ရခိုင်မှ အမြင့်ဆုံး တောင်ထွဋ်များထဲတွင် တစ်ခု အပါအ၀င်ဖြစ်သော ဘဲငါးရာတောင်သို့ ထောင်ချီရှိသော လူငယ်များ အပျော်ထမ်းတက်ရောက်

စံမောင်သန်း
စစ်တွေ၊ နိုဝင်ဘာ ၂၇


( ယခုနှစ် အပျော်ထမ်း တောင်တက်နေကြသည့် လူငယ်များ/ဓာတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ် ဂစ္ဆပနဒီ မြစ်ဝှမ်းလွှင်ပြင် (ကုလားတန် ) တွင် အမြင့်ဆုံး တောင်ထွဋ် တစ်ခု ဖြစ်သော ဘဲငါးရာတောင်သို့ လူငယ် ထောင်နှင့်ချီပြီး တန်ဆောင်းမုန်း လပြည့်နေ့က အပျော်ထမ်း တက်ရောက်ခဲ့ကြသည်ဟု သတင်း ရရှိသည်။

“ဘဲငါးရာတောင်တက်တာ ဒါပထမဦးဆုံးအကြိမ်ပါ။ လာလည် ရတာတော့ ပျော်ပါတယ်။ ဒါပေမယ့် အန္တရာယ်ရှိပြီး ပင်ပန်းပါ တယ်။ တောင်ပေါ်တက်လမ်းကို စနစ်တကျလုပ်ပေးထားရင်တော့ အန္တရယ်လည်း ကင်းမယ်၊ သက်တောင့် သက်သာလည်းရှိမယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးကျေးရွာ အလက တွင် စာပြနေသည့် ဆရာမဖြူဖြူဝေက နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

ဘဲငါးရာတောင်ကို တန်ဆောင်မုန်း လဆန်း ၁၄ ရက်နေ့ ညနေပိုင်းမှ စတင်တက်ကြသူများရှိသလို အများစုမှာ တန်ဆောင်မုန်းလပြည့် နံနက် ၃ နာရီ ၄ နာရီ အကြားတွင် စတက်ကြသည်ဟု သိရသည်။

တစ်ချို့က နေ့လယ်နှင့် ညနေဘက်တွင်လည်း တက်ကြသည်။ အတက်အဆင်း လူများပြီး တက်ချိန်တွင် ၃ နာရီခန့်ကြာပြီး ဆင်းချိန်တွင် ၂ နာရီခွဲခန့်ကြာသည်။ အမြင့်ပေ ၃၆၅၀ ခန့်ရှိသည်ဟု ဂေါပက လူကြီးကပြော သည်။ တောင်ပေါ်သို့ ရောက်သည့်အခါ အားလုံးမောပန်းကြသော်လည်း ကြည်နူးမှုရှိကြသည်ဟု ဆိုသည်။

တောင်ထက်မှာ ညအိပ်ကြသူများ ရှိသလို အများစု တစ်နာရီခန့် အနားယူပြီး ပြန်ဆင်း ကြသည်ဟု ဆိုသည်။

ယိုးတရုတ်ကျေးရွာတွင် နေထိုင်ပြီး မလေးရှာမကြာသေးခင် ကမှ ရောက် လာသူ ကိုအောင်မင်းထွန်းကလည်း တောင်တက်ရသည်မှာ ယခင်က ထက်အဆင်ပြေကြောင်း၊ သို့သော် အန္တရာယ်ကင်းအောင် တက်လမ်း၊ ဆင်းလမ်းများကို စနစ်တကျ လုပ်ပေးထား သင့်သည်ဟု ပြော သည်။



ယိုးတရုတ်ကျေးရွာနေ မဖြူဖြူဝင်းကလည်း “ယခင် ၁၀ နှစ်ကထက်စာရင်တော့ နည်းနည်းအဆင်ပြေတယ်လို့ ပြောရမှာပါ။ ထိုင်းနိုင်ငံမှာ သွားပြီး အလုပ်လုပ်နေခဲ့ လို့ မရောက်ဖြစ်တာ ၁၀ နှစ်ရှိပါပြီ။ သူများတွေ လာချင်စဖွယ်ဖြစ်အောင်၊ တက်လမ်း၊ ဆင်းလမ်းတွေကို စနစ်တကျ လုပ်ပေးထားရင်တော့ ပိုကောင်းတာပေါ့။ အန္တရာယ်ကင်းရှင်းအောင် အနည်းဆုံး ၀ါးလက်ရမ်းကလေးတော့ လုပ်ပေးထားသင့်ပါတယ်”ဟု ဆိုသည်။
ဘဲငါးရာ တောင်တက်ပွဲမှာ မည်သူတစ်ဦးတစ်ယောက်ကမှ စီစဉ်ကျင်းပသည့်ပွဲမဟုတ်ဘဲ၊ တန်ဆောင်မုန်း လပြည့်နေ့တွင် လာရောက်လည်ပတ်ကြရာမှ၊ တဖြည်းဖြည်း လူအလာများ ကာ တောင်တက်ပွဲဖြစ်လာရသည် ဟု သိရသည်။

ဘဲငါးရာတောင်သည် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မြောက် ဘက် တောင်ရင်း ရွာနှင့် ယိုးတရုတ်ရွာ အနီးတွင် တည်ရှိပြီး ရတနာသိုက်မြောက်အများရှိသည်ဟု လူသိများသော နေရာဒေ သတစ်ခုဖြစ်သည်။
ဘဲငါးရာတောင် တက်လမ်း ဆင်းလမ်းကို စောင်းတန်းတည်ဆောက်ပြီး စနစ်တကျ ပြုလုပ်ထားပါက လူများအရောက်အပေါက် ပိုများလာပြီး၊ ခရီးသွားများ စိတ်ဝင်စားစရာ နေရာတစ်ခုဖြစ်နိုင်သည်ဟု ဒေသခံများကပြောဆိုနေကြသည်။

ယခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကျရောက်သော တန်ဆောင်မုန်း လပြည့်နေ့က ဘဲငါးရာ တောင်တက်ပွဲသို့ ပုဏ္ဏားကျွန်းမြို့နယ်အပြင် စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦး မြို့နယ်များမှလည်း စိတ်ဝင်စားသူများက အပျော်ထမ်း လာတက်ကြသည်ဟု သိရသည်။



___Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။