ကျောက်တော်မြို့နယ် ပညာဝ ကျေးရွာရောက် စစ်ပြေးရှောင် ဒုက္ခသည် ၆၂ ဦးအတွက် အရေးပေါ်ကူညီထောက်ပံ့ပေးရန်လိုအပ်နေ

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဧပြီ ၂၆

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ရွာလုံးကျွတ်ထွက်ပြေးလာကြရသည့် ကျောက်တော်မြို့နယ် သလူချောင်း ကျေးရွာအုပ်စု ပညာဝ ကျေးရွာသို့ ရောက်ရှိနေသည့် ဒုက္ခသည် ၆၂ ဦးအတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သတင်း ရရှိသည်။

ယခုထွက်ပြေးလာကြသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် လောရမတောင်တန်းအနီးရှိ မောင်နှမကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသားများဖြစ်ကြပြီး အဆိုပါဒေသတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲများပြင်းထန်နေခဲ့သည့်အတွက် ကျောက်တော်မြို့နယ်အပိုင် သလူချောင်းကျေးရွာအုပ်စုရှိ ပညာဝကျေးရွာသို့ ဧပြီလ တတိယပတ်အတွင်းမှစတင်ရောက်ရှိနေကြခြင်းဖြစ်သည်။

ရောက်ရှိလာသူများမှာ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် ကျား ၃၄ ဦးနှင့် မ ၂၈ ဦး စုစုပေါင်း လူဦးရေ ၆၂ ဦးဖြစ်သည်။

စစ်ဘေးရှောင် ရွာသားများကို ပညာဝကျေးရွာ၏ အခြေခံပညာ မူလတန်းကျောင်းတွင် ယာယီ နေထိုင်ခွင့်ပြုထားပြီး အစားအသောက်များကို ပညာဝကျေးရွာသားများက ထောက်ပံ့ကူညီပေးထားရသည်ဟု သိရသည်။

“ကျနော်တို့ရွာကနေ သေနတ်သံတွေ အများကြီးကြားရပါတယ်။ နှစ်ရက် သုံးရက်အထိ ဆက်တိုက် ကြားရပါတယ်။ လက်နက်ကြီးပစ်သံလည်းကြားရတယ်။ နေလို့မရအောင်အထိကြားရပါတယ်။ နေ့လယ်ခင်း မှာလည်း ကြားရတယ်။ ညလည်း ကြားရတယ်။ ကျနော်တို့လည်း ကြောက်လာတယ်လေ။ ဒါကြောင့် အခုလို ထွက်ပြေးလာကြတာပါ”ဟု စစ်ဘေးရှောင်လာသူ မောင်နှမကျေးရွာသား ကိုထွန်းဝင်းက နိရဉ္စရာနှင့် တွေ့ဆုံစဉ်ပြောသည်။

အဆိုပါမောင်နှမကျေးရွာသူ၊ ကျေးရွာသားများ ခိုလှုံနေကြသည့် ပညာဝကျေးရွာသည် ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာအထက်ပိုင်းတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ကူညီထောက်ပံ့ရေးအဖွဲ့များလည်း သွားရောက်ထောက်ပံ့ပေးနိုင်မှုမရှိသေးကြောင်း စစ်ဘေးရှောင်များနှင့် ဒေသခံများက ဆိုကြသည်။

“ကျမတို့က တိုက်ပွဲတွေဖြစ်နေလို့ ကြောက်လို့ ပုန်းနေရာကနေအခုလို ထွက်ပြေးလာတဲ့အတွက် ဘာမှပါမလာဘူး။ အဝတ်အစားတွေနဲ့ အိုးခွက်ပုကန်တွေကိုလည်း ထားပစ်ခဲ့ရတယ်။ အခု ကျမတို့ ဒီရွာက ပေးတာစားနေရတယ်။ ဘယ်အဖွဲ့မှ ကျမတို့ကို လာကူတာမရှိသေးဘူး”ဟု စစ်ဘေးရှောင် လာသည့် မောင်နှမကျေးရွာ သူ ဒေါ်မစောမေက နိရဉ္စရာနှင့် ဧပြီလ ၂၄ ရက်နေ့က တွေ့ဆုံစဉ်ပြောသည်။

စစ်ဘေးရှောင် ရွာသားများအား ကူညီကယ်ဆယ်မှုပေးနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြ ထားကြောင်းလည်း သလူချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်စိန်လှက နိရဉ္စရာကိုပြောသည်။

ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာအတွင်းတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည့် လောရမတောင်တန်း တစ်ဝိုက်ရှိ နတ်သရွေး၊ သြရမစသည့်ကျေးရွာများမှလည်း စစ်ဘေးရှောင် ၂ဝ ကျော် ဝင်ရောက်ခိုလှုံလျက်ရှိပြီး ကူညီထောက်ပံ့ပေးမှုများ လိုအပ်နေသေးကြောင်း ဒေသခံများက ပြောသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။