မာသာထရီဇာ


Mother Teresa ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းတစ်ခန်း

အခုတစ်လော ကိုယ့်တိုင်းပြည်ထဲမှာ လူ တော်တော်များများဟာ အရေးကြီးတဲ့ကိစ္စ တစ်ခုအတွက် အလေးထားပြီး အထူးဂရုပြု လှုပ်ရှားနေကြတာကို တွေ့ရပါတယ်။ ဘယ်လိုမှ အတိမ်းအစောင်း မခံနိုင်တဲ့ကိစ္စမို့ သတိကြီးကြီးနဲ့ ဆောင်ရွက်နေကြတာကို သတိထားနေမိချိန်မှာပဲ ၂၀၀၃ ခုနှစ်က ပေါ်ထွက် လာခဲ့ပြီး Olivia Hussey ပါဝင် သရုပ်ဆောင်ထားတဲ့ ‘မာသာထရီဇာ’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖြစ်လိုက်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားဟာ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲကို စုစည်း တင်ဆက်ထားတာ ဖြစ်လို့ အတန်အသင့် ရှည်လျားပေမယ့်  မာသာထရီဇာရဲ့ဘ၀ကို စုံစေ့အောင် တင်ပြ မသွားနိုင်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် မာသာထရီဇာ အကြောင်း ရေးထားတာတွေကို လက်လှမ်းမီသလောက် လိုက်ရှာပြီး ဖတ်ကြည့်ရပါတယ်။ အဲဒီအခါကျမှ မာသာထရီဇာရဲ့ ဘ၀ဇာတ်ကြောင်းနဲ့ အတွေးအခေါ် ယုံကြည်ချက်တွေဟာ ထင်ထားတာထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတယ်ဆိုတာကို သိလိုက်ရလို့ စာဖတ်ပရိသတ်ကြီး တွေးခေါ် ခံစားနိုင်အောင် မျှဝေ ပေးလိုက်ရပါတယ်။

မာသာထရီဇာကို ၂၆-၈-၁၉၁၀ ရက်မှာ မက်ဆီဒိုးနီးယားနိုင်ငံက ‘ဆကိုးဖီယေ’ ဆိုတဲ့ မြို့မှာ ဖွားမြင်ခဲ့ပြီး ငယ်နာမည်က ‘အက်နက်စ်’ Agnes ဖြစ်ပါတယ်။ မွေးချင်းထဲမှာ အငယ်ဆုံးဖြစ်ပြီး အယ်လ်ဘေးနီးယား နွယ်ဖွား နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ဖခင်ဟာ အက်နက်စ် ရှစ်နှစ်သမီး အရွယ်မှာ ရုတ်တရက် ကွယ်လွန် သွားခဲ့ပါတယ်။ အက်နက်စ်ဟာ ၁၉၂၈ ခုနှစ် အသက် ၁၈ နှစ်အရွယ် ရောက်တဲ့ အချိန်မှာ မိသားစုကို စွန့်ခွာပြီး သီလရှင် ဘ၀မှာပဲ ပျော်မွေ့ သွားလိုက်တာ အမေနဲ့ အစ်မဖြစ်သူ တို့ဆီကိုတောင် တစ်ခါမှ ပြန်မလာ ဖြစ်တော့တဲ့ အထိပါပဲ။

အက်နက်စ် သီတင်းသုံးတဲ့ အဲဒီ သီလရှင် ကျောင်းထွက်တွေဟာ အိန္ဒိယမှာရှိတဲ့ ကျောင်းတွေက ကလေးတွေကို ပညာ သင်ကြားပေးရတဲ့ အစဉ်လာရှိပါတယ်။ ဒါကြောင့် အက်နက်စ်ဟာ ၁၉၂၉ ခုနှစ်မှာ အိန္ဒိယနိုင်ငံ ဟိမ၀န္တာ တောင်စွယ် တောင်တန်း တွေပေါ်မှာရှိတဲ့ ‘ဒါဂျီလင်’ ဆိုတဲ့ မြို့က ‘စိန့်ထရီဇာ’ ဆိုတဲ့ကျောင်းကို အပို့ခံရပြီး အဲဒီကျောင်းက ကလေးတွေကို စာသင်ပေးရပါတယ်။ ဒါ့ကြောင့် ၁၉၃၁ ခုနှစ် မေလ သီလရှင်ဘွဲ့ကို ခံယူတဲ့အခါ ကျောင်းနာမည်ကို အစွဲပြုပြီး အက်နက်စ်ဟာ ‘စစ္စတာ ထရီဇာ’ ဆိုတဲ့ဘွဲ့ကို ခံယူလိုက်ပါတယ်။

၁၉၃၇ ခုနှစ် မေလရောက်တော့ ကာလကတ္တား မှာရှိတဲ့ သီလရှင် ကျောင်းတစ်ကျောင်းကို ပြောင်းရွှေ့ရပြီး ခုနစ်နှစ်အကြာမှာ အဲဒီ သီလရှင်ကျောင်းရဲ့ကျောင်းအုပ်ကြီး အဖြစ် ခန့်အပ် ခံတာရပါတယ်။ အဲဒီကျောင်းမှာ နှစ်၂၀ တိုင်အောင် တာဝန် ထမ်းဆောင်ရင်းနဲ့ ကျောင်း ပတ်ဝန်းကျင်မှာရှိတဲ့ ကာလကတ္တား မြို့သူမြို့သားတွေ ဘယ်လောက်တောင် ဆင်းရဲကြတယ် ဆိုတာကို သတိပြု လာမိပါတယ်။ ၁၉၄၃ ခုနှစ်မှာ မြို့ကို အငတ်ဘေးကြီး ဆိုက်လာပြီး ၁၉၄၆ ခုနှစ် သြဂုတ်လမှာ ဟိန္ဒို မွတ်စလင် အဓိကရုဏ်းကြီး ဖြစ်ပွားတော့ မြို့သူမြို့သားတွေဟာ ကြောက်စရာ ကောင်းလောက်အောင် ဆင်းရဲမွဲတေ သွားကြပါပြီ။ ဒါ့ကြောင့် စစ္စတာ ထရီဇာဟာ ၁၉၄၉ ခုနှစ် နှစ်ဆန်းပိုင်း ရောက်တော့ ဆင်းရဲသူတွေကို အနီးကပ် ပြုစု စောင့်ရှောက်နိုင်အောင် သီလရှင် ကျောင်းကထွက်ပြီး ကာလကတ္တားမှာ သီးခြား ကျောင်းတစ်ကျောင်းကို အစပျိုးပြီး ထူထောင် ဖွင့်လှစ် လိုက်ပါတယ်။ အဲဒီ အချိန်ကစပြီး စစ္စတာ ထရီဇာ ကနေ မာသာထရီဇာ ဘ၀ကို ရောက်ရှိ လာခဲ့တာပါပဲ။ အဲဒီကျောင်းကို အခြေခံပြီး ခိုကိုးရာမဲ့ နေသူတွေနဲ့ ငတ်မွတ် နေသူတွေကို ပြုစု စောင့်ရှောက်ပေးဖို့ မာသာထရီဇာ စတင် ကြိုးစား လာပါတော့တယ်။ ခရစ်ယာန် ဘုန်းတော်ကြီး တွေကတော့ ဒီအကြံအစည်ကို သဘောမတူ ခဲ့ကြပါဘူး။        

မာသာထရီဇာ တည်ထောင်တဲ့ အဖွဲ့ရဲ့ ရည်ရွယ်ချက် ကတော့ စားစရာ မရှိ၊ ၀တ်စရာ မရှိ နေစရာ မရှိသူတွေ၊ မသန်မစွမ်း ဖြစ်နေကြသူတွေ၊ မျက်မမြင်တွေ၊ ကုဋ္ဌနူနာ စွဲကပ်နေသူတွေ၊ အပယ်ခံတွေ၊ မေတ္တာငတ်နေသူတွေ၊ အစောင့်အရှောက်နဲ့ ကင်းလွတ်နေသူတွေ၊ တစ်နည်းအားဖြင့် လူတွေတွေ့ရင် ခပ်ဝေးဝေးက ကွင်းရှောင်သွားတာ ခံရတဲ့သူတွေကို စောင့်ရှောက် ကူညီဖို့ပဲ ဖြစ်ပါတယ်။ အဲဒီ ၀တ်ပြု အသင်းလေးကို ကာလကတ္တားမှာ အသင်းဝင် ၁၃ ယောက်နဲ့ စတင်ခဲ့တာပါ။ အသင်းဝင် တွေဟာ အချက်လေးချက်ကို ကျင့်သုံးဖို့ အဓိဋ္ဌာန် ပြုကြရပါတယ်။ အဲဒီ အချက်တွေကတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို ထားရှိခြင်း၊ ရိုကျိုးခြင်းနဲ့ ဆင်းရဲ ခေါင်းပါးမှု ဒဏ်ကို ကြံ့ကြံ့ ခံနိုင်ခြင်းတို့ ဖြစ်ကြပါတယ်။ အရေးအကြီးဆုံးဖြစ်တဲ့ စတုတ္ထ အချက်ကတော့ အဆင်းရဲဆုံး အမွဲတေဆုံး (Poorest of the poor)တွေကို မညည်းမညူ စိတ်ရော ကိုယ်ပါ ပြုစု စောင့်ရှောက်ပေးဖို့ပဲ ဖြစ်ပါတယ်။ ကျောင်းစဖွင့်တဲ့ ပထမ တစ်နှစ်ပတ်လုံး အခက်အခဲတွေနဲ့ အတိ ပြီးနေခဲ့ပါတယ်။ ၀င်ငွေ မရှိလို့ ကျောင်းဟာ ဘယ်လိုမှ ဆက်ပြီး မရပ်တည် နိုင်တော့ပါဘူး။ ဒါ့ကြောင့် မတတ်သာတဲ့ အဆုံး အစား အစာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို အလှူခံ ရပါတော့တယ်။ ဒါပေမဲ့ အစပိုင်းမှာ ဘယ်သူမှ မကူညီကြလို့ ရှေ့လျှောက် ဖြစ်မှ ဖြစ်ပါ့မလားလို့ စိုးရိမ် ကြောင့်ကျ ရတာရယ်၊ ကူသူမဲ့ ဘ၀မှာ အထီးကျန် ဖြစ်နေပြီး အားငယ်ရတာတွေရယ်ကြောင့် သီလရှင်ကျောင်းကို ပြန်ပြေးရရင် ကောင်းမလားလို့ မာသာထရီဇာဟာ အကြိမ်ကြိမ် စဉ်းစား ခဲ့မိပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီကျောင်းကို မိန်းမပျိုတွေ အမြောက်အမြား အသင်းဝင်ဖို့ ရောက်ရှိလာကြပြီး ဆင်းရဲသူတွေကို ပြုစု စောင့်ရှောက်တဲ့ ကျောင်းအဖြစ် နာမည် ရလာပါတယ်။ အဲဒီကမှ တစ်စတစ်စနဲ့ အိန္ဒိယ အစိုးရအဖွဲ့က အဆင့်မြင့် အရာရှိကြီးတွေ ဒီကျောင်းအကြောင်းကို သိရှိ နားလည်ပြီး စိတ်ဝင်စားလာကြရာက နောက်ဆုံးမှာတော့ ၀န်ကြီးချုပ်ပါ ပါလာပါတော့တယ်။ အဲဒီလို စိတ်ပျက်စရာတွေ ကြားထဲက အပတ်တကုတ် ကြိုးစားရင်းနဲ့ ၁၉၅၀ ခုနှစ် အောက်တိုဘာလ ရောက်တော့ မာသာထရီဇာ လက်ရှိ လုပ်နေ တဲ့ ‘မရှိ ဆင်းရဲသူတွေကို ပေးကမ်း စွန့်ကြဲ ဒါနပြုနေတဲ့ သူနာပြု လုပ်ငန်းတွေကို ‘ဗက် တီကန်’ နန်းတော်မှာရှိတဲ့ ပုပ်ရဟန်းမင်းကြီးက တရားဝင် အသိအမှတ် ပြုလိုက်ပါတယ်။ ၁၉၉၇ ခုနှစ် ရောက်တော့ အဖွဲ့ဝင် သီလရှင် ၄၀၀ ကျော် အထိတောင် ရှိလာပါပြီ။ သူတို့ဟာ မူလ တာဝန်တွေ သာမက မိဘမဲ့တွေ၊ အေအိုင်ဒီအက်စ် ရောဂါကြောင့် မကြာခင် ကွယ်လွန်ရတော့မယ့် လူနာတွေ၊ အရက် ဖြတ်နေသူတွေ၊ ကူးစက်ရောဂါ စွဲကပ်နေသူတွေနဲ့ ငတ်မွတ် နေသူတွေကိုပါ တိုးချဲ့ပြီး စောင့်ရှောက် လာကြပါတယ်။ ဒီ ဂေဟာတွေဟာ ရောဂါ ကျွမ်းနေပြီး အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတော့တဲ့ ရောဂါသည်တွေ စိတ်ချမ်းချမ်းသာသာနဲ့ ဘ၀ကူး ကောင်းအောင် အခကြေးငွေ မယူဘဲ အကျိုးဆောင် ပေးတဲ့ နေရာတွေ ဖြစ်ကြပါတယ်။ မသေခင်လေးမှာ အစ္စလာမ် ဘာသာ ကိုးကွယ်သူတွေဟာ ကိုရမ်ကျမ်းစာကို ဖတ်နိုင်ကြပါတယ်။ ဟိန္ဒူတွေဟာ ဂင်္ဂါမြစ်ရေကို ရရှိနိုင်ကြသလို ခရစ်ယာန် တွေကလည်း သူတို့ဘာသာ ထုံးတမ်းစဉ်လာအရ မသေခင်မှာ လူနာရဲ့ဝိညာဉ်ကို ဘုရား သခင်ထံမှာ အပ်နှံဖို့ ၀တ်ပြု ဆုတောင်းပွဲတွေကိုလည်း ပြုလုပ် လာနိုင်ကြပါတယ်။ တစ်နည်း အားဖြင့်တော့ အဲဒီ ဂေဟာတွေဟာ တိရစ္ဆာန်လို သေရတော့မယ့် လူနာတွေကို စိတ်ချမ်းချမ်းသာသာနဲ့ ဘ၀ကူး ကောင်းအောင် အကျိုးဆောင်ပေးတဲ့ နေရာတွေ ဖြစ်တယ်လို့ လူတွေ ပြောစမှတ် ပြုလာကြပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ နိုင်ငံတကာက အကူအညီ မျိုးစုံ ၀င်ရောက်လာပြီး ၂၀၀၇ ခုနှစ် မှာတော့ နိုင်ငံပေါင်း ၁၂၀ ကျော်မှာ အသင်းဝင်ပေါင်း ၅၅၀၀ ကျော် ရှိလာတဲ့အထိ အရှိန်ရလာခဲ့ပါပြီ။ မာသာထရီဇာဟာ ဥရောပ တိုက်က အယ်ဘေးနီးယန်း လူမျိုးဖြစ်ပြီး နောက်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံသား အဖြစ် ခံယူခဲ့ပါတယ်။ ခရစ်ယာန်ဘာသာကို ကိုးကွယ်သူ ဖြစ်ပေမယ့် သူပြုစု စောင့်ရှောက်ခဲ့သူတွေဟာ လူမျိုး ဘာသာ မတူတဲ့သူတွေပဲ များတယ်လို့ ဆိုကြပါတယ်။

၁၉၉၆ ခုနှစ် ဧပြီလမှာ နှလုံးသွေးကြော ပိတ်လာလို့ ခွဲစိတ်ကုသရာမှာ အောင်မြင်ခဲ့ပေမယ့် ကျန်းမာရေး ဆက်တိုက် ချို့ယွင်းလာပြီး ၁၉၉၇ ခုနှစ် စက်တင်ဘာလ ရောက်တော့ ကွယ်လွန် သွားပါတော့တယ်။ ကွယ်လွန်တဲ့ အခါမှာ အိန္ဒိယအစိုးရက ဂုဏ်ပြုတဲ့ အနေနဲ့ နိုင်ငံတော် ဈာပန အခမ်းအနားနဲ့ သင်္ဂြိုဟ်ပေး ခဲ့ပါတယ်။ မာသာထရီဇာရဲ့အရင်က အိန္ဒိယ အစိုးရက နိုင်ငံတော် ဈာပန အခမ်းအနားနဲ့ သင်္ဂြိုဟ်ပေးခဲ့တဲ့ အရပ်သား တစ်ဦးသာ ရှိခဲ့ဖူးသေးပြီး  အဲဒီပုဂ္ဂိုလ်ကတော့ မဟတ္တမဂန္ဒီပဲ ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တာကို ခံရပါတယ်။ ဒါပေမဲ့ နိုဘယ်ဆု ရသူတွေကို တည်ခင်း ဧည်ခံတဲ့ ညစာစားပွဲကို မာသာထရီဇာ တက်ရောက် သုံးဆောင်ခြင်း မပြုခဲ့ပါဖူး။ ဘာ့ကြောင့်လဲဆိုတော့ ဆင်းရဲသားတွေနဲ့သာ အတူနေ အတူစား လာခဲ့တဲ့ မာသာထရီဇာဟာ အဲဒီ ဆင်းရဲ့သားတွေရဲ့ မျက်ကွယ်မှာ တန်ဖိုးကြီးမားလှတဲ့ အစားအသောက်တွေကို ဘယ်လိုမှ မျိုမကျနိုင်လို့ပဲ ဖြစ်ပါတယ်။

မာသာထရီဇာဟာ နိုဘယ်ဆု ရပြီးကတည်းက ပဋိသန္ဓေ တားဆေးသုံးတာနဲ့ ကလေး ဖျက်ချတာကို အပြင်းအထန် ဆန့်ကျင်ခဲ့လို့ အနောက်တိုင်း မီဒီယာတွေရဲ့ ဝေဖန် ပြစ်တင်တာကို ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက အနောက်တိုင်းက ပို့လာတဲ့ ပြဿနာမရှင်းတဲ့ တစ်နည်းအားဖြင့် မစင်ကြယ်တဲ့ လုပ်ငန်းတွေက ရလာတဲ့ အလှူငွေတွေကို မစစ်ဆေးဘဲ လက်ခံရကောင်းလားဆိုပြီး အပြစ် တင်တာတွေကိုလည်း ခံခဲ့ရပါသေး တယ်။ မာသာထရီဇာဟာ ဒီလုပ်ငန်းကို လူ ၁၃ ယောက်နဲ့ စခဲ့ရတာပါ။ မိန်းမသားဖြစ်ပြီး ဘာအကူအညီမှလည်း မရတဲ့ကြားထဲက မွန်မြတ်တဲ့ လုပ်ငန်းကို ယုံကြည်ချက်ရှိရှိ ဇွဲကောင်းကောင်းနဲ့ လုပ်ခဲ့တာဖြစ်လို့ သူ့ လုပ်ဆောင်ချက်တွေကို သူကွယ်လွန်ခဲ့တာ နှစ်နှစ်ဆယ် ကြာနေပြီ ဖြစ်ပေမယ့် ဒီကနေ့အထိ ကမ္ဘာက အတုယူ အားကျ နေကြရတာပဲ ဖြစ်ပါတယ်။

‘လူတစ်ရာကို ထမင်းမကျွေးနိုင်ရင်လည်း လူတစ်ယောက်ကိုပဲ ထမင်းတစ်နပ်လောက် ကျွေးလိုက်ပါ’ ဆိုတဲ့စကားဟာ မာသာထရီဇာ မကြာခဏ ပြောလေ့ရှိတဲ့ လက်သုံးစကားပါပဲ။ မာသာထရီဇာဟာ မရေ မတွက် နိုင်လောက်အောင် များတဲ့ လူတွေကို ထမင်းကျွေး ခဲ့ရုံသာမက လူတွေ အများကြီးကိုလည်း  ပြုစု စောင့်ရှောက်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိ ကိုယ့်တိုင်းပြည်ထဲမှာ အရေးကြီးတဲ့ လုပ်ငန်း တစ်စုံတစ်ရာကို အပြေးအလွှား ဆောင်ရွက်နေကြသူတွေထဲက ပြည်သူကို ထမင်းကျွေးမယ့်သူ၊ ပြည်သူတွေကို အ၀တ်အစား ပေးမယ့်သူ၊ ပြည်သူတွေ နာကျင် ခံစား နေရတဲ့ ဝေဒနာတွေကို သက်သာရာ ရအောင် လုပ်ပေးမယ့်သူ၊ ပြည်သူတွေရဲ့ ရင်ထဲက သောကတွေကို ဖြေဖျောက်ပေးမယ့် သူတွေရဲ့အပါးမှာ အောင်မြင်မှု အပေါင်း အစဉ် ခညောင်း နေနိုင်ပါစေလို့ ဆန္ဒပြု ပေးလိုက်ရပါတယ်။

Writer:
နီမင်းဆွေ

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။