မြန်မာတိုင်းရင်းသားထဲမှ (အိုင်စီအက်စ် )စာမေးပွဲကို ပထမဆုံးအောင်မြင်ခဲ့သူ (အိုင်စီအက်စ် ဦးကျော်မင်း )


ဦးကျော်မင်း

ဦးကျော်မင်းကို ၁၈၉၉ခုနှစ် နိုဝင်ဘာ ၁၅ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် စစ်တွေမြို့၌ ဖွားမြင်သည်။အဖ ဦးထွန်းချန်၊အမိ ဒေါ်မဦးဖြစ်သည်။ဖခင်ဖြစ်သူ ဦးထွန်းချန်မှာ ဘီအေ၊ဘီအယ်လ်ဘွဲ့ရ မြေပိုင်ရှင် ဝတ်လုံတော်ဘွဲ့ရဖြစ်၍ အင်္ဂလိပ်၊ မြန်မာ၊ရခိုင် ရက်စွဲပါ ထွန်းချန်ပြက္ခဒိန်ကို ပြုစုခဲ့သူဖြစ်သည်။ဦးကျော်မင်းမှာ သားသုံးယောက်တွင် အလတ်ဖြစ်သည်။အစ်ကိုဖြစ်သူမှာ ဆင်းမလားစစ်ပြေးအစိုးရ ဆာဒေါ်မန်စမစ်၏ ဘဏ္ဍာရေးဝန်ကြီး ဖြစ်သည်။

စစ်တွေ စိန့်အယ်နီကွန်ဗင့် သာသနာပြုကျောင်းတွင် စတင်ပညာသင်သည်။၁၉၁၀ ခုနှစ်တွင် ကာလကတ္တား စိန့်ဇာဗီးယား ကောလိပ်သို့ပြောင်း၍ ပညာသင်သည်။၁၉၁၆ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ် လိုကယ်စာမေးပွဲကို ပထမအဆင့်မှ ဂုဏ်ထူးဖြင့် အောင်သည်။ပထမကမ္ဘာစစ်အတွင်း ကမ္ဘာကိုပတ်၍ ဗဟုသုတရှာမှီးကာ ၁၉၁၈ ခုနှစ် နိုဝင်ဘာတွင် လန်ဒန်သို့ပြန်ရောက်သည်။၁၉၂၁ခုနှစ်တွင် ကိန်းဘရစ်တက္ကသိုလ်မှ ဘီအေဘွဲ့ ၊၁၉၂၂ခုနှစ်တွင် အယ်လ်အယ်လ်ဘီဘွဲ့များ ရသည်။၁၉၂၂ခုနှစ် သြဂုတ်လတွင် ယှဉ်ပြိုင်ဖြေဆိုရသည့် အိန္ဒိယ ပဋိညာဉ်ခံ အုပ်ချုပ်ရေးဝန်ထမ်းစာမေးပွဲ ( အိုင်စီအက်စ် )ကို မြန်မာတိုင်းရင်းသားများထဲမှ ပထမဆုံး အောင်မြင်ခဲ့သည်။ကာလကတ္တားနှင့် အောက်စဖို့တက္ကသိုလ် ကျောင်းသားဘဝတွင် ထူးချွန်ထင်ရှားခဲ့သည်။

၁၉၂၃ခုနှစ်တွင် စစ်တွေနယ်ပိုင်ဝန်ထောက်၊၁၉၂၇ခုနှစ်တွင် ဘဏ္ဍာရေးဌာန အတွင်းဝန်၊၁၉၃၁ခုနှစ်တွင် မြောင်းမြခရိုင်ဝန်၊၁၉၃၆ခုနှစ်တွင် ပညာရေးဌာန ဒုတိယအတွင်းဝန်၊၁၉၃၇ -၄၁ခုနှစ်တွင် သစ်တောဌာန အတွင်းဝန်၊ဟံသာဝတီ ခရိုင်ဝန်အဖြစ် ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်စစ်ပြေးအစိုးရနှင့် အတူလိုက်ပါ၍ ဆင်းမလားတွင် ရုံးစိုက်သည့် စစ်ပြေးအစိုးရအဖွဲ့၌ တာဝန်ထမ်းဆောင်သည်။စစ်ပြီးနောက် ၁၉၄၅ ခုနှစ်တွင် စစ်ကိုင်းအရေးပိုင်၊ ၁၉၄၆ခုနှစ်တွင် ဧရာဝတီတိုင်း အရေးပိုင်၊၁၉၄၇ခုနှစ်တွင် ဘဏ္ဍာရေးဌာန မင်းကြီးအဖြစ် တာဝန်ယူသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်တွင် အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်းဘဝမှ အငြိမ်းစားယူ၍ နိုင်ငံရေးသမားအဖြစ် ဆောင်ရွက်သည်။

၁၉၅၀မှ ၁၉၆၀ ပြည့်နှစ်ထိ စစ်တွေပါလီမန်အမတ်အဖြစ် ရွေးကောက်ခံရ၍ ၁၉၅၁ခုနှစ်တွင် လွတ်လပ်သော ရခိုင်ပါလီမန်အုပ်စုနှင့် ရခိုင်အမျိုးသားညီညွတ်ရေးအဖွဲ့ကို ဦးဆောင်ခဲ့သည်။၁၉၅၈ခုနှစ်တွင် အစိုးရအဖွဲ့ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးအဖြစ်တာဝန်ယူခဲ့သည်။

၁၉၁၈ခုနှစ်မှစ၍ ကမ္ဘာ့တစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားလာခဲ့သည်။ပြည်တွင်းတွင်လည်း ခရီးအနှံ့သွားသည်။တိုင်းပြည်နှင့်ပတ်သက်၍ ဒေသန္တရဗဟုသုတများပြားသူ၊ကမ္ဘာအမြင်ရှိသူအဖြစ် ထင်ရှားသည်။ထူးချွန်ထက်မြက်သော နိုင်ငံဝန်ထမ်းတစ်ဦးဖြစ်သည်။၁၉၄၄ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားကွန်ဖရင့်၊၁၉၄၅ခုနှစ်တွင် ပြင်သစ်နိုင်ငံပါရီမြို့၌ ကျင်းပသည့်ကွန်ဖရင့်၊၁၉၄၈ခုနှစ်တွင် ဝါရှင်တန်၌ ကျင်းပသည့် ကမ္ဘာ့ရော်ဘာကွန်ဖရင့်၊၁၉၅၂ခုနှစ်တွင် လန်ဒန်နန်းတက်ပွဲအခမ်းအနား၊၁၉၅၈ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ကမ္ဘာ့ဘဏ်အစည်းအဝေးများကို တက်ရောက်ခဲ့သည်။ အားကစားထူးချွန်သူ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံ အိုလံပစ်အသင်း၊ဂေါက်သီးအသင်းများကို ဦးဆောင်၍ ဂျပန်၊ ဖိလစ်ပိုင်နှင့် ယိုးဒယားနိုင်ငံများသို့ သွားရောက်ခဲ့ရသည်။

ဦးကျော်မင်းသည် အင်္ဂလိပ်ဘာသာထူးချွန်၍ အင်္ဂလိပ်ဘာသာဖြင့် ( The Burma We Love ) ကျွန်ုပ်တို့ချစ်သော ပြည်မြန်မာ ၁၉၄၅၊ ( Through the Iron Curtain via the Back Door )သံကန့်လန့်ကာနောက်ကွယ်မှ ဆိုဗီယက် ၁၉၅၂ ၊ ( Preliminary Report on New Industries for Burma ) မြန်မာပြည်အတွက် စက်မှူလုပ်ငန်းသစ်များ ပဏာမရီပို့ ၁၉၄၇၊ ( Mein Kampfala Kyaw Min )မိန်းကင့် အလာ့ ကျော်မင်း ၁၉၄၇၊ (Introducing Buddhist Abhidhamma Meditation and Concentration ) ဗုဒ္ဓအဘိဓမ္မာနိဒါန်း ၁၉၇၉ စာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့သည်။မြန်မာဘာသာဖြင့် ရေးသားခဲ့သော စာအုပ်မှာ ပါလီမန်တွင် ပြောကြားခဲ့သည့် ရခိုင်ပြည်နယ်ကိစ္စများဖြစ်သော ရခိုင်ပြည်နယ် ( ၁၉၆၁ )ဖြစ်သည်။

၁၉၈၀ပြည့်နှစ်တွင် နိုင်ငံတော်ကောင်စီက နိုင်ငံဂုဏ်ရည် ( ပထမအဆင့် )ချီးမြှင့်ခဲ့သည်။အိုင်စီအက်စ် ဦးကျော်မင်းသည် ၁၉၈၅ ခုနှစ် ၊သြဂုတ်လ ၂၀ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပါသည်။

Credit: Khine Yee
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။