ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနှင့်နီးစပ်သည့် ဒေသခံများ ပေါ်တာ အဆွဲခံနေရကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပြောကြား

Published on Thu, 04/28/2016 - 00:54

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနှင့်နီးစပ်သည့် ဒေသခံများ ပေါ်တာအဆွဲခံနေရကြောင်းနှင့် စစ်ပွဲကြောင့် အပြစ်မဲ့ပြည်သူများ မြေစာပင်ဘ၀က လွတ်မြောက်ဖို့ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို အမြန်ဆုံး ရောက်စေလိုကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များက ပြောကြားချက်အရ သိရသည်။

တပ်မတော်က ပေါ်တာဆွဲခေါ်ယူနေခြင်းနှင့် ပတ်သက်ပြီး စစ်ဘေးရှောင်များနှင့် သွားရောက်တွေ့ဆုံ အကူအညီပေးနေသည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က “ရစိုးချောင်းမှာ လမ်းကြောင်းပြဖို့ ခေါ်တယ်ဆိုပြီး ငါးယောက်တွေ့တယ်။ သူတို့က ပြန်ရောက်လာတဲ့အခါ ကျွန်မနဲ့ တွေ့ဆုံမေးမြန်းတော့ လမ်းကြောင်းပြဖို့ ခေါ်ပေမယ့် ဆန်အိတ်တွေကို ထမ်းရတယ်။ နောက်တစ်ခါ ပြန်လာတဲ့အခါမှာလည်း ဒဏ်ရာရ စစ်သားတွေကို နှစ်ယောက်ပေါင်းပြီး ထမ်းလာရတယ်လို့ပြောတယ်။ သူတို့က ထွက်ပြေးလာလို့ ရွာကို ကောင်းကောင်းမွန်မွန် ရောက်တာတွေ့ရတယ်။ ဧပြီ ၂၅ ရက်က ရစိုးချောင်းကို ပြည်နယ်အစိုးရအဖွဲ့နဲ့သွားတဲ့အခါ ဗောဓိကိုင်းဘက်မှာ နောက်ထပ် ဒေသခံခြောက်ဦး ပေါ်တာဖမ်းတာ ခံရတယ်လို့ ကြားသိခဲ့ရတယ်။ နောက် ၂၆ ရက်ကလည်း နောက်ထပ်နှစ်ဦး ဖမ်းခေါ်သွားတယ်လို့ ကြားသိရတယ်။အဲဒီရွာမှာ ယခင် ပထမလေးဦး ဖမ်းခေါ်သွားတဲ့ဟာမှာ နှစ်ဦးပြန်ရောက်တယ်။ ပြန်ရောက်လာတဲ့ မောင်လှနဲ့မောင်မြကို တွေ့ခဲ့ရတယ်။ နှစ်ဦးက ပြန်မရောက်ဘဲ အသတ်ခံရတယ်လို့ သတင်းတွေ ထွက်နေတယ်။ နောက် အဖမ်းခံရတာ ရှစ်ဦးလည်း ဒီကနေ့အထိ ပြန်မရောက်လာကြသေးဘူး။ ကျွန်မသိသလောက်ဆိုရင် ပေါ်တာဆွဲခံရတာ စုစုပေါင်း ၁၇ ဦးရှိနေပြီး ပြန်ရောက်လာသူ ခုနစ်ဦးရှိတယ်”ဟု ပြောကြားသည်။

”ကျွန်တော့်တင်မြင်ချက်ကတော့ ဒေသခံတွေကို စစ်တပ်က ခေါ်သွားတယ်ဆိုတာမှာ လမ်းပြအဖြစ် ခေါ်တာလည်းဖြစ်နိုင်သလို အထုတ်သယ်ခိုင်းဖို့လည်း ဖြစ်နိုင်တယ်။ အဲဒီနေရာမှာ လမ်းမကျွမ်းတော့ လမ်းပြအဖြစ် ခေါ်သွားတာဖြစ်နိုင်တယ်။ နောက်ပါလာတဲ့ ပစ္စည်းတွေကို သယ်ခိုင်းတာလည်း ဖြစ်နိုင်တယ်။ အမှန်တကယ်ကတော့ ဒေသခံတွေကို စစ်တပ်က ခေါ်သွားတာရှိနေပါတယ်။ ရသေ့တောင်မြို့နယ် ဗောဓိကိုင်းကျေးရွာမှာ ပေါ်တာအဖြစ် အတင်းခေါ်ဆောင်သွားတယ်လို့ ရွာသားတွေ ပြောပါတယ်။ ဧပြီ ၂၄ ရက်မှာ ခင်မောင်၊ အောင်ထွန်း၊ နေထွန်းအောင်၊ အောင်ဆန်းဝင်း ၊ မောင်ကျန်နဲ့ ထွန်းဝင်းတို့ကို ခေါ်သွားတယ်။ ဧပြီ ၂၆ ရက်မှာ ခင်မောင်ထွန်း၊ ဦးသာထွန်းတို့ ခေါ်ယူခြင်းခံရပါတယ်” ဟု ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင် က ပြောကြားသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရစိုးချောင်းကျေးရွာမှ ဒေသခံ ခြောက်ဦးအား တပ်မတော်က ဧပြီ ၂၀ ရက်၌ ခေါ်ဆောင်သွားပြီးနောက် လေးရက်အကြာတွင် ပြန်လည် ထွက်ပြေး လွတ်မြောက်လာခဲ့ကြသည်။

ယင်းသို့ လွတ်မြောက်လာသူ ဦးကြွင်းကျန်အောင် ( ၅၇ နှစ်) က “အဘတို့ကို ရဇာချောင်းဘားဘူတောင်ကွင်းထဲမှာ နွားကျောင်းနေတုန်း စစ်သားတွေက ခေါ်ပြီး အထမ်းတွေ ထမ်းခိုင်းပြီး ခေါ်သွားတာပါ။ ကင်းပွန်းချောင်းရွာကို ခေါ်သွားပါတယ်။ ကျွန်တော်တို့အားလုံး ဆိုရင် ခြောက်ယောက်ကို ခေါ်သွားတာပါ။ ဆန်တွေကို ထမ်းခိုင်းတယ်။ ဗုံးသီးတွေကို ထမ်းခိုင်းပါတယ်။ နောက်ပြီးရင် အထမ်းတွေ ထမ်းခိုင်းပြီး တောင်တန်းအတိုင်း ခေါ်သွားပါတယ်။ အဲဒီနေရာကို တစ်ခါမှလည်း မရောက်ဖူးပါဘူး။ ကျွန်တော်တို့ သွားတဲ့အခါ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ တောထဲမှာ သုံးည အိပ်ခဲ့ရပါတယ်။ လေးရက်လောက်ကြာမှ ကင်းပွန်းချောင်းရွာကို ပြန်ရောက်ပါတယ်။ ကျွန်တော်တို့ ခံနိုင်ရည်မရှိတော့လို့ ကင်းပွန်းချောင်းရွာကို ပြန်ရောက်တဲ့အခါ စစ်သားတွေကို အသိမပေးဘဲ ရွာကို ပြန်လာကြတာပါ။ ကျွန်တော်တို့ နောက်ထပ်တော့ ပေါ်တာဖမ်းတာတွေတော့ မကြားပါဘူး” ဟု ဆိုသည်။

ထို့အပြင် ရေစိုးချောင်း စစ်ဘေးရှောင်စခန်းတွင် ရောက်ရှိနေသော ဦးမောင်က “ကျွန်တော်တို့က ရဇာချောင်းထဲမှာ သစ်ဝါးခုတ်ပြီး ရောင်းချ စားသောက်ပါတယ်။ အခု တိုက်ပွဲတွေက အနီးအနားမှာ ဖြစ်လာတယ်။ ပစ်ခတ်သံတွေ ကြားနေရတယ်။ မြင်တော့ မမြင်ရပါဘူး။ နောက်စစ်တပ်က လမ်းမှာတွေ့တဲ့သူတွေကို ပေါ်တာဆွဲတယ်။ ပြန်လွှတ်တာရှိသလို ပြန်မလွှတ်တာလည်း ရှိတော့ ပေါ်တာအဆွဲခံရမှာ ကြောက်ပြီး ဒီကိုလာနေတာပါ။ စစ်တပ်က ကျွန်တော်မှာရှိတဲ့ စက်လှေနဲ့ လိုက်ပို့ဖို့ခိုင်းလို့ နှစ်ကြိမ် လိုက်ပို့ပေးခဲ့ပါတယ်။ စက်လှေ ဆီဖိုးတော့ ပေးပါတယ်။ အခတော့ မပေးပါဘူး။ နောက် လိုအပ်ရင်လည်း ခေါ်ဦးမယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ပေါ်တာဆွဲတယ်ဆိုတာတော့ လုံးဝမဖြစ်သင့်ဘူး။ ILO ဥပဒေမှာလည်း ညှဉ်းပန်းနှိပ်စက်တာတွေ မလုပ်ရဘူးလို့ ဆိုထားတယ်။ အခု ရခိုင်ပြည်နယ်အတွင်းမှာ ဒေသခံတွေ ထွက်ပြေးနေရတာဟာလည်း ပေါ်တာအဆွဲခံမှာကို ကြောက်လို့ပြေးနေရတာဖြစ်တယ်။ ပေါ်တာ ဖမ်းသွားရင် ကိုယ့်အိမ်ကိုကိုယ် ပြန်ရောက်လာတော့မလား ဆိုတဲ့စိုးရိမ်မှုတွေ ရှိနေကြတယ်” ဟု ပြောကြားသည်။

ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က “အခု စစ်ပွဲဖြစ်တယ်ဆိုတဲ့ အပိုင်းမှာ အဓိက မြေစာပင်ဖြစ်ရတာကတော့ ပြည်သူတွေသာ ဖြစ်တယ်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြောချင်တာကတော့ ဒီစစ်ပွဲတွေကို မြန်မြန်ဆန်ဆန်နဲ့ ပြီးဆုံးသွားပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ငြိမ်းချမ်းရေးစားပွဲဝိုင်းထဲကို အမြန်ရောက်စေချင်တဲ့ ဆန္ဒရှိပါတယ်။ အဲဒီလိုဖြစ်မှပဲ နှစ်ဖက်အတွက် ကောင်းမယ့်အပြင် ပြည်သူတွေလည်း ငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင်စားသောက်လို့ ရပါမယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ပြောကြားသည်။

Local

ဧပြီ ၂၈ ရက်နေ့ထုတ်Dailyeleven သတင်းစာမှ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။