ကျောက်ဖြူမှသည် အိမ်ဖြူတော်ဆီသို့

မောင်ခိုင်အောင် (စစ်တွေ) - ဆောင်းပါး

ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမြို့တွင် ဧပြီ ၂၇ မှ မေ ၁ ရက်နေ့ထိ ကျင်းပခဲ့သည်။ ညီလာခံ ဖြစ်မြောက်ရေးအတွက် ၂ နှစ် ကြာ ကြိုးပမ်းခဲ့ရပြီး ရခိုင်နိုင်ငံရေး အင်အားစု ပေါင်းစုံနှင့် ရခိုင်ပြည်သူတို့၏ အမျိုးသား တွေ့ဆုံပွဲကြီး ဖြစ်လာခဲ့သည်။ မြန်မာပြည်အနှံ့မှ ရခိုင် လက်နက်ကိုင် အင်အားစုများ နိုင်ငံတကာရောက် ရခိုင်သမိုင်းပညာရှင်များ လာရောက်နိုင်ခဲ့သည်။

ကုန်လွန်ခဲ့သည့် နှစ်များအတွင်း ဘာသာရေးဆန်သည့် ပဋိပက္ခများ ဖြစ်ပွားခဲ့မှု၊ ညီလာခံ မကျင်းပမီ တစ်လအလိုတွင် စစ်တွေမြို့၌ NGO ; INGOs များအပေါ် ဆန့်ကျင် တိုက်ခိုက်ခဲ့မှုတို့ကြောင့် ညီလာခံအပေါ် စိုးရိမ်ကြောင့်ကြမှုများသည် ပြည်တွင်း တာဝန်ရှိသူများနှင့် နိုင်ငံတကာ သံတမန် အသိုင်းအ၀န်းများထဲတွင် ဖြစ်ပေါ်နေခဲ့သည့် ဆွေးနွေးပွဲ အစီအစဉ်နှင့် အကြောင်းအရာများသည် စိတ်ဝင်စားစရာ ဖြစ်နေသည်။

ရခိုင်တို့သည် နာကျင်ဒဏ်ရာ ရနေသော သားကောင်များဖြစ်နေသည်။ ကြောင့်ကြ စိုးရိမ်မှု လွန်ကဲကာ စိတ်လှုပ်ရှားလွယ်သော အဆင့်သို့ ရောက်နေသည်။ သယံဇာတ ကြွယ်ဝပါလျှက် ဆင်းရဲနွမ်းပါးပြီး မဖွံ့မဖြိုးရသည့်အထဲတွင် နိုင်ငံတကာမျက်နှာစာ၌ အရုပ်ဆိုးအကျည်းတန်ကာ အပစ်ပယ်ခံ ဘက်လိုက်မှုဒဏ်ကို ခံနေရသည်ဟု ရိုးသားစွာ ခံစားနေကြရသည်။ ထို့ကြောင့် ညီလာခံတွင် အစွန်းရောက် အယူအဆများဖြင့် ပေါက်ကွဲကာ ဖရိုဖရဲ ရုပ်ဆင်းပျက်သွားမည်ကို ညီလာခံ တာဝန်ရှိသူများ စိုးရိမ်ခဲ့သည်။ အစိုးရသစ်နှင့် ဗမာများအပေါ် မုန်းတီးဆန့်ကျင်စိတ်၊ ဘင်္ဂါလီများအပေါ် ဒေါသစိတ်မှ မူဆလင် မုန်းတီးဆန့်ကျင်ရေးစိတ်၊ မူဆလင်ဘင်္ဂါလီများ ရခိုင်မြေတွင် လုံးဝ မရှိစေလို၊ မမြင်စေလိုသော စိတ်တို့သည် ရယ်ဒီကယ်ဆန်လွန်ပြီး အန္တရာယ်ကြီးသော အစွန်းရောက် အယူအဆများဆီသို့ ဦးတည်သွားနိုင်သည်။

ညီလာခံတွင် ရခိုင်လူထု ညီညွတ်ခဲ့သည်။ စည်းကမ်းရှိခဲ့သည်။ " လုံခြုံငြိမ်းချမ်းဖွံ့ဖြိုးရန် ရခိုင်အမျိုးသားညီလာခံ " ဆိုသော ဆောင်ပုဒ်အတိုင်း လက်တွေ့ကျကျ ရှေ့သို့ ခရီးဆက်နိုင်ခဲ့သည်။

ရခိုင်ညီလာခံ စတင်သောနေ့တွင် သမ္မတ အိုဘားမားသည် မူဆလင် ၆၁ ရာခိုင်နှုန်းရှိသော မလေးရှားနိုင်ငံသို့ ရောက်နေသည်။ ကွာလာလမ်ပူ၌ အာဆီယန်လူငယ်များနှင့် တွေ့ဆုံပွဲတွင် သူသည် သတင်းစကားတစ်ခုကို ကမ္ဘာသို့ ထုတ်ပြန်ခဲ့သည်။

" မူဆလင်တွေကို ဖိနှိပ်နေရင် မြန်မာဒီမိုကရေစီ မအောင်မြင်နိုင်ဘူး " ဟူ၍ ဖြစ်၏။ အမေရိကသည် စူပါ ပါဝါ နံပါတ်တစ်၊ ဒီမိုကရေစီကို ကာကွယ် စောင့်ရှောက်နေသော ချန်ပီယံ၊ ထို့ကြောင့် သမ္မတသည် ဒီမိုကရေစီ၏ စကြာဝတေးမင်း ပင်ဖြစ်သည်။ သူ့ စကားသည် မိုးကြိုးသွား၊ စစ်သံစစ်မိန့် ပမာဖြစ်သည်။ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်လာပြီး ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ မိန့်ခွန်းတွင် ရိုဟင်ဂျင် ပြဿနာကို ပွဲထုတ်လာခဲ့သည်။ မြန်မာ့ဒီမိုကရေစီရေးတွင် ကြီးမားခက်ခဲသော စိန်ခေါ်မှုများနှင့် အခက်အခဲများစွာ ရှိနေသည့်အထဲ မူဆလင် ပြဿနာကို ခဏခဏ ရှေ့တန်းတင်နေသည်မှာ အဘယ်ကြောင့်နည်း။ အစိုးရသစ် လက်ထက်တွင် မူဆလင် ပြဿနာသည် သီတာထွေးမှ စခဲ့သည်။ သို့သော် သမိုင်းရေခံ မြေခံတွင် ဗြိတိသျှတို့၏ ကိုလိုနီ ဆိုးမွေ၊ လွတ်လပ်ရေးရပြီးနောက် အုပ်ချူပ်သူ အဆက်ဆက်တို့၏ သမိုင်းအမြင် အားနည်းမှု၊ နိုင်ငံရေး အမြတ်ထုတ် ကလိမ်ကျမှု၊ အကျင့်ပျက်ခြစားမှု၊ ပြောင်းလဲလာသော ပထ၀ီနိုင်ငံရေး အားလုံး ပတ်သက် ဆက်စပ်နေသည်။

မြန်မာ့နွေဦးတွင် အမြစ်တွယ်နေဆဲ စစ်အာဏာရှင်စနစ်၏ ရေသောက်မြစ် ပြဿနာများကို မည်သို့ ဖြေရှင်းမည်နည်း။ ဆုံးရှုံးနေသော တိုင်းရင်းသား အခွင့်အရေး ပြဿနာများကို မည်သို့ ဖြေရှင်းမည်နည်း။ ပြည်တွင်းစစ် နိဂုံးချူပ်ရေးနှင့် ငြိမ်းချမ်းရေးကို မည်သို့ တည်ဆောက်ရမည်နည်း။ အကျင့်ပျက်၍ ရက်စက်လွန်းသော ဗျိုရိုကရေစီ ယန္တရားမှ အာဏာပိုင်များကို မည်သို့ ဖယ်ရှားရမည်နည်း။ ပြည်သူများ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေး - ပညာရေး ပြဿနာ စသောစသော ပြဿနာများထက် ရိုဟင်ဂျာမူဆလင်ပြဿနာက ရှေ့တန်းရောက်နေသည်။

စစ်အာဏာရှင် စနစ်အောက်တွင် မူဆလင်ကို မဆိုထားနှင့် ရဟန်းသံဃာမကျန် ဆွေရင်းမျိုးရင်း ဗမာများသည်လည်း အမှုန့်ကြိတ် နင်းချေခံခဲ့ရသည်။ ကရင်၊ ရှမ်း၊ မွန်၊ ရခိုင်တို့သည် ကျွန်တစ်ပိုင်း ဖြစ်ခဲ့ရသည်။ သို့သော် မူဆလင်ရိုဟင်ဂျာများသည်သာ အဖိနှိပ်ခံရဆုံး၊ ကံအဆိုးဆုံးသူများဟု အိမ်ဖြူတော်နှင့် ဥရောပ အသိုင်းအ၀န်းမှ ပုံဖော်လာခဲ့သည်။ ရခိုင်တို့သည် လူဆိုးလူမိုက် အရိုင်းအစိုင်း ဗုဒ္ဓဘာသာများအဖြစ် ပုံရိပ်ပေါ်လာခဲ့သည်။ ရခိုင်တို့သည် ဘယ်လိုသမိုင်းနှင့် ဘယ်လို လူသားတွေလဲ။ အိုဘားမား မသိ။ အိမ်ဖြူတော်မသိ။ သူတို့ သိသည်မှာ မူဆလင် ရိုဟင်ဂျာ။

(၂)
သမ္မတ အိုဘားမား၏ အာရှခရီးစဉ်အတွင်း လန်ဒန်စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်းမှာ ကွန်ဖရင့်ငယ်တစ်ခု ပြုလုပ်ခဲ့သည်။ " မြန်မာ့ရိုဟင်ဂျာ များအပေါ် နိုင်ငံတော်က ကြီးမှူးသော ချေမှုန်းသုတ်သင်ရေး ဆယ်စုနှစ်များ " ခေါင်းစဉ်နှင့် ဖြစ်သည်။ ကျောက်ဖြူ ညီလာခံ၏ ဒုတိယနေ့ ဧပြီ ၂၈ တွင် သူတို့၏ သတင်းထုတ်ပြန်ချက် ထွက်လာခဲ့သည်။

ကွန်ဖရင့် သဘာပတိက မြန်မာလူမျိုး ဒေါက်တာ ဇာနည်၊ ဦးဆောင် ဆွေးနွေးသူက ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကိုယ်စားလှယ်တော်ကြီး မစ္စတာ ကွန်တားနား ဖြစ်သည်။ ရိုဟင်ဂျာများအပေါ် ညှင်းပန်းသတ်ဖြတ်မှုများသည် နိုင်ငံတကာ ဥပဒေအရ မျိုးတုန်းသတ်ဖြတ်မှု မြောက် မမြောက်ကိစ္စအား ဆွေးနွေးခဲ့ကြသည်။ မျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ပညာရှင်များ တက်ရောက်ခဲ့ကြသည်။" မျိုးတုန်း သတ်ဖြတ်မှု လက္ခဏာကို တွေ့ရတယ်။ ဒါဟာ လူသားထု တရပ်လုံးကို ဆန့်ကျင်တဲ့ ရာဇ၀တ်ပြစ်မှုဘဲ " ဟု ကွန်တားနား ပြောခဲ့သည်။

" ကျွန်တော့်ရဲ့ သုံးနှစ်တာ သုတေသန လုပ်ရပ်တွေအရ ဒါဟာ ဖြည်းဖြည်းချင်း တောက်လောင်နေတဲ့ မျိုးတုန်း သတ်ဖြတ်မှုဖြစ်တယ် " ဟု ဒေါက်တာ ဇာနည်က ပြောဆိုခဲ့သည်။

ရိုဟင်ဂျာများသည် လက်ထပ်ထိမ်းမြားမှု သားသမီး မွေးဖွားမှု ကိစ္စများတွင် ဆိုးဝါးစွာ ကန့်သတ်ချူပ်ချယ် ခံနေရသည်။ တိုင်းရင်းသား ဖြစ်မှု၊ နိုင်ငံသားဖြစ်မှုများ ငြင်းပယ်ခံနေရပြီး တရားဥပဒေရှေ့မှောက်တွင် သူတို့သည် လူသားများကဲ့သို့ အသိအမှတ်ပြု မခံရဟု သဘောထား ထုတ်ပြန်ခဲ့သည်။ လူမျိုးပေါင်း ၁၃၀ ကျော်ရှိသည့် အထဲတွင် သူတို့ တစ်ခုတည်းအပေါ်မှာ သာလျှင် အဓမ္မ လူဦးရေ ထိန်းချူပ်မှု ပေါ်လစီကို ကျင့်သုံးနေသည်။ သူတို့ အများစုမှာ လူ့အခြေခံ လိုအပ်ချက်ဖြစ်သော စားစရာနှင့် ဆေးဝါးများ မရရှိကြ။ မြန်မာအစိုးရနှင့် ပြည်သူ (Myanmar Govt and People) တွေဟာ သူတို့ ပျက်သုဉ်းအောင် လုပ်နေကြသည်ဟုလည်း ပါဝင်သည်။

ဗြိတိသျှ ရိုဟင်ဂျာအဖွဲ့ (BROUK) ခေါင်းဆောင် ဦးထွန်းခင်က အစိုးရ လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဒေသခံ အစွန်းရောက်များကြောင့် ရိုဟင်ဂျာများအတွက် နောက်ထပ် ရ၀မ်ဒါ မဖြစ်စေဖို့ ကမ္ဘာကြီးကို မေတ္တာရပ်ခံခဲ့သည်။

မြန်မာပြည်သူများကိုပါ ရာဇ၀တ်သားအဖြစ် ဆွဲထည့်လိုက်ခြင်းအတွက် မိုက်မဲမှုတွင် ကမ်းကုန်အောင် ထူးချွန်သူဟု ဒေါက်တာ ဇာနည်အား မှတ်ချက်ပြုပါသည်။ ပြည်တွင်း၌ ဖွဲ့စည်းပုံ ပြောင်းလဲရေး လှုပ်ရှားမှုများ၊ လိပ်ခဲတည်းလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ မအောင်မြင်သော ပြုပြင် ပြောင်းလဲရေးများ၊ လယ်ယာသိမ်းထွန်တုံး တိုက်ပွဲများ၊ အလုပ်သမား သပိတ်များနှင့် ဒီမိုကရေစီ ခြေလှမ်းစရုံရှိသေးသော နိုင်ငံငယ်လေးကို ရိုဟင်ဂျာဆိုသော တင်းပုတ်ဆိုးကြီးနှင့် ရိုက်သတ်ဖို့ ကြိုးစားနေသည်။ အမေရိကနဲ့ ဗြိတိန်က အဘယ့်ကြောင့် ပါဝင်နေရသနည်း။ စင်စစ် ရိုဟင်ဂျာ ဆိုသည်မှာ ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲနှင့် ရခိုင်ကို သိမ်းပြီးနောက် ဗြိတိသျှတို့ ပေးခဲ့သော အမွေဆိုး၊ သူတို့ မွှေးခဲ့သော မီးပင်ဖြစ်သည်။

ဤ ဘင်္ဂလီများသည် မြန်မာပြည် ရခိုင်မြေထဲတွင် ရာစုချီနေလာသော လူသားများဖြစ်သည်။ ဆင်းရဲလွန်း၊ ပညာရေး နိမ့်လွန်းသည့် တိုင်းရင်းသား ပြည်သူများအားလုံးကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံခဲ့ရသည်။ သူတို့၏ ခံစားခွင့်များနှင့် ဂုဏ်သိက္ခာအတွက် ဒီမိုကရေစီ မြတ်နိုးသူတိုင်းတွင် တာဝန်ရှိသည်။ အများစုမှာ မြန်မာစကား မတတ်။ ပညာရေးမရှိ။ သတင်းစာမသိ။ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်စုကို မသိ။ အိန္ဒြာကျော်ဇင်၊ ပြေတီဦး မသိ။ နေတိုး မသိ။ ရခိုင်စာပေ ယဉ်ကျေးမှုနှင့် စိမ်းလွန်းသည်။ ယခုနှ ချစ်ကြောင်းပြနေသည့် OIC သည် ဟိုး လွန်ခဲ့သော ဆယ်စုနှစ်များစွာ ကတည်းက ခေတ်မီ ပညာရေး၊ ကျန်းမာရေးတို့အတွက် အများကြီး ကူညီခဲ့သင့်သည်။ သူတို့ မျိုးဆက်များသည် မဒရာဇီကျောင်းနှင့် ကွန်ဆားဗေးတစ် ရယ်ဒီကယ် ဗလီဆရာများအောက်တွင် ကြီးပြင်းလာခဲ့ရသည်။ ဂျောင်ပိတ်ခံ လူသား၊ ဂျောင်ပိတ်ခံ လူ့အဖွဲ့အစည်း ဖြစ်ခဲ့ရသည်။ ထို လူသားများကို ခုတုံးလုပ်ပြီး သတင်းမီဒီယာ တိုက်ကွက်များ၊ ကွန်ဖရင့်များလုပ်၊ လော်ဘီများလုပ်၊ ကွန်ကရက်အတွင်း ကြားနာသူများလုပ်၊ အစိုးရ၏ ပျော့ညံ့ချက်များ၊ အမှားများကို ပုံကြီးချဲ့ခဲ့သည်။ နိုင်ငံရေး ထိုးစစ်လုပ်သည်။ အနောက်ဘက် တံခါးတွင် စစ်ရေးအရ လှုပ်ရှားလာသည်။ မည်သည့် ရည်မှန်းချက်နှင့် ဤဗျူဟာများကို ခင်းလာသနည်း။

ရခိုင်တို့သည် ဘင်္ဂါလီတို့အား ရန်စ ကျူးကျော် သတ်ဖြတ်ခဲ့ပါသလား။ ဗုဒ္ဓဘာသာ ရခိုင်တွေဟာ စိတ်ကောင်းလွန်းလို့၊ ရိုးလွန်းအလွန်းလို့ အာရပ် ပုံပြင်ထဲက သဲကန္တရ ကုလားအုပ် ဗျူဟာကို ခံလိုက်ရသည်။ မလုံခြုံမှုများ စိုးရိမ်ကြောင့်ကြမှုများ ကြီးထွားလာကြသည်။ လယ်ဆုံး ရွာဆုံး၊ လူဦးရေ တစစ ၀ါးမျိုခံနေရသော အဖြစ်မှသည် နယ်ဆုံး လူပြုန်း စေသော ဘ၀သို့ မရောက်စေရပါဟု မည်သူ အာမခံမည်နည်း။ အိမ်ဖြူတ်ာလား၊ ကုလသမဂ္ဂလား။ သမိုင်းကို လေ့လာရကောင်းမှန်းမသိ သမိုင်း သင်ခန်းစာကို မသိနားမလည်တဲ့ လူမျိုးဟာ ကြမ္မငင်နေတဲ့ လူမျိုးပဲလို့ ဂျော့စန်တာယာနာ ပြောဖူးသည်။ ရခိုင်တို့သည် ကြမ္မာငင်နေသော လူမျိုးလား။
ရခိုင်တို့သည် ကိုယ့်ဘ၀ ကိုယ့်အခြေအနေကို သိနားလည်သည်။ သူတို့နှင့် အပြိုင် တည်ရှိလာခဲ့သော မူဆလင်များကို တစုံတရာ နားလည်သည်။ နှစ်များ ရာချီနေလာခဲ့ကြပြီ ဖြစ်သည်။ ပြဿနာက ရေရေရာရာ မသိဘဲနှင့် အဝေးမှ ဖိအားပေးနေသော နိုင်ငံကြီးများ၊ အဖွဲ့အစည်းကြီးများ ဖြစ်သည်။ အမေရိက် သံတမန်များကို အာပေါက်မတတ် ပြောဖူး၊ ရှင်းပြဖူးကြပြီ။ သူတို့မှ သုတေသီများ ရှိကြသည်။ သို့သော် ကျွန်တော် စိုးရိမ်သောကများကို ထည့်သွင်း မစဉ်းစား။ ကျွန်တော်တို့ကို နားလည်မပေး။ စာနာမထား ဆိုတာ ထားရှားလာခဲ့သည်။

(၃)
မေလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု လက်ကျန်များကို သက်တမ်း တစ်နှစ်တိုးရန် သမ္မတ အိုဘားမားက ကွန်ကရက်သို့ အကြောင်းကြားသည်။ မထူးဆန်းပါ။ အံ့သြဖို့ ကောင်းသည်မှာ အဓိက အကြောင်းအရင်းဖြစ်သည်။ " မူဆလင်များနှင့် ပတ်သက်သော ရခိုင်အရေးသည် အမေရိက၏ အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြားရေး ၀ါဒကို အကြီးအကျယ် ခြိမ်းခြောက်နေသည် " ဟု ညွှန်းသည်။ နောက်တစ်ချက်က တပ်မတော်သည် စီးပွားရေး၊ နိုင်ငံရေးမှာ ဆက်လက် ပါဝင်နေမှု ဖြစ်သည်။

မြန်မာ့နိုင်ငံရေးတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေသော တပ်မတော်ကို လက်တွေ့ကျကျ ဖြည်းဖြည်းချင်း ဆုတ်ခွာရန် ပြည်သူများ၊ နိုင်ငံရေး အင်အားစုများ မျှော်လင့်နေကြသည်။ ဖွဲ့စည်းပုံ ပြောင်းရမည်။ တပ်မတော်ဘက်မှ သဘောထားကြီးရမည်။ အချိန်ယူရမည်။ ပေးရမည်။ ဤကိစ္စကို ထားပါတော့။ ရခိုင်ကိစ္စက အမေရိက၏ အမျိုးသား လုံခြုံရေးကို မည်သို့မည်ပုံ ခြိမ်းခြောက်နေပါသနည်း။

အိုဘားမား၏ သဘောထားကိုဖတ်ရသော အမေရိကနှင့် ဥရောပ၊ ကမ္ဘာတ၀ှမ်းမှ လူပေါင်းများစွာတို့သည် ရခိုင်ကို မည်သို့ နားလည်သွားကြမည်နည်း။ လုံခြုံရေးကို ထိခိုက်တယ်ဆိုလျှင် မြောက်ကိုးရီးယားကဲ့သို့လား။ အယ်လ်ကိုင်ဒါး တာလီဘန်များကဲ့သို့ သွေးဆာနေသော စစ်ဘေးကြမ္မာ ဗုဒ္ဓသားတွေလား ဟု စဉ်းစားသွားနိုင်သည်။ တစ်ခါမှ မကြားဖူး၊ ထူးဆန်းသော "ရခိုင်" ဆိုသည့် နေရာတစ်ခုက မဟာအင်အားကြီး အမေရိကရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ဆိုသော သမ္မတ၏ စကားသည် ကျိုးကြောင်းဆက်စပ်မှု ကင်းမဲ့ပြီး ဆင်ခြင်တုံတရား ခေါင်းပါးလွန်းပါသည်။ မောဟ မပါဘဲ လက်ရှိအစိုးရမှာ ကောင်းသည့် အရာများရှိသလို ထောက်ပြစရာ ညံ့ကွက်ဆိုးကွက်များ တစ်ပုံတစ်ပင် ရှိသည်။ စီးပွားရေး ပိတ်ဆို့ရန် အကြောင်းပြချက် သည်မျှပင် ရှားပါးရပါသလား။ လူ့အခွင့်အရေးကို ထောင်ပြပြီး စီးပွားရေး အကျိုးတူ မူဆလင်ကမ္ဘာကို မျက်နှာချိုသွေးလိုက်ခြင်းသာ ဖြစ်မည်။ သေနပ်မဆိုထားနှင့် လက်နက်ဆို၍ သားငါးလှီးရန် ဓါးကိုတောင် ကောင်းကောင်း သွေးမထားသော ရခိုင်တို့၊ လျှပ်စစ်မီးမရှိ၊ မမြင်ဘူးသော ကျေးလက် ရခိုင်ရွာမှ လယ်သမားများ အင်တာနက် မသိ၊ ကွန်ပျူတာ မမြင်ဘူးသော ရခိုင်ပြည်သူအများစုသည် အနုမြူစွမ်းအားရှင် အမေရိကအား မည်သို့ ခြိမ်းခြောက်မည်နည်း။ သူ ပြောချင်သည်မှာ ထို ရခိုင်များသည် မြန်မာစစ်တပ်နှင့် ပူးပေါင်းကာ မူဆလင်ရိုဟင်ဂျာများကို မျိုးတုန်း သတ်ဖြတ်လိမ့်မည်။ ဧပြီ ၂၈ ရက်နေ့က လန်ဒန်၌ ကွန်တားနား ပြောခဲ့သည်နှင့် အတူတူပင်ဖြစ်သည်။

(၄)
အမေရိက၏ နိုင်ငံခြားရေး ပေါ်လစီတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို စံနှုန်းထားသည်။ သို့သော် နိုင်ငံတစ်ခုချင်း ပြဿနာ တစ်ခုချင်းကို ကိုင်တွယ်ရာ၌ ရှေ့နောက် မညီမှု၊ ယုတ္တိဗေဒ ကင်းမဲ့မှုများကို နေရာတိုင်းတွင် နှိုင်းယှဉ် တွေ့ရှိနိုင်သည်။

မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကိုပင် ပိတ်ပင်ဟန့်တားရန် ကြိုးစားခဲ့ကြသည်။ ထိုစဉ်က စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ သရဖူ ဆောင်းခဲ့သည်။ ဆိုခြင်းမှာ ငြင်းမရသော အမှန်တရား။ သို့သော် ဤသို့ နိုင်ငံတိုင်းကို လုပ်ခဲ့သလား။ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ တရုပ်ကို မည်သို့ ဆက်ဆံခဲ့သလဲ။ အရှေ့အလယ်ပိုင်းမှာ ဆိုးဝါးလွန်းတဲ့ နိုင်ငံများ အဘယ်ကြောင့် ကင်းလွတ်ခွင့်ရနေကြသလဲ။

လူ့အခွင့်အရေး စံကိုသာ ကိုင်ထားတယ် ဆိုလျှင် တရုပ် - အမေရိကန် ဆက်ဆံရေး ပြိုဆင်းသွားလိမ့်မည်။ လူ့အခွင့်အရေးက တစ်ဘက်၊ ဈေးကွက်နှင့် အမျိုးသား စီးပွားရေးက တစ်ဘက်၊ နှစ်ခု မျှပြီး ကစားနေရသည်။ နိုင်ငံရေးဆိုသည်မှာ အကျိုးစီးပွားအတွက် ကစားဝိုင်း ဖြစ်နေသည်။ ထို့ကြောင့် စံနှုန်းများ ဆိုသည်မှာ တစ်ခါတစ်ခါ ဟန်ဆောင်ပန်ဆောင် သံတမန် အပြုံးလောက်သာ ရှိသည်။

လူ့အခွင့်အရေး သုည နိုင်ငံများ၊ အရှေ့အလယ်ပိုင်းမှာ ရှိသည်။ ချာရီယာ ဥပဒေပင် ကြီးစိုးနေကြသည်။ သို့သော် အမေရိက၏ သေနင်္ဂဗျူဟာ မိတ်ဆွေများ၊ စီးပွားရေး ရောင်းရင်းကြီးများ လက်နက်ကုန်သည်ကြီး၏ ဖေါက်သည်ကြီးများ၊ သည်တော့ အိမ်ဖြူတော် နှာစေးနေသည်။ စုံလုံးကန်းနေသည်။

ဆီးရီးယားမှာ အီရတ်မှာ အာဖဂန်မှာ လောင်မီးထနေသည်။ အိမ်ဖြူတော်က အာရှကို လှည့်ပြီး မဟာမိတ်များနှင့် တွေ့သည်။ ပစီဖိတ်မှာ ပဋိပက္ခ ကြီးလာသည်။ တရုပ် - ဗီယက်နမ်တို့ ရန်ထဖြစ်ကြသည်။ ဗြိတိသျှတို့ ရွှေခေတ်သည် အတ္တလန်တိတ် အမေရိကအတွက် ပစီဖိတ်။ စစ်အေးကာလအလွန် ရွှေခေတ်ထဲမှာပင် အာဖဂန် စစ်ပွဲမှ အယ်လ်ကိုင်ဒါနှင့် တာလီဘန်တို့ မွေးဖွားလာခဲ့သည်။ အစွန်းရောက် မူဆလင်တွေ ခေါင်းထောင်လာသည်။ ခေါင်းကိုင် ဖခင်ကြီး ဘယ်သူလဲ။ ကိုယ်မွေးတဲ့ မျောက် ကိုယ့်ကို ပြန်ခြောက်နေပြီ။ ဆိုရှယ်လစ်နှင့် ကွန်မြူနစ်များထက် အဆပေါင်းများစွာ ဆိုးဝါးတယ်ဆိုခြင်းကို တရုပ်နှင့် အာဖဂန်တို့ကို ယှဉ်ကြည့်ပါလေ။ ယခု နိုင်ဂျီးရီးယားမှာ ဘိုကိုဟာရမ်အဖွဲ့ ပေါ်ပေါက်လာပြီး ကျောင်းသူကလေးများကို ပြန်ပေးဆွဲခြင်းမဟုတ်။ လူ့အဖွဲ့အစည်းကို ပြန်ပေးဆွဲခြင်း၊ ကမ္ဘာကြီးကို ပြန်ပေးဆွဲခြင်းဖြစ်သည်။ ထိုကိစ္စများနှင့် နှိုင်းယှဉ်လျှင် ရခိုင်ကိစ္စက အလွန်သေးမွှားလွန်းသည်။

ရခိုင်မှာ ထမင်း ငတ်သေနေသော ဘင်္ဂါလီ မူဆလင်မရှိ။ ရခိုင်သတ်၍ သေနေသော မူဆလင် တစ်လတွင် တစ်ယောက်မရှိ။ ဒါကိုတောင်မှ လူမျိုးတုန်း သတ်ဖြတ်မှုဟု သံတမန် အသိုင်းအ၀န်းထဲ မီဒီယာထဲ တဂျီဂျီအော်နေသည်မှာ မည်သည့် ရည်ရွယ်ချက်နည်း။

ယဉ်ကျေးတဲ့ မူဆလင် ကမ္ဘာကို ချွေးသိပ်ဖို့၊ မည်သို့မျှ ကင်းကင်းနေ၍ မရသော OIC ကို မျက်နှာချိုသွေးဖို့အွက် အိမ်ဖြူတော်ဟာ ရခိုင်ကို ကျားစာ ချကျွေးနေတာလား။

သမ္မတ အိုဘားမား၏ စီးပွားရေး ပိတ်ဆို့မှု အကြောင်းပြချက်ကို အမေရိကန်ပြန် မြန်မာ မိတ်ဆွေတစ်ဦးနှင့် ဆွေးနွေးကြည့်ရာ သူက အရမ်း စကော်လာဆန်နေသည်။ အမေရိကန်သည် လူ့အခွင့်အရေးကို ဦးထိပ်ထားသည့်အတွက် ဘာကြောင့် ဤသို့ ဆုံးဖြတ်ရသလဲဆိုသည်ကို သူတို့ဘက်မှ ၀င်၍ စဉ်းစားကြည့်ရန် အကြံပေးသည်။ အဲဒီ အမေရိကန်တွေက ရခိုင်တွေဘက်က ၀င်စဉ်းစားဖို့ကော အရေးမကြီးဘူးလားဟု မိတ်ဆွေကြီး ကိုကျော်ဝင်းက ပြောသည်။ အရေးကြီးသည်မှာ အရှိတရားကို သိမြင်ဖို့ ဖြစ်သည်။

ကျွန်တော်တို့ ရခိုင်များသည် မြန်မာ့သမိုင်းတွင် စစ်ရှုံးသော လူမျိုး၊ အပစ်ပယ်ခံ လူမျိုး၊ တိုင်းရင်းသား အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ လူမျိုး၊ ကျွန်တစ်ပိုင်း လူမျိုး၊ ဗမာကို ကြောက်ရာကနေ ကုလားကို ကြောက်ရ၊ အခု ဒီမိုကရေစီ အမေရိကကို ကြောက်ရမယ့် ကိန်း ဆိုက်လာသည်။

ဤကိစ္စသည် ရခိုင်အရေး သက်သက် မဟုတ်တော့ချေ။ ကျွန်တော်တို့ကို စာနာသည့် ဘ၀တူ ဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူများ၏ နားလည်မှုကို ကျွန်တော်တို့ မျှော်လင့်သည်။ ဗမာ ဒီမိုကရက်တေများသည် ကျွန်တော်တို့၏ မိတ်ဆွေ ရဲဘော်များ ဖြစ်သည်။ တပ်မတော်သား၊ နိုင်ငံရေးသမား၊ ပညာရှင် စီးပွားရေး လုပ်ငန်းရှင် အားလုံးကို ရည်ညွှန်းသည်။

ကျောက်ဖြူ ညီလာခံတွင် လုံခြုံငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်သော ရခိုင်လူ့အဖွဲ့အစည်း ပေါ်ထွက်လာရေးကို ဦးတည်လျှက် ကျွန်တော်တို့ စုရုံးခဲ့ကြသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ တန်းတူချစ်ကြည် စည်းလုံးသော ဖက်ဒရယ် နိုင်ငံတော်သစ် တည်ဆောက်ရန် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြသည်။ ဤ ပြည်ထောင်စုထဲတွင် တန်းတူရေး၊ တရားမျှမှုနှင့် လွတ်လပ်ခွင့်တို့ ဖူးပွင့်နေရမည်။ ဟိန္ဒူ၊ ခရစ်ယန်၊ မူဆလင် ဘာသာမျိုးစုံ လူသားတို့သည် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်နှင့် လူ့အခွင့်အရေး ပြည့်ဝစွာ ခံစားစေရမည်။ ဤသည်တို့ကို အိမ်ဖြူတော် သိသင့်သည်။ ရခိုင်တို့သည် ရန်လိုသော သွေးဆိုသော လူမျိုးမဟုတ်။ ငြိမ်းချမ်းရေး မြတ်နိုးသော ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။ လူ့အခွင့်အရေး အောင်လံထောင်ကာ မူဆလင်ကမ္ဘာကို မျက်နှာချိုသွေးပြ ရိုဟင်ဂျာလှုပ်ရှားမှုများကို ထောက်ခံအာ ပြတ်ပြတ်သားသား ရပ်တည်ပြနေသော အိမ်ဖြူတော် ပေါ်လစီသည် ရခိုင်ဒေသ၏ ငြိမ်းချမ်းရေးကို အထောာက်အကူ မပြုနိုင်။ ပြာဖုံးနေသော မီးခဲလေးကို မီးကျီးရဲရဲ ဖြစ်အောင် လေမှုတ်ပေးသလို ဖြစ်နေသည်။

ကွန်ကရက်မှ စီးပွားရေး ပိတ်ဆို့မှု သက်တမ်းမတိုးမီ နှစ်ရက်က အနောက်ဖက် နယ်စပ်တွင် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့မှ ၀င်တိုက်၍ မြန်မာ လက်နက်ကိုင်တချို့ ထိခိုက်ကျဆုံးခဲ့ရသည်။ ပိတ်ဆို့ပြီး နောက်နေ့များတွင်လည်း ဆက်ဖြစ်နေသည်။

ရခိုင်တို့သည် အတူနေလာသော ဘင်္ဂလီများနှင့် ပေါက်ကွဲစရာ ပြဿနာမရှိပါ။ ရိုဟင်ဂျာ ဆိုသော စကားလုံး၏ နောက်ကွယ်မှ နိုင်ငံရေး အနက်ဆောင်မှုကို စိုးရိမ်နေသည်။ ဖြတ်သန်းခဲ့သော သမိုင်း၏ သင်ခန်းစာများအရ ဖြစ်သည်။ ၁၉၈၂ နိုင်ငံသား ဥပဒေ၊ သူတို့၏ နိုင်ငံသား ဖြစ်မှု၊ လူ့အခွင့်အရေးနှင့် သူတို့၏ ဆုံးရှုံးနေသော လွတ်လပ်ခွင့်များ ကျွန်တော်တို့ မပိတ်ပင်ပါ။ သူတို့ လူသားပီပီ ခံစားခွင့်ရကြပါစေ။

သို့သော် အမေရိက EU နှင့် ကုလသမဂ္ဂ သံတမန်ကြီးများက ရိုဟင်ဂျာ မှ ရိုဟင်ဂျာ။ တစ်ရာမှ မလျှော့။ တိုင်းရင်းသား သတ်မှတ်ရေးသည် သူတို့ တာဝန်ကြီး တစ်ခု ပမာ ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ ခေါင်းဆောင်မျာား သမိုင်းဆရာများက ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခုအပေါ် ဖိအားပေး ၀င်စွက်ဖက်နေကြသည်ဆိုလျှင် "ရိုဟင်ဂျာ" အသိအမှတ်ပြုမှု နောက်ဆက်တွဲ ပေါ်ထွက်လာမည် သေချာသော၊ နိုင်ငံရေး အရှုပ်အရှင်းများ၊ ထိတ်လန့်စရာ စိန်ခေါ်မှုများကို ဘန်ကီမွန်း တာဝန်ယူနိုင်မှာလား၊ အိုဘားမားနဲ့ အိမ်ဖြူတော် တာဝန်ယူနိုင်မှာလား။ အမေရိက၊ ဥရောပနဲ့ အာရှ မူဆလင် အသိုင်းအ၀န်းမှာ ရခိုင်ဆိုတာ လူ့အခွင့်အရေးကို တန်ဖိုးမထား။ မူဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်နိုင်ဖို့ ကြိုးစားနေသော ဗုဒ္ဓဘာသာများဟု မှတ်ထင်သွားကြပြီး အိမ်ဖြူတော်နဲ့ ကုလသမဂ္ဂ မည်သို့ ဖြေရှင်းမည်နည်း။ တာဝန်မရှိဘူးလား။

(၅)
မေလ ၁၉ ရက်နေ့ ထုတ် "နယူးယောက်တိုင်းမ်" သတင်းစာကြီး၏ သဘောထားအမြင်ကဏ္ဍတွင် ဆောင်းပါးတစ်ပုဒ် ပါလာသည်။ ဤ သတင်းစာသည် နိုင်ငံတကာတွင် အလွန်သြဇာကြီးသည်။ ဆောင်းပါး၏ အမည်က "The Buddhist Bigots" ဗုဒ္ဓဘာသာ တဇောက်ကန်းများ။ ဆောင်းပါးအစတွင် ဗုဒ္ဓဘာသာသည် နူးညံ့သိမ်မွေ့သော ငြိမ်းချမ်းရေး၊ အနှစ်သာရရှိသော ဘာသာတစ်ခုအဖြစ် ချီးမွမ်းထားသည်။ (တစ်ခြား ဘာသာတွေထက် ပိုမြတ်သလိုလို စပြီး မြှောက်တယ်)။ နောက်ပိတ်မှာတော့ အယ်လ်ကိုင်ဒါလို တာလီဘန်လို ဗုဒ္ဓဘာသာ ဖြစ်သွားခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ဘယ်လို နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်လဲ။ မူဆလင်တွေဘက်က မရပ်တည်လို့ အရှက်မဲ့သည်ဟု ရေးသားထားသည်။ သူတို့ ရေးပြောသမျှ အမှန်။ အလွန်အားကောင်းသော ပါဝါ အပျော့က သူတို့ လက်ထဲမှာ။ ကျွန်တော်တို့က လူရာမ၀င်။ ကျွန်တော်တို့ အသံက အိမ်ထဲမှာတင် ပျောက်သွားရသော ကိန်းဆိုက်နေသည်။

ရခိုင်သည် သမိုင်းစဉ်လာရှိသော လူမျိုး၊ သူတို့ မြေတွင် ထေရ၀ါဒ သာသနာ ထွန်းကားခဲ့သည်။ သူတို့၏ ဒုတိယ သမိုင်းခေတ် ဝေသာလီတွင် မဟာယန ထေရ၀ါဒနှင့် ဟိန္ဒူဝါဒတို့ အပြိုင်ရှိနေခဲ့သည်။ နေရာအနှံ့တွင် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ရှိသည်။ တောင်ထွဋ်တောင်ထိပ်များတွင် စေတီများရှိသည်။ ရိုဟင်ဂျာများကတော့ သူတို့ ဘိုးဘေးဇူဇာနယ်မြေဟု ပြော။ ဝေသာလီ သက္ကဋကျောက်စာတွင် ရိုဟင်ဂျာ စကားများပါသည်ဟု ပြော။ မဟာမုနိကုန်းကို မိုဟာမက်ကုန်းဟု ပြော။ လိမ်၊ ရဲရဲသာ လိမ်။ နည်းမျိုးစုံနှင့် လိမ်။ လိမ်ဖန်များလျှင် အမှားသည် အမှန်ဖြစ်လာသည်ဆိုသော ဟစ်တလာလော့ဂျစ်ကို သုံးကြသည်။

ရခိုင်တွင် ပင်လယ်ပြာကြီးရှိသည်။ ရိုးမ တောင်တန်းရှိသည်။ သယံဇာတိပေါသည်။ (ပြည်သူများ မခံစားရခြင်းသည် ကိစ္စတစ်ရပ်) ထိုဒေသသည် ဆင်းရဲမွဲတေပြီး စက်မှုလက်မှု မဖွံ့ဖြိုး၊ ဆယ်စုနှစ်များစွာ ကံဆိုးမိုးမှောင်ကျနေခဲ့သည်။ ယနေ့ ဒီမိုကရေစီ ခြေလှမ်းစရုံရှိသေး။ မီးလောင်မြေ ဖြစ်ဖို့ တာစူနေပြီ၊ ဘယ်သူတွေက ဖန်တီးနေသလဲ။ သွေးထိုးနေသလဲ။ မည်သည့် ရခိုင်မှ ဤအဖြစ်မျိုးကို ကြုံလိုမည်မဟုတ်ပေ။

မေ ၂၈ ထုတ် နယူးယောက်တိုင်းမ် သတင်းစာတွင် ပို၍ လက်သံပြောင်သော ဆောင်းပါး ပါလာပြန်သည်။ ပင်တိုင်ဆောင်းပါးရှင် Nicholas Kristof ၏ "တုန်လှုပ်ချောက်ချားစရာ မြန်မာ့အပ့်သိုက်ဝါဒ" သူသည် ပူလစ်ဇာဆုရှင် နာမည်ကြီး ဂျာနယ်လစ်။

အသက် ၂၃ နှစ်အရွယ် မူဆလင် မိန်းကလေး မီနူရာဆာဂင်သည် ဆရာဝန် မပါဘဲ သူမ၏ သားဦးကို မွေးဖွားဖို့ ပင်ပန်းခက်ခဲစွာ ကြိုးစားနေရသည်။ ဆေးဝါး မရှိ။ အားကိုးစရာမရှိ။ ဤသို့ စလာသော ဇတ်လမ်းရှင်ကဲ့သို့ ရိုဟင်ဂျာများ ရခိုင်ပြည်နယ်တွင် တစ်သန်းကျော် ရှိသည်။ အဆုပ်နာ ရောဂါနှင့် ဆေးဝါးမရှိဘဲ သေသွားရသော ဘစိန်လည်း ပါလာသည်။ မီးဖွားစဉ် သွေးလွန်၍ ကလေးငယ် ဆုံးသွားရသောအခါ မီနူရာ၏ ခင်ပွန်းက "ရိုဟင်ဂျာ ဖြစ်ရတဲ့အတွက် ငါတို့ ဆေးဝါးကုသမှု မရဘူး၊ အဖေ တစ်ယောက်ဘ၀ကို ငါ မရလိုက်တော့ဘူး" ဟု ခါးသီးစွာ ပြောဆိုသည်။

ဆောင်းပါးရှင်က အမေရိက၏ ပြောဆိုမှုများသည် ပျော့ညံ့လွန်းသည်။ ဥရောပနှင့် အာရှသည် အခြားနည်းရှာရန် ကြိုးစားခဲ့ပြီး အမေရိကသည် ဂျပန် ဗြိတိန်၊ မလေးရှားတို့နှင့် တွဲပြီး မြန်မာကို ဖိအားပေးရမည်။ သူ၏ နိုင်ငံခြားရေး ပေါ်လစီ ရွေးချယ်မှုလုပ်ငန်းများတွင် အကန့်အသတ်ရှိပြီး စစ်ရေးအရ ၀င်စွက်မှုများ ရလဒ်ဆိုးသည်ကို အိုဘားမား သိရှိလာပြီ။ သို့သော် အပြည့်အ၀ မသုံးသေးသော နိုင်ငံရေး အရင်းစွမ်းအား (Political Capital) သူ့မှာ ရှိသည်ဟု ရေးသည်။ မည်သည်ကို ဆိုလိုသနည်း။ ဘာတွေ လုပ်မည်နည်း။

တက္ကသိုလ် ကျောင်းသားတစ်ဦး ဘ၀တွင် တောင်အာဖရိက၏ အသားရောင် ခွဲခြားရေးဝါဒကို ဘိုဘားမား ဆန့်ကျင်ခဲ့သည်။ ထို့ထက် ပိုမို ထိတ်လန့်တုန်လှုပ်စရာဝါဒကို သာမက တစ်ဦးအနေနှင့် ရင်ဆိုင်သင့်သည် ဟု ရေးသည်။ မြန်မာသည် တောင်အာဖရိကထက် ဆိုးဝါးနေပါပေါ့လား။ မြန်မာသည် အမေရိက၏ ရင်းနှီး မြုပ်နှံမှုများ ရှာဖွေနေသည်။ ရိုဟင်ဂျာများကို လူလို မဆက်ဆံလျှင် တပြားတချပ်မှ ရမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောရမည်ဟု ပူလစ်ဇာဆုရှင်က နိဂုံးချူပ်ထားသည်။

ဒီမိုကရေစီနိုင်ငံကြီးမှ ထက်မြက်သည့် ဂျာနယ်လစ်တစ်ဦး ဤမျှ ပကတိတရားနှင့် ကင်းကွာ၊ ဤမျှ အမြင်တိမ်မည်မဟုတ်ဟု မထင်မှတ်ခဲ့ပါ။ မောဟများ ဖုံးနေသည်ဟုသာ တွေးမိသည်။

၁၉၈၈ မှ စခဲ့သော အမှောင်ခေတ်၏ အဆိုးဝါးဆုံး နှစ်ကာလများ၊ အိမ်ဖြူတော်၏ စီးပွားရေး ဒဏ်ခတ်မှု၊ နိုင်ငံတကာနှင့် အဆက်အသွယ် ဖြတ်တောက်မှု စသည်တို့၏ ရလဒ်တစ်ခု အဖြစ် တရုပ်-မြန်မာဆက်ဆံရေးသစ် ပေါ်ထွက်လာခဲ့သည်။ တရုပ် အစိုးရသည် မြန်မာအစိုးရ၏ ကျေးဇူးရှင်။ မြန်မာ့ ဒီမိုကရက်များအတွက်တော့ ကယ်တင်ရှင်လောင်းသည် အိမ်ဖြူတော်။ အာဏာရှင် ဗိုလ်နေ၀င်း၏ ဆိုရှယ်လစ် အစိုးရကို ကွန်မြူနစ် ဆန့်ကျင်ရေး ပြင်းထန်သည့်အတွက် အိမ်ဖြူတော် အင်္ဂလန်နှင့် အနောက် ဂျာမဏီတို့က သဘော ကျခဲ့ကြသည်။ ကွန်မြူနစ် တော်လှန်ရေးကိုတော့ တရုပ်ပါတီမှ ထောက်ပံ့အားပေးခဲ့သည်။ ထို ကာလများတွင် လူ့အခွင့်အရေးကို လေးစားပါ။ သဘာဝ ပတ်ဝန်းကျင်ကို လေးစားပါ ဆိုသော ဆောင်ပုဒ်များသည် အိမ်ဖြူတော်၏ အဘိဓါန်တွင် မရှိကြောင်းကို အင်ဒိုချိုင်းနား စစ်ပွဲသမိုင်းက သက်သေပြသွားပါပြီ။ အိမ်ဖြူတော်ရော၊ တိန်အန်မင်ပါ မြန်မာတိုင်းရင်းသား ပြည်သူများကို ချစ်ခင်လေးစားပါသည် ဆိုခြင်းမှာ မရယ်ရသော နိုင်ငံရေး ဟာသပင် ဖြစ်မည်။ တန်အန်မင် ကို ဦးညွတ်ရင်း လမ်းကြောင် လမ်းပျောက်သွားရသော ပစ္စည်းမဲ့ တော်လှန်ရေးပါတီမှ ဘော်ရှီဗစ် ရဲဘော်များ၊ အိမ်ဖြူတော်ကို ရှိခိုးကန်တော့ရင်း သူတောင်းစား ဖြစ်သွားခဲ့ရသော တော်လှန်သည့် ဒီမိုကရက်များ၊ ရွှေလီ - ချင်းမိုင် - မဲဆောက်မှာ ရှာစရာမလို။ ရန်ကုန်-မန္တလေး မြို့ကြီးများတွင် ရောက်နေပါပြီ။ ပြည်သူများမှာလည်း မွတ်ကျောပြာစု အမှောင်ထုထဲမှ ရုန်းမထွက်နိုင်သေး။ တော်လှန်ရေးကြီးက ကမ်းမမြင်၊ လမ်းမမြင်။ ပါဝါကြီးများက အကျိုးစီးပွားများအတွက် ဂိမ်းများကို တစ်ခုပြီး တစ်ခု ကစားနေကြဆဲ။ ကံဆိုးမိုး မှောင်ကျနေသော နိုင်ငံ၏ ပြည်သူများသည် စတေးခံ သားကောင်များ ဖြစ်ပေးနေရဦးမည်လား။

(၆)
ကမ္ဘာ့နိုင်ငံရေးတွင် သမုဒ္ဒရာများ၏ အခန်းကဏ္ဍသည် အရေးပါသည်။ ၁၉ ရာစုတွင် အတ္တလန်တိတ်။ ၂၀ ရာစုတွင် ပစီဖိတ်။ ၂၁ ရာစုတွင်ကား နေရာဟောင်းများ နောက်သို့ ရောက်လာသည်။ ကမ္ဘာကို လွှမ်းမိုး ပိုင်စိုးလိုသော စူပါနိုင်ငံသည် သမုဒ္ဒရာကို ပိုင်စိုးနိုင်ရမည်။ သမုဒ္ဒရာကို မပိုင်ဘဲ ယနေ့ ကမ္ဘာကြီးကို စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးရန် လုံးဝ မဖြစ်နိုင်ပါ။ အိန္ဒိယသမုဒ္ဒရာ၏ အခန်းကဏ္ဍကို ယနေ့ ပထ၀ီ နိုင်ငံရေး၏ အဆုံးအဖြတ် ရေပြင်အဖြစ် သေနင်္ဂဗျူဟာ ပညာရှင်များက အသိအမှတ်ပြုခဲ့ကြပြီ။ အမေရိကသည် နံပါတ် ၁ နေရာကို ထိန်းထားရန် အိန္ဒိယသမုဒ္ဒရာကို ပိုင်စိုးရမည်။ သို့သော် ထိုရေပြင်သည် အမေရိကနှင့် အဝေးကြီး။ သဟာရ အဖျားကနေ အင်ဒိုချိုင်းနား ကျွန်းစုတွေအထိ ရှည်လျားကျယ်ပြောပြီး အာရေဗီယပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် နှစ်ခုရှိသော ထိုသမုဒ္ဒရာကြီးအတွက် မဟာနိုင်ငံကြီးများ ဗျူဟာ ခင်းနေကြပြီ။ မဟာဗျူဟာကစားပွဲတွင် တရုပ်နှင့် အိန္ဒိယအတွက် အိမ်ကွင်းသဖွယ် ဖြစ်နေသည်။ အိန္ဒိယနိုင်ငံနှင့် အိန္ဒိယ သမုဒ္ဒရာဆိုသည်မှာ အမျိုးဆက်ပြီးသား။ တရုပ်တို့အတွက်ကား မြန်မာ စစ်အာဏာရှင်တို့အပေါ် အိမ်ဖြူတော်၏ ဟိုကိုင်သည်ကိုင် ယောင်ချာချာ ပေါ်လစီကြောင့် ဘင်္ဂလားပင်လယ်အော်ကို မေတ္တာလက်ဆောင် အချောင်ရလိုက်လေသည်။ တရုပ်သည် အမေရိကကို ကျော်တက်ရန် နည်းမျိုးစုံ ကြိုးပမ်းနေသော စူပါ အာရှဆိုသည်ကို ပညာရှင်တိုင်း လက်ခံပြီးသား ဖြစ်သည်။ တချို့ ၂၀၅၀ တွင် အပြတ်ဖြတ်သွားလိမ့်မည်ဟု ဟောကိန်း ထုတ်ကြသည်။ တရုပ်နိုင်ငံတော်တွင်လည်း သိမ်မွေ့သော အတွင်း ပဋိပက္ခများစွာနှင့်။

ယနေ့ ပထ၀ီနိုင်ငံရေးတွင် စွမ်းအင်သည် ထိပ်ဆုံးတန်းမှ ပြဿနာဖြစ်သည်။ အိန္ဒိယနှင့် တရုပ်တို့အတွက် စွမ်းအင်ပြဿနာ၏ ထိန်းချူပ် ပွိုင့်များသည် အိန္ဒိယသမုဒ္ဒရာအတွင်း ဟောမုတ်ရေလက်ကြားနှင့် မလက္ကာရေလက်ကြားတို့ဖြစ်သည်။ တရုပ်တို့သည် မြန်မာနိုင်ငံကို ဖြတ်ကာ ဘင်္ဂလား ပင်လယ်အော် ထွက်ပေါက်ကို ရရှိထားသောကြောင့် သမုဒ္ဒရာ နှစ်စင်းကို တံတားထိုးနိုင်ရန် အခွင့်အလမ်းသာခဲ့ပြီ။ ကျောက်ဖြူ - ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံလှောင်ကန်ကြီးများ၊ တရုပ်ပြည်သို့ ရေနံပိုက်လိုင်းများ၊ အထူးစီးပွားရေး ဇုန်နှင့် ကျောက်ဖြူ - တရုပ်ပြည် မီးရထားလမ်းတို့သည် အိန္ဒိယ သမုဒ္ဒရာကို လွှမ်းမိုးရန် အခြေခံ အုတ်မြစ်များ ဖြစ်သည်။ တဘက်တွင် အိန္ဒိယ၏ အရှေ့မျှော်ဝါဒအရ ကုလားတန်မြစ်ကြောင်း ဘက်စုံ စီမံကိန်းကြီး တစ်ခုသည် စစ်တွေဆိပ်ကမ်းကို ဗဟိုပြုကာ မကြာမီ ပေါ်ထွက်လာတော့မည်။
၂၀၁၂ ခုနှစ်တွင် အိုဘားမားသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒီမိုကရေစီ သတင်းစကားကို လက်ဆောင်ပါးသည်။ သူ့ ခရီးစဉ်တွင် တရုပ်၏ ဂြိုလ်ပတ်စက်ဝိုင်းတွင်းမှ မြန်မာနိုင်ငံကို ဆွဲထုတ်ဖို့၊ တရုပ်ကို စတင် ထိန်းချူပ်ဖို့ သဘောထားများ ပါမည် သေချာသည်။ ဘင်္ဂလား ပင်လယ်အော်ထဲ၌ အမေရိကန်တို့ ခြေလှမ်းနောက်ကျသွားခဲ့ပြီ။ သို့သော် ပေါ်လစီ မိန့်ခွန်းထဲတွင် "ရိုဟင်ဂျာ" ဆိုသည်ကို ပြောဖြစ်အောင် ထည့်ပြောသည်။ သူ့အတွက် လူ့အခွင့်အရေးနှင့် ရိုဟင်ဂျာကို တွန်းတင်ပေးရ၊ အရှေ့အလယ်ပိုင်း မူဆလင်ကမ္ဘာကို မျက်နှာချိုသွေးရ၊ မြန်မာ့နွေဦးကို အားပေးလိုက် ဖိအားပေးလိုက်နှင့် နှစ်မျက်နှာ လုပ်နေရ၊ တရုပ်ကို ထိန်းချူပ်ဖို့ ကြိုးစားရနှင့် စမ်းတ၀ါးဝါး အဆင့်မှာ ရောက်နေသည်။ အမေရိက၏ ရင်းနှီးမြုပ်နှံမှုက ၁ ရာခိုင်နှုန်းသာ ရှိသော မြန်မာနိုင်ငံတွင် ဖျာခင်းသူက ခင်းနေကြပြီ။ အမေရိကန်တို့၏ ဖျာခင်း ချင်တာက ဖျပ်ဖျပ်လူး၊ ၀င်ခင်းဖို့ကလည်း ခက်ဆိုသည့် အခြေအနေမျိုး ရောက်နေသည်။

အမေရိကအတွက် အကြပ်ဆိုက်ကာလမှာ တရုပ်အတွက် သမုဒ္ဒရာ အိပ်မက်သည် တဖြည်းဖြည်း ပီပြင်လာသည်။ ဘင်္ဂလား ပင်လယ်အော်တွင် အခြေကျတော့မည်။ ရခိုင်သည် တရုတ်တို့၏ အခြေစိုက် စခန်းဖြစ်လာတော့မည်။ အိန္ဒိယ သမုဒ္ဒရာကို လက်လွှတ်ရလျှင် မဝေးသော အနာဂတ်၌ ရာဇပလ္လင် နံပါတ်တစ်မှ ဆင်းပေးရန် ပြင်ဆင်ပေတော့။

အမေရိကသည် ရိုဟင်ဂျာ အရေးတွင် အဘယ်ကြောင့် ရှေ့တန်းမှ မားမား ရပ်တည်နေသနည်း။ လူ့အခွင့်အရေးသည် သူတို့၏ စံနှုန်း၊ မူဆလင် ကမ္ဘာနှင့် OIC သည် သူတို့၏ အစားထိုး မရနိုင်သော မိတ်ဆွေကြီးများ ဖြစ်သည်။ ရခိုင်ဒေသတွင် တရုပ်တို့ အခိုင်အမာ ခြေကုပ်စခန်း တည်ဆောက်သွားနိုင်မှုသည်လည်း ပါဝင်နိုင်သည်။ ရခိုင်ဒေသ တည်ငြိမ်မှုသည် တရုပ်တို့အတွက် အခွင့်အလမ်း သာစေပြီး တရုပ်ကို ထိန်းချူပ်မည့် ပေါ်လစီအတွက် အားနည်းချက် ဖြစ်နေသည်။ တရုပ် အသာစီးရနေသော ဒေသတွင် မတည်ငြိမ်မှုများ ရှိနေစေဖို့၊ နိုင်ငံတကာ လက်မဲကြီးက ၀င်ကစားနေတာလား။ ဒီကစားပွဲမှာ ကုလား လက်မဲတွေ၊ နောက်ကြောင်း ပြန်လှည့်ချင်တဲ့ ဗမာ့လက်မဲတွေက ပျော်ရွှင် ကျေနပ်စွာ ၀င်ကနေကြတာလား။ အိမ်ဖြူတော်ဟာ မြန်မာ့နွေဦးကို ရိုဟင်ဂျာ တစ်သန်းနဲ့ လောင်းကြေးထပ်နေတာလား။ ကမ္ဘာပထ၀ီ နိုင်ငံရေး ကစားပွဲကြီးမှာ ရခိုင်ဒေသဟာ မီးလောင်မြေ ဖြစ်ပေးရမှာလား။ ရခိုင်သုံးသန်းဟာ နယ်ရုပ်တွေလို စတေးခံပေးရမှာလား။
ကျွန်တော်တို့ နိုင်ငံမှာ နာကျင်ဆုံးရှုံး စတေးရမှု များပြားလွန်းသော၊ ခါးသီးဆိုးဝါးလွန်းသော ပြည်တွင်း စစ်ကြီးကို နိဂုံးချူပ်စေလိုပါသည်။ တန်းတူသော၊ ချစ်ကြည်စည်းလုံးသော ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှင်သန်ဖူးပွင့်မှုကို တွေ့မြင်ခံစားလိုပါသည်။

နိုင်ငံတော် ခေါင်းဆောင်များ၊ ဒီမိုကရေစီ မြတ်နိုးသော တပ်မတော် ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဗမာ့ ခေါင်းဆောင်များ၊ တိုင်းရင်းသားပြည်သူများအားလုံးကို ကျွန်တော်တို့ ရခိုင်များ၏ ရင်ထဲတွင် တငွေ့ငွေ့ လောင်နေသော သောကဗျာပါဒများကို စာနာပေးကြပါ၊ နားလည်ပေးကြပါလို့ လေးစားအားကိုးစွာ ပန်ကြားအပ်ပါသည်။

ရခိုင်ပြည်သူများ၏ အရှိတရားကို နားလည်ဖို့ ကြိုးစားပါ။ လူသားချင်း စာနာသော အကူအညီ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများကို သန့်ရှင်းသော စိတ်စေတနာဖြင့် ကူညီပါ။ မြန်မာနွေဦး စိမ်းမြသော ရွက်နုရွက်သစ်များသည် သင်တို့၏ ဓါတုဆေးဝါးများကြောင့် မကြွေစေလို။ မြန်မာနွေဦးကို ရေစင်ဖြန်းပါ။ ပျော်ရွှင်ခံစားပါဟု အိမ်ဖြူတော်အား မေတ္တာရပ်ခံအပ်ပါသည်။

မောင်ခိုင်အောင် (စစ်တွေ)

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။