ဘာတိုကို အနိုင်ထိုးသတ်ပြီး လက်ဝှေ့လောကမှ မေဝယ်သာ အနားယူ

အန်ဒရီ ဘာတိုကို အမှတ်ဖြင့် အနိုင်ယူပြီး ပွဲတိုင်းနိုင် စံချိန်ဖြင့် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဘဝကို ဖလွိုက်ဒ် မေဝယ်သာက နှုတ်ဆက် အနားယူသွားပြီ ဖြစ်သည်။

စက်တင်ဘာ ၁၂ ရက် ညပိုင်းက မေဝယ်သာသည် ၎င်း၏ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ဘာတိုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဒိုင်လူကြီးများက ၁၁၇-၁၁၁၊ ၁၁၈-၁၁၀၊ ၁၂၀-၁၀၈ ရမှတ်များဖြင့် ၎င်းကို အနိုင်ပေးခဲ့သည်။ ထို့ကြောင့် မေဝယ်သာသည် လက်ဝှေ့ကြိုးဝိုင်းတွင် ကျင်လည်ခဲ့သည့် ၁၉ နှစ်တာအတွင်း စုစုပေါင်း ၄၉ ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာ ပွဲတိုင်း အနိုင်ရသည့် စံချိန်ကို ပိုင်ဆိုင်ခဲ့သည်။ ၎င်း၏ ၄၉ ပွဲအနိုင် စံချိန်သည် ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ ရော်ကီ မာစီယာနိုနှင့် တူညီသွားစေသည်။ မေဝယ်သာသည် နိုင်ပွဲများအနက် ၂၆ ပွဲကို အလဲထိုးခဲ့ခြင်း ဖြစ်သည်။
MGM Grand အားကစားရုံကြီးတွင် ယှဉ်ပြိုင်ထိုးသတ်သည့် ပွဲစဉ်အပြီး အချက်ပေး ခေါင်းလောင်း ထိုးလိုက်သည့်နောက် မေဝယ်သာသည် လက်ဝှေ့ကြိုးဝိုင်း အလယ်တွင် ဒူးထောက်ကာ ညာလက်ကို မြှောက်ပြီး ပရိသတ်များထံ ရည်ရွယ် နှုတ်ဆက်ခဲ့သည်။
“၁၉ နှစ်လုံးလုံး ကျွန်တော် ဖြတ်သန်းခဲ့တဲ့ လက်ဝှေ့သမား ဘဝမှာ ဒီပရိသတ်တွေ မပါဘဲ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး။ ဘာတိုဟာ အသည်းကောင်းကောင်းနဲ့ ထိုးသတ်နိုင်သလို တကယ်မာကျောတဲ့ ပြိုင်ဘက်ပါ။ ဒီပွဲကတော့ အကြိတ်အနယ်ပါပဲ”ဟု အသက် ၃၈ နှစ် ရှိပြီဖြစ်သည့် မေဝယ်သာက ပြောကြားခဲ့သည်။ 
ယခုပွဲတွင် ဘာတိုသည် မေဝယ်သာကို  ပိတ်ဆို့ပြီး အပိုင်ထိုးရန် အစွမ်းကုန် ကြိုးပမ်းခဲ့သော်လည်း မေဝယ်သာ၏ နည်းစနစ်ကျသော တိမ်းရှောင်မှု ခြေလှမ်းများကြောင့် ထိထိရောက်ရောက် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ချေ။ မေဝယ်သာက “ဘာတိုက ခပ်ကြမ်းကြမ်း တိုက်ပွဲဝင်တတ်သူပါ။ သူက အားကစားသမား ပီသလွန်းတဲ့ လက်ဝှေ့ပညာရှင် တစ်ယောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ ပိုသာခဲ့ပါတယ်”ဟုလည်း ဆိုသည်။
မေဝယ်သာသည် Showtimeနှင့် ကြိုတင် သဘောတူညီထားမှုအရ နောက်ဆုံး လက်ဝှေ့ပွဲစဉ် ၆ ပွဲ ပြည့်မြောက်အောင် ယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး ဖြစ်သည့်နောက် ကြိုးဝိုင်းများကို အပြီးတိုင် စွန့်ခွာတော့မည် ဖြစ်သည်။ ၎င်းသည် ယင်းသဘောတူညီမှုအတွက် ဒေါ်လာ သန်း ၃၀၀ ကျော် ရရှိခဲ့သည်။
မေဝယ်သာက “ဘယ်အချိန်မှာ အနားယူရတော့မယ် ဆိုတာကို သိဖို့လိုပါတယ်။ အခုတော့ ကျွန်တော့်အတွက် အချိန်တန်လာပြီ ထင်ပါတယ်။ ကျွန်တော့်အသက် ၄၀ နားကပ်နေပြီလေ။ စံချိန်အားလုံးကို ကျွန်တော် ချိုးခဲ့ပြီးပြီ။ လက်ဝှေ့အားကစားမှာ ကျွန်တော့်အတွက် သက်သေပြစရာ ဘာမှ မကျန်တော့ဘူး။ အခုတော့ မိသားစု၊ ကလေးတွေနဲ့ ဘဝကို အချိန်ပေး ဖြတ်သန်းပါတော့မယ်”ဟုလည်း ပြောကြားသွားသည်။ 
ဘာတိုက “မေဝယ်သာက လိုက်ချုပ်ဖို့ တော်တော်ခက်တဲ့ လက်ဝှေ့သမားပါ။ လှစ်ကနည်း ရှောင်ထွက်သွားတာ ခဏခဏပဲ။ ကျွန်တော်က မြန်နှုန်းတွေ အများကြီး သုံးခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ တကယ့်ကို ပါးနပ်လွန်းတယ်”ဟု ဝန်ခံပြောဆိုသွားသည်။ ဘာတိုသည် ယခုအခါ ပွဲပေါင်း ၃၀ နိုင်ကာ ၄ ပွဲရှုံးသည့် မှတ်တမ်း ရရှိထားပြီး နိုင်ပွဲများတွင် ၂၃ ပွဲကို အလဲထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။