NLD မဲနိုင်ခဲ့သော သံတွဲတွင် ANP နှင့် တစ်သားတည်းရှိကြောင်း ဒေသခံ ၂၀၀၀ ကျော် ဆန္ဒဖော်ထုတ်

နိရဉ္စရာ၊ ဧပြီ ၂၆

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိခဲ့သော သံတွဲမြို့တွင် လူပေါင်း ၂၀၀၀ ကျော်က ရခိုင်အမျိုးသား ပါတီနှင့် သံတွဲဒေသခံများ တစ်ထပ်တည်းရှိကြောင်းကို ပြသသည့် အနေဖြင့် ဆန္ဒဖော်ထုတ်ပွဲ တစ်ခုကို ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

“ ကျွန်တော်တို့က ANP ပါတီနဲ့ တစ်သားတည်းရှိကြောင်းကို ပြသလိုတဲ့ အတွက် ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်” ဟု ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ဦးစိန်ချစ်က ပြောသည်။

တစ်ခြားရည်ရွယ်ချက်များရှိပါသလားဟု ဆက်လက် မေးမြန်းရာ ကိုစိန်ချစ်က “ NLD ကို ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ဆင်ရေးဖို့ ဆိုပြီး ၀င်လာတဲ့ အစိုးရတစ်ရပ် ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံကို လိုရင် လိုရာမှာ သုံးပြီးတော့ မလိုရင် မလိုသလိုလုပ်ပါတယ်၊ မလိုအပ်တဲ့ အကြောင်းပြချက်မျိုးနဲ့ တိုင်းရင်းသားတွေအရေးမှာ ဆိုရင်၊ သူတို့နဲ့ မကိုက်ညီတဲ့ နေရာမှာ ကျရင် ၂၀၀၈ ဖွဲ့စည်းပုံကိုင်ပြီးတော့ အသုံးပြုတယ်။ ဒီလုပ်ရပ်တွေက အာဏာရှင်ဆန်လာတယ်လို့ ယူဆတဲ့ အတွက် ကျွန်တော်တို့က ဒီဟာတွေကိုလည်း ဆန့်ကျင်တဲ့ အတွက် ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။

NLD မှာ သံတွဲမြို့နယ်တွင် ကြီးစိုးပြီး မဲအနိုင်ရသော ပါတီဖြစ်သဖြင့် ယခု ဆန္ဒဖော်ထုတ်ပွဲကို လူအများစုက ထောက်ခံပါသလားဟု မေးမြန်းရာ ကိုစိန်ချစ်က “ NLD ပါတီမှာ သံတွဲမြို့နယ်ကို ကြီးစိုးမိုးတယ်လို့ ပြောလို့ မရပါ။ ဘာကြောင့်လဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲရဲ့ကွာခြားချက်ကို ပြောမယ်ဆိုရင် ရာခိုင်နှုန်း နည်းနည်းလေးနဲ့ ရခိုင်အမျိုးသားပါတီကို အနိုင်ရသွားတာ ဖြစ်တယ်။ ပြောရမယ် ဆိုရင် ၀ိုက်သမားတွေနဲ့ အနိုင်ရသွားတဲ့ ကိစ္စတွေ အများကြီး ပါပါတယ်။ ANP ပါတီအနေနဲ့ ပြည်သူတစ်ဦးအနေနဲ့ ပြောရမယ်ဆိုရင် မရှုံးဘူးလို့တောင် ပြောလို့ရပါတယ်” ဟု ကိုစိန်ချစ်က ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် သံတွဲမြို့ ပတ်ပြီး ရခိုင်ပြည်သည် ကိုလိုနီနယ် မဟုတ်၊ သံတွဲပြည်သူလူထု သည် ANP နှင့် တစ်သားတည်းရှိသည်၊ ဘုရင်ခံစနစ်သည် ဒီမိုကရေစီ မဟုတ်၊ ဖွဲ့စည်းပုံကို လွဲမချပါနှင့်၊ စစ်မှန်သော ဖက်ဒရယ် ကို ဦးတည်ကြောင်း ပြပါ၊ ပြည်နယ်အစိုးရကို ပြည်နယ်လွှတ်တော်မှ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိမှ ဖက်ဒရယ် ဒီမိုကရေစီကို ဦးတည်ရာ ရောက်မည်၊ တစ်ပါတီ အာဏာရှင် စနစ် အလိုမရှိ၊ ၁/ ၂၀၁၆ နဲ့ ၂/၂၀၁၆ ကို သံတွဲပြည်သူလူထုမှ ထောက်ခံပါသည်၊ ရခိုင်ပြည်သူများ၏ ဆန္ဒကို အလေးထားပါစသည့် ကြွေးကြော်သံများကို ကြွေးကြော် တောင်းဆိုပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒပြသူများသည် သံတွဲမြို့အ၀င်တွင် စုရပ်လုပ်ပြီး မာဃလမ်း၊ ဘုရင့်နောင်လမ်း၊ မြို့ထဲလမ်းများကို ပတ်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။