ပါတီကြီးများခက်ဖွယ်ကြုံမည့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲများ




လာမည့် ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်များ ၌ နိုင်ငံရေးစီးချင်းထိုးမှုများသည် စိတ်လှုပ်ရှားဖွယ်ရာအကောင်းဆုံးဖြစ်နိုင်သည်။ ရခိုင်အမျိုးသားတိုး တက်ရေးပါတီသည် ရခိုင်ပြည် နယ် မဲဆန္ဒနယ် အများစုတွင် ဒု တိယမ္ပိ အပြတ်အသတ်အနိုင်ယူ ၍ နိုင်ငံရေးလက်ပမ်းပေါက်ခတ်နိုင်ခြေမြင့်မားသည့်အလျောက် ရခိုင်ပြည်နယ်၌ ပါတီကြီးများ အနေဖြင့် ခက်ဖွယ်ကြုံရနိုင်ခြေ မြင့်မားသည်။

၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ၈၉ ဦး၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်လောင်း ၆၂ ဦး၊ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် လောင်း ၂၀၃ ဦး စုစုပေါင်း ၃၅၄ ဦး ဝင်ပြိုင်မည်ဖြစ်သည်။ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၄၈ ဦးအထိ စာရင်းရှိခြင်းသည် ထူးခြားမှုဟုဆိုနိုင်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင် ပြည်နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၇ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း ၄၅ ဦး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း၁၁၇ ဦး၊စုစုပေါင်း ၂၁၉ ဦး ဝင်ပြိုင်ခဲ့ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ခုနစ်ဦးပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် မဲဆန္ဒနယ် ၂၆ နေရာ၌ ပါတီကိုယ်စားလှယ်လောင်း ၁၄၈ ဦး တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းလေးဦး စုစုပေါင်း ၁၅၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ လာမည့် နိုဝင်ဘာရွေးကောက်ပွဲ တွင် လွှတ်တော်ကိုယ်စားလှယ် လောင်းဦးရေ သိသိသာသာမြင့် မားခြင်းသည် ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်ပါတီကြီးနှစ်ခုက မဲဆန္ဒနယ် အားလုံးနီးနီး ဝင်ပြိုင်ခဲ့ခြင်းနှင့် လည်း ဆက်စပ်နိုင်သည်။

၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ တွင် ရခိုင်ပြည်နယ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအပါ အဝင် နိုင်ငံရေးပါတီနှစ်ဆယ်မှ ကိုယ်စားလှယ်လောင်းများ ယှဉ် ပြိုင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်ပါတီ စုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင် တိုင်းရင်းသားများတိုးတက်ရေး ပါတီ၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီအပါအဝင် နိုင်ငံ ရေးပါတီဆယ်ပါတီိမှ ကိုယ်စား လှယ်လောင်းများ ယှဉ်ပြိုင်ခဲ့ သည်။ လာမည့် ၂၀၁၅ နိုင်ဝင်ဘာရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်များ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ ၁၆ ပါတီမှ ကိုယ် စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲသည် ၁၉၈၈ နောက်ပိုင်း ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီအများဆုံးယှဉ်ပြိုင်မည့် ရွေးကောက်ပွဲဖြစ်လာနိုင် သည့်အပြင် စိတ်လှုပ်ရှားဖွယ် စီးချင်း ထိုးမှုများနှင့် အပြောင် မြောက်ဆုံး နိုင်ငံရေးရသကို ပေး စွမ်းနိုင်မည့် ရွေးကောက်ပွဲလည်း ဖြစ်လာနိုင်ဖွယ်ရှိသည်။

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ တွင် လွှတ်တော်မဲဆန္ဒနယ် ၂၆ နေရာအနက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် လွှတ်တော်ကိုယ် စားလှယ် ၁၁ နေရာအနိုင်ရရှိခဲ့ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ရခိုင်ပြည်နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်များအားလုံးနီးပါးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သော်လည်း လွှတ်တော်ကိုယ်စား လှယ် ကိုးနေရာသာ အနိုင်ရရှိခဲ့ သည်။ စစ်တွေမြို့နယ်၊ မင်းပြား မြို့နယ်၊ ပေါက်တောမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏား ကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ် နှင့် မြေပုံမြို့နယ်တို့တွင် ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်သည် တောင်ပြို ကမ်းပြိုအနိုင်ရရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်ကျောက် ဖြူမြို့နယ်၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ်၊ မာန်အောင် မြို့နယ်၊ ဂွမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့တွင် အနိုင်ရရှိခဲ့သည်။

၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ တွင် ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီသည် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ကိုးနေရာ အနိုင်ရရှိပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ရှစ် နေရာအနိုင်ရရှိခဲ့သည်။ အမျိုး သားလွှတ်တော်တွင် ရခိုင်တိုင်း ရင်းသားများတိုးတက်ရေးပါတီ မှ ကိုယ်စားလှယ် ခုနစ်ဦးအနိုင်ရရှိပြီး ပြည်ခိုင်ဖြိုးပါတီမှ ငါးဦး အနိုင်ရရှိခဲ့သည်။ ရခိုင်တိုင်းရင်း သား များ တိုးတက်ရေးပါတီသည် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ၁၈ နေရာ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၄ နေရာအနိုင်ရရှိခဲ့သည်။ ရခိုင်ပြည်နယ်တွင် လွှတ်တော်သုံးရပ်ပေါင်း ကိုယ်စားလှယ် ၆၄ နေရာအနက်ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ကိုယ်စားလှယ် ၃၄ နေရာအနိုင်ရရှိခဲ့သဖြင့် ၅၃ ရာ ခိုင်နှုန်းခန့် အနိုင်ရရှိခဲ့သည်ဟု ဆိုနိုင်သည်။ ၂၀၁၀ ပြည့်နှစ် ရွေး ကောက်ပွဲတွင် ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီသည် ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီကို မဲဆန္ဒနယ်အများစု၌ ကြိုတင်မဲဖြင့် မကယ်နိုင်လောက်အောင်မဲ အပြတ်အသတ်နှင့် အနိုင်ရရှိခဲ့ခြင်းသည် သမိုင်းပြောင်သောနိုင်ငံရေး မှတ်ကျောက်ပင်ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက် ပွဲမတိုင်မီ ဖွဲ့စည်းခဲ့သော ရခိုင် တိုင်းရင်းသားတိုးတက်ရေးပါတီ နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲအလွန် ပြန်လည်ဖွဲ့စည်းခဲ့သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ရခိုင်အမျိုးသားပါတီအဖြစ် ပေါင်းစည်းလျက် တလုံးတစည်းတည်းရပ်တည်နိုင်ခဲ့သည်မှာ လက်ငင်းမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ထူးခြားမှုကြီးဟု သုံးသပ်နိုင်သည်။ ၁၉၉၀ ပြည့်နှစ် ရွေး ကောက်ပွဲတွင် သြဇာအရှိန်အဝါကြီးခဲ့သော ရခိုင်ပါတီနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုထောက်ခံမှုရရှိ ခဲ့သောရခိုင်ပါတီတို့၏ ပေါင်း စည်းမှုသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ဒုတိယမ္ပိတောင် ပြိုကမ်းပြိုအောင်ပွဲခံနိုင်ရေးကို ပိုမိုခိုင်မာစေခဲ့သည်ဟု သုံးသပ် နိုင်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အနိုင်ယူခဲ့သော ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုအနိုင်ယူခဲ့သော ရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါ တီတို့ပေါင်းစည်းသည့် ရခိုင်အမျိုးသားပါတီသည် လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုး ပါတီနှင့် ဒီချုပ်ပါတီတို့ကို မဲဆန္ဒ နယ်အများစုတွင် အလဲထိုးရန် အလားအလာကောင်းနေသည်။ ရခိုင်အမျိုးသားပါတီသည် ပြည် နယ်လွှတ်တော်ကို ထိန်းကျောင်း နိုင်မည့်အပြင် ပြည်ထောင်စု လွှတ်တော်တွင်လည်း ကိုယ်စား လှယ် ၂၀ ဦးအထိ အနိုင်ရရှိနိုင် ခြေရှိနေသည်။

ရခိုင်ပြည်နယ်လွှတ်တော် တွင် ရွေးကောက်ခံပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ၃၅ ဦးနှင့် ခန့်အပ်ခံတပ်မတော်သား ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး စုစုပေါင်း ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ၄၇ ဦးရှိ သဖြင့် ရခိုင်အမျိုးသားပါတီ အနေဖြင့် ပြည်နယ်လွှတ်တော် တွင် အများစုကိုယ်စားပြုနိုင်ရန် ကိုယ်စားလှယ် ၂၄ ဦးအနိုင်ရရှိ ရေးကို မလွဲမသွေ ဗျူဟာမြောက် ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ် သည်။ ၂၀၁၀ ပြည့်နှစ် ရွေး ကောက်ပွဲ မှတ်တမ်းများအရ ကြည့်မည်ဆိုလျှင် ရခိုင်အမျိုးသားပါတီသည် လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးအနိုင်ရရှိရန်  ကျိန်းသေသလောက် ရှိနေသည်ဟု ကောက်ချက်ပြုနိုင် သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် နိုဝင်ဘာအထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ၌ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နေရာအားလုံး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၁ နေရာနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ ၃၂ နေရာ တို့ကို ယှဉ်ပြိုင်အရွေးခံမည်ဖြစ် သည်။ ဒီချုပ်သည် လွှတ်တော် သုံးရပ်ပေါင်းကိုယ်စားလှယ် ၆၄ နေရာအနက် ၆၀ နေရာတွင် ယှဉ် ပြိုင်မည်ဖြစ်သဖြင့် မဲဆန္ဒနယ် အားလုံး၏ ၉၃ ရာခိုင်နှုန်း၌ ဝင် ပြိုင်မည်ဖြစ်သည်။ လက်ငင်း နိုင်ငံရေးအခြေအနေအရ ရခိုင် အမျိုးသားတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပေါင်းစည်းလိုက်သည့် ရခိုင်အမျိုးသားပါတီသည် စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြား မြို့နယ်၊ မြေပုံမြို့နယ်၊ ပေါက် တောမြို့နယ်နှင့် ရသေ့တောင်မြို့ နယ်တို့တွင် တောင်ပြိုကမ်းပြို အနိုင်ရရှိနိုင်ခြေရှိသည်။ ပြည်ခိုင် ဖြိုးပါတီ၊ ဒီချုပ်ပါတီနှင့် ရခိုင် အမျိုးသားပါတီတို့သည် သံတွဲမြို့ နယ်၊ အမ်းမြို့နယ်၊ မာန်အောင် မြို့နယ်၊ ဂွမြို့နယ်၊ ရမ်းဗြဲမြို့နယ် နှင့် တောင်ကုတ်မြို့နယ်တို့တွင် အကြိတ်အနယ် စီးချင်းထိုးယှဉ် ပြိုင်ရဖွယ်ရှိသည်။

၂၀၁၀ ပြည့်နှစ်ရွေးကောက် ပွဲဖြတ်သန်းမှုအတွေ့အကြုံအရ ကြည့်မည်ဆိုလျှင် ရခိုင်ပြည်နယ် သည် ကြိုတင်မဲအရေအတွက် မြင့်မားသော ပြည်နယ်တစ်ခုဖြစ် သည်။ ပြည်ခိုင်ဖြိုးပါတီသည် ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင် ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉)၊ ရမ်းဗြဲ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁)နှင့် တောင်ကုတ်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် (၁)တို့တွင် ပြိုင်ဘက်ကိုယ်စားလှယ်လောင်း များကို ကြိုတင်မဲဖြင့် အနိုင်ယူခဲ့ သည်။  သို့ဖြစ်၍ ရခိုင်အမျိုးသား ပါတီအပါအဝင် ရွေးကောက်ပွဲ ဝင်နိုင်ငံရေးပါတီများနှင့် အရပ် ဘက်အဖွဲ့အစည်းများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ကြို တင်မဲများကို သတိကြီးကြီးထား စောင့်ကြည့်နိုင်ရန် ပဓာနကျမည် ဖြစ်သည်။ အထူးသဖြင့် အမ်းမြို့ နယ်အပါအဝင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်များ၌ တပ်မတော်သား များနှင့် မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များနှင့် မိသားစုဝင်များအနေ ဖြင့် လွတ်လပ်စွာမဲပေးပိုင်ခွင့်ရရှိ ရေးကို နိုင်ငံရေးပါတီများ၊ အရပ် ဘက်အဖွဲ့အစည်းများအနေဖြင့် အလေးအနက်ထားစောင့်ကြည့် ဆော်သြနိုင်ရန် အရေးကြီးသည်။

ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် (၈)၊အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁)၊ မောင်တောမြို့နယ် ပြည် သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ် တော်ဘူးသီးတောင်မဲဆန္ဒနယ် (၂)တို့တွင် ပြည်ခိုင်ဖြိုးပါတီ၊ ဒီချုပ်ပါတီနှင့် ရခိုင်အမျိုးသား ပါတီတို့၏ သုံးပွင့်ဆိုင်ပြိုင်ဆိုင်မှု သည် စိတ်လှုပ်ရှားဖွယ်ဖြစ်နိုင် သည်။ ရခိုင်ပြည်နယ်လွှတ်တော် မောင်တောမဲဆန္ဒနယ် (၂)၌ ကိုယ်စားလှယ်နှစ်ဦးသာ ယှဉ်ပြိုင် မည်ဖြစ်သဖြင့် ကိုယ်စားလှယ် လောင်းအနည်းဆုံးယှဉ်ပြိုင်သော မဲဆန္ဒနယ်အဖြစ် သတ်မှတ်နိုင် သည်။ ရခိုင်ပြည်နယ်လွှတ်တော် ပေါက်တောမဲဆန္ဒနယ် (၂)တွင် ကိုယ်စားလှယ်လောင်း ကိုးဦး ဝင်ပြိုင်မည်ဖြစ်သဖြင့် ကိုယ်စား လှယ်လောင်းအများဆုံး ယှဉ်ပြိုင် မည့် မဲဆန္ဒနယ်ဟုဆိုနိုင်သည်။ ကျောက်ဖြူပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄)၊ စစ်တွေ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် (၂)၊ အမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁)နှင့် သံတွဲပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (၁)တို့ တွင် ကိုယ်စားလှယ်လောင်းရှစ် ဦးစီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။

လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အားလုံး နီးပါး၌ ပြည်ခိုင်ဖြိုးပါတီ၊ ဒီချုပ် ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့ သည် နိုင်ငံရေးစီးချင်းထိုးရနိုင် ဖွယ်ရှိသော်လည်း ရခိုင်အမျိုး သားပါတီသည် ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်တို့ကို ဖြတ်ကျော်လျက် လွှတ်တော်ကိုယ်စားလှယ်အများ စု အနိုင်ရရှိနိုင်ခြေမြင့်မားသည့် အလျောက် ၂၀၁၆ နောက်ပိုင်း ရခိုင်ပြည်နယ်၏ နိုင်ငံရေးသည် စိတ်လှုပ်ရှားဖွယ်ဖြစ်လာနိုင်ခြေရှိသည်။

 ရခိုင်ပြည်နယ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးသည် ရွေးကောက်ခံကိုယ်စား လှယ်စုစုပေါင်း၏ ၆ ရာခိုင်နှုန်း နီးပါးရှိသဖြင့် ပါတီကြီးများအနေ ဖြင့် နိုင်ငံရေးမျက်စိကျမည်မှာ မုချဖြစ်သည်။ ရခိုင်အမျိုးသား ပါတီကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရဖွဲ့စည်းနိုင်ရေး ကမ်းလှမ်းလျက် နိုင်ငံရေးအပေး အယူလုပ်ကာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုနှင့် အလဲအထပ်ပြု နိုင်ခြေလည်း မြင့်မားသည်ဟု သုံးသပ်နိုင်သည်။

အချုပ်ဆိုရသော် ပြည်နယ် အခြေပြုနိုင်ငံရေးတွင် ရခိုင်အမျိုးသားပါတီသည် အားအကောင်း ဆုံးနှင့် အတောင့်တင်းဆုံးပါတီဟု ယေဘုယျအားဖြင့် သတ်မှတ်နိုင် ပြီး အခြားပြည်နယ်များ၊ တိုင်း ဒေသကြီးများနှင့် နှိုင်းယှဉ်လျှင် ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲ မဲပြားနိုင်ခြေသည် လျော့နည်းနိုင် သည့်အပြင် ရွေးကောက်ပွဲစောင့် ကြည့်လေ့လာမှုလည်း အား ကောင်းနိုင်ခြေရှိသည်။ မည်သို့ ပင်ဖြစ်စေ ၂၀၁၅ ပါတီစုံ ဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲ အလွန်ကာလတွင် ရခိုင်အမျိုး သားပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့သည် ဗျူဟာ မြောက် နိုင်ငံရေးမိတ်ဆွေ ဖွဲ့လျက် ပြည်ထောင်စုလွှတ်တော် နှင့် ရခိုင်ပြည်နယ်လွှတ်တော်တို့ ကို ထိန်းကျောင်း ပဲ့ကိုင်နိုင်မှသာ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး စစ်စစ်မှန်မှန်သည် လာ မည့်အစိုးရသစ်နှင့် လွှတ်တော် သစ်သက်တမ်း၌ ကိုယ်ထင်ပြ လာနိုင်ခြေရှိပါကြောင်းနှင့် နိုင်ငံ ရေးအရ လူပေါင်းမမှားရေး သတိ ကြီးကြီးထား ဆင်ခြင်သင့်ပါကြောင်း  မီးမောင်းထိုး တင်ပြလိုက် ရပါ သည်။။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။