်အယ်လ်ဒီက ကြိုးစားနေတာ ရှိတယ်ပေါ့လေ။ ရှေ့လျှောက်ပြီးတော့လည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးစားတဲ့အခါမှာ အန်ကယ်တို့ အက်စ်အန်အယ်လ်ဒီကို ဖိတ်ခေါ်ကမ်းလှမ်းတာမျိုး ရှိလား။

ဖြေ – မရှိပါဘူး။

မေး – နောက်တချက်က အန်ကယ်တို့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပင်လုံညီလာခံမျိုး ဖြစ်လာမယ်ဆိုရင် အန်ကယ်တို့ အက်စ်အန်အယ်လ်ဒီအနေနဲ့ ဘာတွေများ ဆွေးနွေးဖို့ မျှော်လင့်ထားလဲ။

ဖြေ – ကျနော်ခုနပြောသလိုပေါ့ မလိုလားအပ်တဲ့၊ တိုင်းပြည်အတွက်လည်း ဘာမှအကျိုးမရှိတဲ့ ဥပဒေတွေက တော်တော်လေးဆိုးတယ်။ လူတယောက်ရဲ့ အခွင့်အရေးကို ကန့်သတ်ထားတာ။ အဲဒါမျိုးတွေ မဖြစ်သင့်ဘူး။ တချို့ဥပဒေက အစိုးရအတွက် အကာအကွယ်ယူပြီးတော့ ဆွဲထားတာဖြစ်တယ်။ အဲတော့ ဒီဥပဒေက အများပြည်သူ လက်ခံနိုင်တဲ့ဥပဒေ မဟုတ်ဘူးဆိုတာ သက်သေကပြနေပြီ။

မေး – နောက်တခု ငြိမ်းချမ်းရေးကိစ္စပေါ့၊ အရင်အစိုးရလက်ထက်မှာဆိုရင် အမ်ပီစီပေါ့။ မြန်မာငြိမ်းချမ်းရေးစင်တာကနေပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ခဲ့တာရှိတယ်။ အဲဒီအဖွဲ့ အပေါ်မှာလည်း အကောင်းကော အဆိုးရော ဝေဖန်ပြောဆိုတာတွေ အန်ကယ်တို့ ကြားမှာပါ။ ဒီအစိုးရသစ်အနေနဲ့ ဒီအဖွဲ့ကို ပြန်လည်ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးစင်တာ ဆိုပြီးတော့ ပြန်ပြောင်းပြီး ဖွဲ့လိုက်တယ်ပေါ့။ ဒီဖွဲ့လိုက်တဲ့ အဖွဲ့သစ်အနေနဲ့ ဘယ်လိုပုံစံမျိုးတွေနဲ့ လုပ်ဆောင်သင့်လဲ အန်ကယ်တို့အမြင်။

ဖြေ – ကျနော်ကတော့ ဖြစ်နိုင်ရင်တော့ ကျွမ်းကျင်တဲ့သူတွေနဲ့လုပ်။ ကျွမ်းကျင်တဲ့သူတွေနဲ့ စတည်မှရမယ်။ အခုဆိုရင် ကျနော်တို့ သတင်းစာဖတ်လိုက်ရတော့ ဆရာဦးတင်မျိုးဝင်းပေါ့၊ ဆရာကလည်း ဒီဟာနဲ့ တော်တော်လေးကို ကင်းကွာနေတယ်။ စိမ်းလည်းစိမ်းနေတယ်။ အဲဒီတော့ ဒီပြဿနာ နှစ်ပေါင်း ၆၀၊ ၇၀ ရဲ့ ကိစ္စတွေကို တလ နှစ်လနဲ့ သွားမယ်။ သွားပြီးတော့ ဆက်လုပ်မယ်ဆိုတဲ့ အနေအထားမျိုးပဲရမယ်။ ချက်ချင်းတော့ ကျနော်တို့ မြန်မြန်တော့ မဖြစ်နိုင်ဘူး။

မေး – တကယ်ကျွမ်းကျင်တဲ့သူဆိုတာ ဥပမာ ဘယ်လိုလူမျိုးတွေ ပါသင့်တယ်လို့ ပြောတာလဲ။

ဖြေ – အမှန်ဆိုရင်တော့ တိုင်းရင်းသားတွေက အခံရခက်ဆုံးကိုးဗျ။ ခံရတယ်ဆိုတာက ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တိုင်းရင်းသားတွေ ခံရတယ်၊ ကချင်ဆရာမလေး ၂ ယောက် မုဒိမ်းကျင့်ခံရတယ်။ အဲဒါတွေ ဘာမှမပေါ်ဘူး။ ဒီလိုမျိုး တိုင်းရင်းသူတွေ မုဒိမ်းကျင့်ခံရတာက တိုင်းရင်းသားတွေအတွက် အများကြီးနစ်နာတယ်။ ဒါပေမယ့် ဒီကိစ္စတွေက ပြည်မမှာ မဖြစ်ဘူး။ မဖြစ်ခဲ့တဲ့အတွက် ပြည်မကလူတွေက သိကိုမသိခဲ့ဘူး။ အဲတော့ ဒီဟာတွေကိုလည်း ပြည်မသိအောင်၊ ပြည်မကလူတွေလည်း ပါဝင်ပြီးတော့ ဆွေးနွေးသင့်တယ်။ ဆိုလိုရင်းက ကျနော်တို့ တိုင်းရင်းသားတွေက တခါလာလည်း တခါလာပဲ။ လွတ်လပ်ရေးရပြီးစက လက်နက်ကိုင်အဖွဲ့အစည်းက အဲလောက်မရှိဘူး။ ဒါပေမယ့် အခုက ၂၁ ဖွဲ့ ၂၂ ဖွဲ့လောက် ရှိပြီ။

မေး – နောက်တခုမေးချင်တာက ခုန အန်ကယ်ပြောသွားတာ ၈ မူပေါ့လေ။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာလည်း ၈ ပြည်နယ်မူ၊ အဲဒီ ၈ ပြည်နယ်မူက အသင့်တော်ဆုံးဆိုပြီးတော့ အက်စ်အန်အယ်လ်ဒီက ပြောထားတာရှိတယ်။ ဘယ်လိုအသင့်တော်ဆုံးလဲဆိုတာ ရှင်းပြပါဦး။

ဖြေ – အသင့်တော်ဆုံးက ဒီလိုပေါ့ဗျာ။ ကျနော်တို့ပြောနေတဲ့ ကိစ္စတွေကတော့ မိုးပေါ်ကလည်း ကျလာတာမဟုတ်ဘူး။ ခြုံပုတ်ထဲကလည်း ထွက်လာတာ မဟုတ်ဘူး။ ဘာလို့လဲဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျနော်တို့ တိုင်းရင်းသားလူကြီးတွေ သဘောတူညီခဲ့တဲ့ ပင်လုံစာချုပ်ကို မှီတည်ပြီး ကျနော်ပြောတာပါ။ ကျနော်တို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ထောင်မယ်ဆိုရင် ၈ ယူနစ်သာလျှင် အကိုက်ဆုံးပါ။ အကယ်၍ ၁၄ ဟာနဲ့ယူမယ်ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်ကို မရနိုင်တော့ဘူး။ ၈ ယူနစ်သာလျှင် အများကတော့ အများဆိုတာ ပြည်သူ့လွှတ်တော်မှာ ဗမာက အများဆိုတော့ ကိုယ်တို့က ခေါ်တာကတော့ လူမျိုးစုလွှတ်တော်ပေါ့။ အဲဒါကျတော့ တိုင်းရင်းသားတွေကို အချိုးကျကိုယ်စားပြုတက်မှ အပေါ်နဲ့အောက်က Check and Balance System ရှိရမယ်။ ပင်လုံမူ၊ ပင်လုံစည်းကမ်းနဲ့ ပင်လုံကတိက၀တ်ပေါ် မူတည်ပြီးတော့ ကျနော်က ၈ ယူနစ်ကို တောင်းဆိုနေတာပါ။

မေး – ၈ ယူနစ်တောင်းဆိုခဲ့တယ်ပေါ့နော်။ လက်ရှိ နိုင်ငံရေးအခြေအနေတခုမှာ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံမှာ တချို့တိုင်းရင်းသားတွေက ပြည်နယ်တောင်းတယ် ဆိုတာမျိုးတွေ ဆွေးနွေးခဲ့တာတွေ ရှိတယ်။ အခု အန်ကယ်တို့ပြောတဲ့ ရှမ်းမူပေါ့လေ။ ရှစ်ပြည်နယ်မူနဲ့က လက်တွေ့အခြေအနေနဲ့က သင့်တော်ပါဦးမလား။ ကိုက်ညီမှုရှိသေးရဲ့လား။

ဖြေ – ဒီဟာကတော့ ပုံသေမဟုတ်ဘူးပေါ့နော်။ ဒီဟာဖြစ်လာတာကလည်း ၉၃ တုန်းက ဖြစ်လာတဲ့ကိစ္စ၊ ၂၀၀၈ ကွန်စတီကျူးရှင်းကြောင့် ဖြစ်လာတာပဲ။ အဲတုန်းက ဗိုလ်ချုပ်ကြီးမျိုးညွန့်ကိုလည်း ကျနော်ပြောပါတယ်။ ဗိုလ်ချုပ်ကြီး ပေးပါ။ လူးသာလိမ့်သာ ရှိအောင်တော့ ပြည်သူလူထုဆီ ပြန်သွား။ ပြည်သူလူထုက သဘောတူမှ ပေးပါ။ ဘာလို့လဲဆိုတော့ တနေ့ ရတဲ့လူကရတယ်၊ မရတဲ့လူကမရဘူး၊ အခုက အဲလိုဖြစ်လာပြီပဲ။ လူနှစ်ယောက်နဲ့တပိုင်းက ပြည်နယ်တခု လိုချင်နေပြီ။ အဲတော့ ဒီဟာတွေက ရှင်းရှင်းပြောရရင်တော့ ခွဲပေးလိုက်တာတွေက သိပ်ပြီးတော့ လွန်သွားပြီ။ ရချင်တဲ့လူတွေက များလာတဲ့ အခါမျိုးကျတော့မှ အခုက ၂၁ ဖွဲ့ ၂၂ ဖွဲ့လောက်က အစိုးရကို တိုက်နေပြီ။ ဘာကြောင့်တိုက်လဲဆိုရင် သူကိုယ်တိုင်ကလည်း သူ့ကိုယ်ပိုင်အုပ်ချုပ်ရေးက ဒေသရချင်တယ်။ နည်းနည်း ကြီးထွားလာရင် ပြည်နယ်ဖွဲ့ချင်တယ်။ တချို့ဒေသတွေမှာက ဗဟိုအစိုးရရဲ့ အာဏာက လုံးဝ မသက်ရောက်တာတွေ ရှိတယ်။ ဒါ ခင်ဗျားတို့ အသိဆုံးပါ။ မပြောပါရစေနဲ့။ အဲလိုတွေ ရှိတဲ့အခါကျတော့ အစိုးရက အချုပ်အခြာအာဏာ တည်မြဲရေးလို့ ပြောပေမယ့် သူ့ရဲ့ အချုပ်အခြာအာဏာက တချို့ဒေသတွေမှာ လုံးဝမသက်ရောက်ပါဘူး။

မေး – ဥပမာ ကျနော်တို့သိထားသလောက်ဆို ‘၀’ ဒေသပေါ့နော်။ ‘၀’ ဒေသဆိုရင် အစိုးရရဲ့ အုပ်ချုပ်ရေးအာဏာ မသက်ရောက်ဘူးလို့ ပြောလို့ရတယ်ပေါ့။ လောလောဆယ်မှာလည်း အန်အယ်လ်ဒီက ကိုယ်စားလှယ်တွေ စေလွှတ်ပြီးတော့ ‘၀’ ဒေသကို သွားဆွေးနွေးနေတာဆိုတာ ကြားရတယ်ပေါ့။ အဲဒီအပေါ်မှာကော အန်ကယ့်အမြင် ဘယ်လိုရှိလဲ။

ဖြေ – ဒါကတော့ သူတို့ဆွေးနွေးခဲ့တာ ဘာလဲတော့ မသိဘူးပေါ့။ ခင်ဗျားလည်း သိပြီ၊ ကျနော်လည်း မပြောချင်ဘူးဆိုတာ။ ခင်ဗျားစပြောပြီဆိုတော့ ကျနော်လည်း ရှင်းရတော့မှာပေါ့။ ‘၀’ ဒေသတွင် မကပါဘူး။ မိုင်းလားစတဲ့ ဧရိယာလည်း အစိုးရအာဏာစက် မသက်ရောက်ခဲ့ပါဘူး။ အဲဒါကြောင့် ကျနော်ဆိုလိုတာကတော့ ရှင်းရှင်းပြောရရင်တော့ ဒီလိုမျိုး ဒေသတွေ ဒေသတွေ ခွဲပေးမယ်ဆိုရင်တော့ အကုန်လုံး ကစဥ့်ကလျား ဖြစ်ကုန်မှာပေါ့။ ၉၃ ညီလာခံတုန်းကလည်း ကျနော်ပြောခဲ့တယ်။ ဒီလိုသာပေးမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ဟာ တနေ့ကျရင် ယူဂိုဆလားဗီးယားလို ဖြစ်လာလိမ့်မယ်။ အစိတ်စိတ်အမွှာမွှာ ကွဲသွားလိမ့်မယ်။ အဲဒါကို ကျနော်ပြောတာကို သူတို့က လက်မခံဘူး။ လက်မခံတော့ ကျနော်က ထွက်လာတယ်။ နောက်ဆုံးတော့ ဒီဟာနဲ့ပဲ ကျနော်တို့ ထောက်ကြတာပဲ။

မေး – ဒီလိုဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက်ဆိုရင် ဒီလိုပြည်နယ်ပြည်နယ်အသီးသီး တောင်းဆို တာမျိုးတွေဟာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့အတွက်က ဆန့်ကျင်ဘက်လို့ပြောနိုင်မလား၊ တခုနဲ့တခုက ဘယ်လို ဆက်စပ်နေလဲ။

ဖြေ –  အခုတော့ သူတို့ပေးလိုက်ပြီဆိုတော့လည်း မတတ်နိုင်တော့ဘူးပေါ့။ ရှေးကတည်းက လက်ခံထားတဲ့ သူတွေပဲ။ ပြောကြဆိုကြတဲ့အခါကျတော့မှ ပြောတဲ့ issue ပေါ်မှာမူတည်ပြီးတော့မှ လိုက်လျောညီထွေပြောင်း ပေးရမှာပဲ၊ လုပ်ပေးရမှာပဲ။ အဓိကကတော့သူက လူမျိုးပေါ်အခြေခံတယ်။ လူမျိုးကလည်း ၁၃၅ မျိုးပေါ့။ ကျနော်တို့ ၁၃၅ ပြည်နယ် တည်ဆောက်ပေးရမှာလား။ အဲဒါတော့ ခင်ဗျားမေးလို့ ကျနော်ပြန်ဖြေတာပေါ့။ အခုကအခြေအနေက အဲလိုဖြစ်နေတာကိုး။ အဲတော့ ၁၃၅ မျိုး လုံးတော့ဖြစ်စေချင်တယ်။ နောက်တော့ ဒီ ဟာ ကလည်း ပေးလို့မရဘူးဖြစ်နေတယ်။ တယောက်ပေးလိုက်ရင် နောက်တယောက် တောင်းတော့မှာပဲ။ ကချင်မှာ က ဒီပြဿနာက လာတော့မယ်။ ရှမ်းပြည်မှာကအစ ဖြစ်နေပြီ။ ဒါက ခင်ဗျားအသိဆုံးပဲ။”

မေး – နောက်တခု ရှမ်းပြည်မှာဆိုရင် ဘာပဲပြောပြော တချို့နေရာတွေမှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်ပေါ့ နော်။ အစိုးရဟောင်းလက်ထက်မှာလည်း ဖြစ်တယ်။ အခုအစိုးရသစ်လက်ထက်မှာလည်း တိုက်ပွဲတွေဖြစ် နေတယ်။ သေနတ်သံတွေ ပေါက်နေတယ်။ ရခိုင်မှာဆိုရင်လည်း ရက္ခိုင့်တပ်မတော်က တိုက်ပွဲတွေဆင်နေ တယ်ပေါ့လေ။ အဲဒါတွေက တဖက်ကအဲဒီလို တိုက်ပွဲတွေဆင်နေတော့ အစိုးရသစ်က အရင်အစိုးရဟောင်း လိုပဲ ဒါတွေကို ခဏခဏတိုက်ပွဲဖြစ်လိုက်၊ ငြိမ်းချမ်းရေးက ဆွေးနွေးလိုက်ဆိုတော့ မုန့်လုံးစက္ကူကပ်သလို မဖြစ်နေဘူးလား။ အဲဒီအတွက် ဘယ်လိုမြင်လဲ။

ဖြေ – အဲဒါကြောင့်မို့ ခင်ဗျားကို ကျနော်ပြောတယ်မို့လား။ ဒီအစိုးရဟာ တပ်မတော်နဲ့ ထဲထဲဝင်ဝင် ညှိညှိ နှိုင်းနှိုင်းလုံးဝ လုပ်ကိုလုပ်ရမယ်။ သဘောထားတူညီမှုတွေလည်း ယူထားရမယ်။ ယူထားတဲ့ ကတိတွေကလည်း ဘာပဲဖြစ်ဖြစ်တည်ရမယ်။ ဘာလို့လဲဆိုတော့ အခုဆိုရင် KIA နဲ့ တိုက်တဲ့အခါလည်းရှိတယ်။ အခုဆိုရင် ရွဲလန်း တောင်တန်းပေါ့။ သံလွင်မြစ်အနာက်ဘက်ခြမ်း ရွဲလန်းကို ခွန်ဆာကထားခဲ့တယ်။ SSA, SSPP ကနေပြီးတော့ အပေါ်မှာ တက်ထိန်းထားတယ်။ အဲဒါကိုပြန်ပေးဖို့ဆိုတာ တိုက်ဖို့ပြင်နေပြီ။ ဒီကြားထဲမှာ နောက်ဘက်ရခိုင် ကလည်း တိုက်နေပြီ။ ဒီဟာတွေက တဖက်က ငြိမ်းချမ်းရေးပြောမယ်၊ တဖက်ကတိုက်နေမယ်ဆိုရင် ကျနော် တို့ ဒီငြိမ်းချမ်းရေးကို ဘယ်သူကသွားယုံကြည်တော့မှာလဲ။ ကိုယ့်အမြီးကိုကိုက်မိတဲ့ခွေးလို လည်နေမှာပေါ့။ ဒီသံသရာကြီးက ဘယ်ပြီးတော့မှာလဲ။

မေး – အဲဒါဆိုရင်အခု အစိုးရသစ်အတွက် ဒီငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါမှာ အဓိကစိန်ခေါ်မှု အခက်အခဲ တွေက ဘာတွေဖြစ်လာနိုင်မလဲလို့ ဦးခွန်ထွန်းဦးထင်ပါသလဲ။

ဖြေ – အဓိက စိန်ခေါ်မှုကတော့ (၁) အချက်ကတော့ ယုံကြည်မှုမရှိရင်တော့ ဒါပြဿနာတခုပေါ့။ သူရှောင် ကွင်းရမယ့်နည်းကတော့ ရှင်းရှင်းပြောရရင်တော့ စားပွဲဝိုင်းမှာထိုင်တဲ့ ယဉ်ကျေးမှုတခုတော့ လုပ်ရတော့မယ်။ အားလုံးအဖွဲ့အသီးသီးကလည်း မိုင်းဆပ်စ် တွေပြောင်းရတော့မယ်။ အဲလိုမှ အပေးအယူမလုပ်ဘူးဆိုရင် စားပွဲမှာမထိုင်ဘူးဆိုရင် တိုင်းပြည်က နာသည်ထက်နာမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က ဘာယုံကြည်လဲဆို ရင် သီဟိုရ်မှာတောင်မှ ဆွီလန်မှာတောင်မှ ခဏလေးပဲ တူနီဂျားတွေ ပြုတ်ပဲဆိုပြီး။ ဒီဆွီလန်းမှာက ပင်လယ်တွေဝိုင်းနေတာ။ ကျနော်တို့က ရှင်းရှင်းပြောရရင် နိုင်ငံအသီးသီးက ၀ိုင်းထားတာ။ ပိုဆိုးသွားတာ ခုနှစ်ပိုင်း တွေကျတော့ အစိုးရဟောင်း အုပ်ချုပ်သွားတဲ့အချိန်တုန်းက ကျနော်တို့က မသောအင်တဖင်းတို့ ဘိန်းတို့နဲ့ ပတ်သက်ပြီးတော့ ဒုတိယဖြစ်နေတယ်။ ဖြစ်မှာပေါ့ဗျာ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က မဲခေါင်မြစ်ကြီးကို မပိတ်နိုင်ဘူး။ သင်္ဘောက အောက်ကနေပတ်ပြီး ယိုးဒယားပင်လယ်ကွေ့ကနေပြီး အပေါ်တက်လာတယ်။ အပေါ်တက်လာတယ် ဘာလို့လဲဆိုတော့ တရုတ်ကတက်လာတဲ့ သင်္ဘောဟာ ဗမာပြည်မှာလာချမယ်။ လာ အိုမှာချပြီးတော့ ဗမာပြည်မှာချမယ်။ ဗမာပြည်မှာ ချပြီးတော့ အလံ ဖြုတ်ချ၊ လာအိုအလံတင်ပြီးတော့ တရုတ်ပြည်ဘက်ကို မောင်းသွားမယ်။ အဲဒီအ၀င်အထွက်က ဘယ်လိုမှ မပိတ်ဆို့နိုင်ဘူး။ အဲတော့ ထွက်တဲ့ ပစ္စည်းတွေကဘာတွေလဲ၊ ၀င်တဲ့ပစ္စည်းတွေက ဘာတွေလဲဆိုတာ ကျနော်လည်း မပြောပါရစေနဲ့။ ခင်ဗျား လည်းသိမှာပဲဟုတ်လား။ တကယ်ကို အန္တရာယ်များတဲ့ဟာတွေ ဖြစ်နေတယ်။

မေး – အဓိကအစိုးရသစ်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းတွေလုပ်ဖို့ အဓိကစိန်ခေါ်မှုတွေ အခက်အခဲတွေက စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးတာမျိုး မလုပ်လို့ဆိုပြီး အဲလိုမျိုးဆိုလိုချင်တာလား။

ဖြေ – မလုပ်လို့လည်းဟုတ်တယ်။ လုပ်လည်းလုပ်သင့်တယ်။ လုပ်လည်းလုပ်ရမယ့် အခြေနေမျိုးဖြစ်နေပြီ။ တိုက်လို့ကတော့ ဒီလိုအ၀င်အထွက်ရှိတဲ့လမ်းမျိုးကို မပိတ်နိုင်သရွေ့တော့ ပြည်တွင်းစစ်က ဖြစ်နေဦးမှာပဲ။

မေး – ဒါဆို NLD အဲလိုအခက်အခဲတွေ ရှိလာနိုင်တာပေါ့နော်။ အန်ကယ်တို့ SNLD ကလည်းဘာပဲပြောပြော ၉၀ ရွေးကောက်ပွဲမှာ ဒုတိယအများဆုံး၊ NLD ပြီး နိုင်ခဲ့တယ်။ ပြီးတော့ ဘာပဲပြောပြော NLD ရဲ့ မဟာမိတ်၊ CRPP မှာလည်းပါခဲ့တယ်။ မဟာမိတ်ပါတီ တခုအနေနဲ့ NLD ကို ဘယ်လိုကူညီဖို့ ဆောင်ရွက်ဖို့ စဉ်းစားထားတဲ့ စဉ်းစားချက်မျိုးတွေရှိလဲ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ။

ဖြေ – ကျနော်တို့ကတော့ သူတို့ဖိတ်ခေါ်ရင်တော့ ကျနော်တို့ပြောမှာပေါ့ဗျာ။ တကယ်လို့များ အခက်အခဲ ရှိတယ်ဆိုရင်လည်း ကျနော်တို့အဖွဲ့က ရှိပြီးသားပါ။ ကျနော်တို့ စာသားတွေရေးပြီးတော့ သူတို့ကိုကျနော်တို့ ပို့ပေးပါ့မယ်။ ဒီရှမ်းပြည်ကတက်လာတဲ့ ရှစ်မူရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရှမ်းပြည်မှာ ပြည်သူ့စစ်ပါ အဖွဲ့ပေါင်း ၇၀ ရှိတယ်။ ၀တ်ရေးစားရေးအတွက် ကျွေးရမယ့်ပိုက်ဆံ ဘယ်ကနေလာမလဲ။ တချို့က အဲလို တွေးတယ်။ အလွယ်ဆုံးဖြစ်တဲ့ ဘိန်းစိုက်တယ်။ အလွယ်ဆုံးဖြစ်တဲ့ မက်တန်ဖစ်တမင်း တွေထုတ်တယ်။ ဟိုတောင်းရယ် မိုးအေး၊ မိုးအေးရယ် ဟိုတောင်း ဒီဘက်က ယိုဒယား၊ ဒီဘက်က အိန္ဒိယ အဲဒီပစ္စည်းတွေက ရွှေတြိဂံမှာလာစုတယ်။ ရွှေတြိဂံမှာ လာစုပြီးတော့ ချက်ပြီးပို့လိုက်တာပဲ။ ဒါကိုလည်းသူတို့ မသိမ်းနိုင်မတား နိုင်ဘူးလေ။ ဘာလို့လဲဆိုတော့ သူတို့ကလည်း လုပ်မှာပဲ။ ပြည်သူ့စစ်ပေါင်း ၇၂ ဖွဲ့လောက်ရှိတယ်။ သူတို့ရဲ့ စားဝတ်နေရေး၊ မိသားစုရဲ့စားဝတ်နေရေးက ဒီလိုမှမလုပ်ရင် သူတို့လည်းငတ်မှာပဲ။ အဲတော့ ဒီဟာတွေကို ပပျောက်အောင်တော့ ကျနော်ထင်တယ်။ သူတို့လည်းအဆင်ပြေသွားအောင်၊ ငြိမ်းချမ်းရေးလည်းရအောင် နောက်ထပ်ကျနော်ပြောရရင်တော့ တွေ့ဆုံပြီးတော့ ဆွေးနွေးပြီးတော့ တိုင်ပင်ကြပါ။ ငြိမ်းချမ်းရေးရအောင် လည်းလုပ်ကြပါ။ ကျနော်တို့ လွှတ်တော်ပြင်ပကလူတွေကလည်း တိုင်းပြည်အတွက်ကြည့်ပြီး လုပ်လည်းလုပ် ပေးခဲ့ပြီးပြီ။ အခုလည်းကျနော် ဆက်လုပ်ပေးမှာပါ။

မေး – နောက်တခုပေါ့လေ ဒီအစိုးရသစ်လက်ထက်မှာ ၀န်ကြီးဌာနတခုအနေနဲ့ အသစ်ပေါ်လာတယ်ပေါ့။ တိုင်းရင်းသားရေးဝန်ကြီးဌာနပေါ့။ အဲလိုပေါ်လာတဲ့အပေါ်မှာ အန်ကယ့်သဘောထားက ဘယ်လိုရှိလဲ။

ဖြေ – ကျနော်ပြောရမယ်ဆိုရင်တော့ သူ့အနေနဲ့ ၀န်ကြီးဖြစ်လာတယ်ဆိုတော့ ၀မ်းသာပါတယ်။ ခက်တာက သူ့ကို နောက်ဆုံးကျနော်တို့ ကြားလိုက်ရတဲ့သတင်းကတော့ ဗဟိုအစိုး ရကနေပြီးတော့သူ့ကို ပေါ်လစီချပေးတာတို့၊ ညွှန်ကြားချက်ချပေးတာတို့ မရှိခဲ့ဘူး။ မရှိခဲ့တဲ့အတွက် သူ့အနေ နဲ့တိုင်းရင်းသားနေရာမှာ တိုင်းရင်းသားဝန်ကြီးအနေနဲ့ ဖြစ်ပေမယ့် ဘယ်လိုအနေအထားမျိုးရှိတယ်ဆိုတာလည်း ခုထိသူမသိရသေးဘူး။ အရင်လည်း တိုင်းနဲ့ပြည်နယ်အလိုက်ကလည်း တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ၀န်ကြီးတွေရှိတယ်။ သူက တိုင်းရင်းသားတွေထက် ကြီးလားငယ်လားလည်း ကျနော်မသိဘူး။ တိုင်းရင်းသားတွေနဲ့ ဆက်နွယ်တဲ့အပေါ်လည်း ဘာမှမသိရဘူး။ ရှင်းရှင်းပြောရရင်တော့ အချိန်တခုရောက်လာရင်တော့ ပီပီပြင်ပြင်ဖြစ်လာလိမ့်မယ်လို့ ထင်တယ်။

မေး – နောက်တခုက အန်ကယ်တို့ SNLD ညီလာခံလုပ်ခဲ့တယ်ပေါ့။ ကျောက်မဲမှာပေါ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြီးသွားတယ်ဆိုတော့ အဲဒီညီလာခံမှာ ကြေညာချက်ထုတ်ထားတယ်ပေါ့။ ပြည်ထောင်စု ပြည်နယ်အဆင့် အစိုးရအဖွဲ့တွေ ဆောင်ရွက်ဖို့ နိုင်ငံရေးသဘောတူညီချက်ရတဲ့အထိ ညှိနှိုင်းဆောင်ရွက်တာ မလုပ်နိုင်ဘူးလို့ ပြောထားတယ်ပေါ့လေ။ အဲတော့ ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် အစိုးရအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက် ဖို့ နိုင်ငံရေးသဘောတူချက် ရတဲ့အထိ ညှိနှိုင်းတာမရှိဘူးဆိုရင် နိုင်ငံရေးသဘောတူညီချက်ဆိုတာ ဘယ်ဟာ ကိုဆိုလိုတာလဲခင်ဗျ။

ဖြေ – နိုင်ငံရေးသဘောတူညီချက်ဆိုတာ အစိုးရတခုရဲ့ ပေါ်လစီကဘာလဲ၊ ဒီဘက်ပေါ်လစီကဘာလဲ ညှိ ပြီးမှသာလျှင် ကျနော်တို့က အစိုးရထဲဝင်လုပ်မှာပေါ့။ အခုက သူတို့လည်းမညှိဘဲနဲ့ ရော့ဒါယူဆိုပြီး ပေးလိုက် တာမျိုးကို ကျနော်တို့က ဘုမသိဘမသိနဲ့ ၀င်သွားလို့လည်း မဖြစ်ပြန်ဘူးဗျ။ ကျနော်က မူနဲ့နေခဲ့တာကိုး။ မူက နှစ်ပေါင်း ၂၉ နှစ်ရှိလာပြီ။ အဲဒီမူနဲ့ ကျနော်တို့က စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတို့၊ တန်းတူညီတဲ့ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်တို့ ပါတဲ့မူမျိုးကိုမှ ကျနော်ကလက်ခံမှာ။ ကျနော်ဘက်က ၀န်ကြီးဖြစ်ဖို့၊ ပြည်ထောင်စုဝန်ကြီး ဖြစ်ဖို့၊ ပြည်နယ်ဝန်ကြီးဖြစ်ဖို့ မဟုတ်ဘူး။ ကျနော်တို့ရှမ်းပြည်ကလူတွေ အေးအေးဆေးဆေး နေနိုင်အောင် ငြိမ်းချမ်းရေးလည်း အမြန်ရအောင် တွန်းပို့ရမယ်လေ။

မေး – အဲဒါဆိုရင် သူတို့က ရွေးကောက်ပွဲပြီးကာလမှာ အစိုးရအဖွဲ့တွေဖွဲ့တဲ့အခါမှာ အန်ကယ်တို့ကို ကမ်းလှမ်းတာရောရှိတာကို အန်ကယ်တို့က လက်မခံခဲ့တာပေါ့။

ဖြေ – ကမ်းလှမ်းတယ်ဆိုတာ တယောက်တည်းကမ်းလှမ်းတာပါ။ တယောက်တည်းကမ်းလှမ်းပြီးတော့ ဘယ်လိုလုပ် လုပ်မလဲ။

မေး – ဘယ်လိုနေရာမျိုးကို ကမ်းလှမ်းတာလဲ။

ဖြေ – နေရာတော့ သူမပြောဘူး။ နောက်ဆုံးကျတော့ ပြည်ထောင်စုဝန်ကြီးပေါ့။ နောက်ဆုံးကျတော့ကျနော် ကဒါကို လက်မခံလိုက်ဘူး။

မေး – ကျနော်တို့အပြင်မှာကြားတာပေါ့လေ။ ပြည်ထောင်စုဝန်ကြီး အန်ကယ်တို့က လက်မခံဘူး။ အန်ကယ်တို့က ပြည်နယ်ဝန်ကြီးချုပ်ရာထူးမျိုးကို တောင်းဆိုတယ်ဆိုတာမျိုးကို အပြင်မှာသတင်းတွေထွက်နေတယ်။ အဲဒီအပေါ်မှာကော ဘယ်လိုပြောချင်ပါလဲ။

ဖြေ – ဟုတ်ပါတယ် အဲဒါ။ ဘာလို့လဲဆိုရင် ကျနော်ကပြောလိုက်တယ် ပြည်ထောင်စုဝန်ကြီးတော့ ကျနော် တို့မယူတော့ဘူး။ ဒါပေမယ့် ဖြစ်နိုင်ရင် ကျနော်တို့ ရှမ်းပြည်အများဆုံးနိုင်ခဲ့တာကိုး။ အဲတော့ ကျနော်တို့ကို ရှမ်းပြည်အုပ်ချုပ်ခွင့်ပေးပါ။ မပေးနိုင်ဘူးတဲ့ ဒီတယောက်ပဲပေးနိုင်တယ်တဲ့။ ဒီအလားတူ ကိစ္စမျိုးက ရခိုင်ဘက်မှာလည်း သွားဖြစ်တယ်။ အဲတော့ အုပ်ချုပ်ခွင့်ပေးလိုက်ရင် ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဆွေးနွေးတဲ့အခါ ဒါပြယုဂ်ပဲ။ ဒီလိုရှိပါလား သူကတိုင်းရင်သားတွေကိုတော့ ဦးစားပေးတယ်ဆိုတဲ့ အမြင်မျိုးတော့ ၀င် လာမှာပဲ။ အခုက မဟုတ်ဘူး။ ဘာမှမပြောနိုင်တော့ဘူးလေ။

မေး – ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခဲ့တဲ့သင်ခန်းစာနဲ့ နောင်အတွက် ၂၀၂၀ ရွေးကောက်ပွဲအတွက်ပြင်ဆင်နေ တယ်ဆိုတာ ပြောထားတာရှိတယ်။ အဲတော့ ဒီသင်ခန်းစာနဲ့ ပြင်ဆင်နေတဲ့အပိုင်းက ဘာတွေလုပ်နေလဲ။

ဖြေ – ကျနော်တို့ကတော့ အခုက လူထုကလည်းသိလာပြီလေ။ လူမျိုးပေါ်မူတည်ပြီးတော့ ပါတီမဖွဲ့ရဘူးလို့။ လူမျိုးပေါ်မှီတည် မဖွဲ့ဘဲနဲ့ ဘယ်လိုမှတိုင်းရင်းသားတွေက သူလိုချင်တဲ့ အစိုးရမျိုးက မရဘူးဖြစ်သွားတယ်။ ပေးလိုက်တယ် ပြီးရင်ရတာက နည်းနေတယ်။ ပြီးရင် ငါ့ပါတီကတွဲပြီးတော့ တပါတီဖွဲ့မယ်။ ကယားမှာလည်း တယောက်မှမနိုင်ဘူး။ ဖွဲ့ရတော့မယ်။ ချင်းမှာလည်း တဖွဲ့မှမနိုင်ဘူးဗျ။ ချင်းပါတီတွေလည်းဖွဲ့ရ တော့မယ်။ ကချင်မှာလည်း ရှင်းရှင်းပြောရရင် ကချင်ပါတီတွေရှိတယ်။ အစိုးရဖွဲ့လို့မရဘူးဆိုတော့ ကချင်ပါ တီတွေလည်း ပေါင်းပြီးတော့ တပါတီတပါတီ တည်းဖြစ်အောင်လုပ်ပြီးတော့ သွားမှရမယ်ဆိုတဲ့ အတွေးအခေါ် အသိဉာဏ်တွေ ၀င်လာပြီ။ ၀င်လာတဲ့အခါကျရင် ကျနော်တို့တိုင်းရင်းသားတွေအားလုံးကတော့ ကိုယ်အင်အားအရှိဆုံး တိုင်းရင်းသားပါတီတွေဖွဲ့ပြီးတော့ ၂၀၂၀ မှာ ကျနော်တို့ ရွေးကောက်ပွဲဝင်ပါမယ်။

မေး – အဲဒါဆို အန်ကယ်က ရှမ်းပြည်မှာရှိတဲ့ ရှမ်းပါတီတွေကို အတတ်နိုင်ဆုံး စုစည်းပြီးတော့ တခုတည်းဖြစ်အောင် လုပ်ပြီးတော့မှ ၀င်မယ်ဆိုတဲ့သဘောမျိုးပေါ့။

ဖြေ – ဟုတ်ပါတယ်။ စုဆောင်းတယ်ဆိုတာ တခုတည်းဖြစ်အောင် လုပ်ဖို့ဆိုတာလည်း အရမ်းလုပ်လို့မရဘူး။ ဥပမာ ရခိုင်ကိစ္စကိုကြည့်။ မူမတူဘူးကိုဗျ။ ဘယ်လောက်ပဲ ပေါင်းခိုင်းပေါင်းခိုင်း ကျနော်မပေါင်းဘူး။ ဘာလို့လဲဆိုတော့ မူတူမှဗျ။ မူတူမှ ခံယူချက်ချင်းတူမှ အလုပ်လုပ်နိုင်မှာ။ မူမတူဘဲ သွားပေါင်းလည်း ကွဲပြဲ ကုန်မှာပဲ။

မေး – တချို့မူလေးတွေ ကျနော့်ကိုနည်းနည်းလေး ရှင်းပြပါဦး။ မတူတဲ့မူလေးတွေပေါ့။

ဖြေ – ကျနော်တို့က ၈ မူလေ။ ဟိုဘက်က ၁၄ မူ အဲဒီမှာ အကြီးအကျယ်ကွဲတာပဲလေ။ ၁၄ မူနဲ့ ဒီဖက်ဒရယ် system ကို ဘယ်လိုလုပ် တည်ဆောက်နိုင်မလဲ။ ကျနော်နားမလည်ဘူး။

မေး – ပြန်ကောက်ရင် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ နိုင်ငံခြား သံတမန်တွေ ဖိတ်ခေါ်ပြီးတော့ နိုင်ငံခြားရေးမူဝါဒကို ရှင်းသွားတာရှိပါတယ်။ အဲဒီမှာအခေါ်အဝေါ် အသုံးအနှုန်းတခုပေါ့လေ။ မြန်မာနဲ့ ဘားမားဆိုပြီးတော့လေ။ အဲဒီနှစ်ခုကို အလျဉ်းသင့်သလိုပေါ့။ အခုတော့ ဘားမားသုံးတယ် နောက်ပိုင်း မြန်မာသုံးမယ်ပြောတယ်။ အဲဒီနှစ်ခု မြန်မာနဲ့ဘားမားက အဲဒီ နှစ်ခု ဘယ်ဟာက တိုင်းပြည်အတွက် အသင့်တော်ဆုံးလို့ အန်ကယ်ယူဆလဲ။

ဖြေ –  ကျနော့်အယူအဆကတော့ မြန်မာပဲဗျ။ ဗမာကတော့ ဗမာပဲလေ။ ဗမာအနေနဲ့ကလည်း ဗမာပြည်နယ် တခုအနေနဲ့ ရှိသင့်တယ်ပေါ့။ အဲဒါပေါင်းလိုက်တော့မှ မြန်မာဆိုတာ ပိုပြီးတော့ သင့်တော်လိမ့်မယ်လို့ ကျနော် ထင်တယ်။

မေး – SNLD က NLD နဲ့ မိတ်ဖက်လည်းဖြစ်တယ်။ NLD အခု အစိုးရ ဖွဲ့လာပြီဆိုတော့ NLD အစိုးရသစ်ကို SNLD အနေနဲ့ ဘာတွေ အကြံပြုတိုက်တွန်းချင်လဲ။ လတ်တလောမှာ ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတာမျိုး အကြံပြု တိုက်တွန်းချင်လဲ။

ဖြေ – ကျနော်ကတော့ သူစကိုင်တဲ့ ငြိမ်းချမ်းရေးကိုတော့ ကျနော်လက်ခံတယ်။ အားလည်းပေးတယ်။ ကြိုးစားပါ၊ လုပ်ပါ။ လိုရင်လည်း ကျနော်တို့ အင်တိုက်အားတိုက်ပါဝင်ပါ့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကလည်း ထောင်ကထွက်လာတာလည်း ဒီငြိမ်းချမ်းရေးလုပ်ဖို့ပဲ။ ငြိမ်းချမ်းရေးလုပ်ဖို့ရယ် ယုံကြည်မှုတည် ဆောက်ဖို့ရယ်။ ရှမ်း-ကယား၊ ရှမ်း-မွန် ကျနော်တို့ပြီးပြီ။ အဲဒီတော့ ဆိုလိုတာကတော့ ယုံကြည်မှုတည်ဆောက် မှုလုပ်ပြီးကာမှ ရှင်းရှင်းပြောရရင် တိုင်းရင်းသားတွေ ယုံကြည်မှုရမှာသာ တိုင်းပြည်ကတည်ဆောက်လို့ရမှာ။ အဲတော့ NLD ကိုလည်း ကျနော်ပြောချင်တယ်။ အားလုံးပဲ ပြောကြဆိုကြတဲ့နေရာမှာ ဆင်ဆင်ခြင်ခြင်ပြောကြပါ။ အလေးထားပါ။ နောက်ပြီးတော့ ပေးတဲ့ကတိကိုလည်း တည်ပါ။ အခုဒီကိစ္စတွေမှာ ခဏခဏကတိ ပျက်လို့ သံသယတွေရှိနေတယ်ဆိုတာ ကျနော်တို့ တွေ့ခဲ့ရပြီလေ။ ဆိုလိုတာကတော့ တယောက်နဲ့တယောက် နဲ့ မမေ့စတမ်း တယောက်ကိုတယောက် မငြိစတမ်း အဲလိုဆက်ဆံမှသာလျှင် လိုချင်တဲ့ပန်းတိုင်က အမြန်ဆုံး ရောက်နိုင်မယ်လို့ ကျနော်ပြောချင်ပါတယ်။

___DVB Burmese
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။