“လူသတ်မှု မကျူးလွန်ပေမယ့် နှိပ်စက်အားကြီးလို့ ၀န်ခံခဲ့တာ” လို့ ပြောတယ် – ကိုမိုးဝေ

အေးနိုင် 
3 September 2015
ကိုမိုးဝေ
ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်းက လူသတ်မှုနဲ့ မုဒိမ်းမှုမှာ ပါဝင်ပတ်သက်ခြင်း၊ ကျူးလွန်ခြင်း မရှိကြောင်း တရားခံ မြန်မာနိုင်ငံသား ကိုဇော်လင်းက ထိုင်းတောင်ပိုင်း ကောစမွီခရိုင်တရားရုံးမှာ စက်တင်ဘာ ၂  ရက် နေ့က တရားဝင် ထွက်ဆိုပါတယ်။
ရခိုင်ပြည်နယ်ကနေ ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းမှာ သွားရောက် အလုပ်လုပ်ကိုင်နေစဉ် ကိုဇော်လင်းဟာ သူ့သူငယ်ချင်း ကိုဝင်းဇော်ထွန်း (ကိုဝေဖြိုး) နဲ့အတူ လူသတ်မှု၊ မုဒိမ်းမှုတွေနဲ့ စွပ်စွဲခံရပြီး အမှု ရင်ဆိုင်နေရတာပါ။
မနှစ် စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာများတဲ့ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ခိုေ်တာင်ကျွန်းရဲ့ ကမ်းခြေမှာ ဗြိတိသျှအမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အမျိုးသမီးဟာ မုဒိမ်းလည်း ကျင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပြီး ၂ ပတ်ခန့်အကြာမှာ ရဲက ဖမ်းဆီးတာကို ခံရကြောင်းနဲ့ စစ်မေးရာမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်သလို ညှဉ်းပန်းနှိပ်စက်တဲ့ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး ကျူးလွန်ခြင်း မရှိပေမယ့် ၀န်ခံခဲ့တာလို့ ကိုဇော်လင်းက ထွက်ဆိုခဲ့တာပါ။
စွပ်စွဲခံ လူငယ် ၂ ဦးစလုံးဟာ ကနဦးပိုင်းက ရဲထံပေးထားတဲ့ဖြောင့်ချက်ကို နောက်ပိုင်းမှာ ပြန်ရုပ်သိမ်းခဲ့ကြပါတယ်။ မနေ့ကတော့ မကျူးလွန်ကြောင်းကို လူကိုယ်တိုင် တရားရုံးမှာ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။
တရားခွင်မှာ တက်ရောက်တဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင်၊ ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (အက်ဖ်အီးဒီ) က ကိုမိုးဝေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
မောင်ဇော်လင်းက မနေ့ (စက်တင်ဘာ ၂ရက်နေ့) တရားခွင်မှာ လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန်ခြင်း မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ အဲဒီတရားခွင်မှာ မောင်ဇော်လင်းက ဘယ်လို ငြင်းဆိုသွားတယ်၊ ဘယ်အချက်တွေကို ဦးစားပေးပြီး ငြင်းဆိုသွားတယ်ဆိုတာကို အရေးကြီးတာတွေ ပြောပြပါလား။
“မောင်ဇော်လင်းက မနက် ၁၀ နာရီမှာ စပြီးတော့ စစ်တယ်ဗျာ။ စစ်တဲ့အချိန်မှာ ကျနော်တို့ဘက်က ရှေ့နေတွေကနေ သူ့ကို မေးခွန်းတွေ ထုတ်တာပေါ့။ ၀န်ခံရတဲ့အကြောင်းရင်းတွေ မေးတဲ့အချိန်မှာ ပထမဦးဆုံးသူ မြန်မာပြည်က စလာတာကို ပြောတယ်။ ပြီးလို့ ရှိရင် ခိုတောင်ကို ဘယ်လိုမျိုး ရောက်လာတယ်ဆိုတာကို ပြောတယ်။ ခိုတောင်ကိုတော့ သူ ချွန်ဖုန်ကနေတဆင့် ရောက်လာတာပေါ့နော်။ စူရတ်ဌာနီ ခိုတောင်ကို။ ချွန်ဖုန်မှာ လှေစီးပြီးတော့ လာတယ်။ ခိုတောင်မှာ အလုပ်လုပ်တယ်။ ခိုတောင်မှာ အလုပ်လုပ်တာ ၂ နှစ်လောက် ရှိသွားပြီ။ ပြီးမှ သူက အခု လက်ရှိ သူလုပ်တဲ့ဆိုင်ပေါ့နော် ဆိုင်မှာ လုပ်တာ ၁ လပဲ ရှိသေးတယ်။ ဒီ ၁ လလုပ်နေတဲ့ကြားထဲမှာ အရင်က ပြောတဲ့အတိုင်းပဲ သူက ဝေဖြိုးဆိုတဲ့ နောက်တယောက်ကိုပေါ့နော်။ ဖုန်းဆက်ပြီးတော့ ‘ဒီနေ့ကတော့ ၁၄ ရက်နေ့၊ ၁၅ ရက်နေ့ညကျရင် သူက အလုပ်နားရက် ဖြစ်တဲ့အတွက် သူက ၁၄ ရက်နေ့မှာ တို့ ဘီယာသွားသောက်ရအောင်ကွာ’ လို့ ပြောတဲ့အချိန်မှာ သူက သွားတယ်။ သွားတဲ့အချိန်မှာ မောင်မောင်တို့အိမ် ရောက်သွားတဲ့အချိန်မှာ အဲလိုမျိုးတွေပေါ့ ပြောသွားတယ်။ ဘာတွေကို ငြင်းသွားလဲဆိုတော့ သူက ပထမဦးဆုံးသူတို့ ၁ ရက်နေ့ကျမှ သူက လာဖမ်းမိတာကိုး။ ၁၅ ရက်လောက်ကြာမှ။ အလုပ်က ပုံမှန်ဆင်းနေတဲ့အကြောင်းကို သူပြောသွားတယ်။ ပြီးလို့ရှိရင် နောက်တခုက လာဖမ်းတဲ့အချိန်မှာလည်း ည ၁၂ နာရီခွဲနဲ့ ၁ နာရီကြားမှာ ရှိသွားပြီ။ ၂ ရက်နေ့ ကူးသွားပြီပေါ့နော်။ သူ့ကို အိပ်ခန်းထဲ ၀င်ရှာပြီးတော့ အတင်းဖမ်းတယ်၊ လက်ထိတ်ခတ်တယ်။ ကားပေါ် တင်တယ်။ အားလုံးပေါင်း ၇ ယောက် ရှိတယ်။ ၇ ယောက်မှာမှ ၆ ယောက်ကတော့ ကားတစီးနဲ့ သွား။ သူကိုကတော့ တစီးသွားပြီးတော့ အခန်းတနေရာကို ခေါ်သွားတယ်။ ခေါ်သွားပြီးမှ သူ့ကို နှိပ်စက်တာတွေ၊ ညှဉ်းပန်းတာတွေ၊ ခေါင်းကို စွပ်တာတွေ လုပ်တယ်။ ဘာသာပြန်ကနေတဆင့် အတင်းခိုင်းတာတွေပေါ့နော်။ ဘာသာပြန်ဆိုတာ ကိုကမာကို ပြောတာပေါ့နော်။ ကမာက ထုတာရိုက်တာတွေ ပါတယ်။ ပုလိပ်က ခိုင်းတဲ့အတိုင်း လိုက်လုပ်တဲ့အချိန်မှာ နောက်ဆုံးတော့ ခြိမ်းခြောက်ပြီးတော့ သတ်မယ်ဖြတ်မယ် ပြောတော့ သူလည်း မခံစားနိုင်လို့ ၀န်ခံ၊ ၀န်ခံလိုက်တာပေါ့နော်။ ၀န်ခံတာကိုပဲ ၄ နာရီလောက် ရှိသွားပြီ။ မနက်မိုးလင်းကာနီး (အောက်တိုဘာ ၂ ရက်) သွားပြီ။ အင်္ကျီတွေ ချွတ်၊ ဘောင်းဘီ အကုန်ချွတ်၊ ခေါင်းကို ပလတ်စတစ်စွပ်ပြီးတော့ လုပ်တယ်။ ပြီးမှ ဒီအချိန်မှာ ဝေဖြိုး (ကိုဝင်းဇော်ထွန်း) က စူရတ် (စူရတ်ဌာနီ) မှာ ဖမ်းမိနေတာကိုး။ အဲဒီအချိန်မှာ ဖုန်းလေး တချက်ပေးပြောတယ်။ ပေးပြောတဲ့အချိန်မှာ ဝေဖြိုးကပြောတယ်။ “ငါလည်း တတ်မနိုင်ပြီ (မတတ်နိုင်တော့ပြီ)။ နှိပ်စက်ခံထိလို့ ငါလည်း သေတော့မယ်လို့ ပြောတယ်။ ငါလည်း ဒီအတိုင်းပဲတဲ့။ အဲလိုပဲ ပြောသံကြားတယ်။ ကမာက အဲလိုမျိုး ဖုန်းပေးပြီး ပြောခိုင်းတာ။ ပြီးမှ သူတို့က ၀န်ခံလိုက်တာတော့ မိုးလင်း ၂ ရက်နေ့ မနက်ပိုင်းမှာ ရဲက စစ်ချက်တွေ ယူတဲ့အချိန်မှာ ဘာမှမမေးဘူး၊ ဘာသာပြန်တခုနဲ့ပဲ ပြောပြီးတော့ လက်ဗွေတွေ နှိပ်၊ လက်မှတ်တွေ ထိုး အဲဒါလုပ်တာပေါ့။ ဒီအချိန်မှာ သူက ငြင်းနေတုန်းပဲသေး။ ဒါပေမယ့် အရမ်းကြောက်လာတဲ့အချိန်မှာတော့ ငြင်းရင်တော့ အဆင်မပြေတော့ဘူး ပေါ့နော်။ အဲလိုမျိုး၊ ပြီးမှ အချုပ်ခန်း ရောက်သွားတယ်။ အခု ကျနော်တို့ဘက်က မေးတဲ့အချိန်မှာ ဘာလဲဆိုတော့ ဒီအန်အေယူတဲ့အချိန်မှာ ခွင့်ပြုချက်တောင်းလားဆိုတဲ့ဟာ။ သူ့ကို ဘာမှမပြောဘူးပေါ့နော်၊ ဒီအတိုင်းပဲ အတင်းတုပ်ပြီးတော့ သူ့ပါးစပ်ထဲကို ယူသွားတာ တခု၊ နောက်တခုက သူ့ကို လက်မှတ်ထိုးခိုင်းတဲ့ဟာကို မရှင်းပြဘူး၊ ဘာတွေလဲဆိုတာ မရှင်းပြဘူး။ လက်မှတ်ထိုးခိုင်းတာပဲ ရှိတယ်။ သူလည်း ကြောက်လို့ ထိုးလိုက်တာ။ ဒါကို ကျနော်တို့ရှေ့နေက မေးတာက ဘာဖြစ်လို့ ၀န်ခံလိုက်ရတာလဲလို့။ သူကြောက်လို့၊ သူတို့ နှိပ်စက်အားကြီးလို့ ကျနော် ၀န်ခံထားရတယ်လို့ ပြောတယ်။ ဘာဖြစ်လို့ ၆ ရက် (အောက်တိုဘာ ၆ ရက်) နေ့မှာမှ လာငြင်းလည်း (မကျူးလွန်ကြောင်း) ပေါ့နော်။ အဲဒါ ကျနော်တို့ရှေ့နေတွေနဲ့ ဗမာသံရုံးအဖွဲ့တွေနဲ့ လာပြီးတော့ လာပြီးတော့ သူတို့ကို အားပေးစကားတွေ ထောင်ထဲမှာ လာတွေ့တုန်း ပြောတော့ ယုံကြည်မှုတွေ ရှိလာပြီးတော့ သူတို့ မဟုတ်ဘူးဆိုတဲ့အကြောင်းကို ထွက်ဆိုတာ။”
မောင်ဇော်လင်းကို ကိုကမာ (ဘာသာပြန်) နဲ့ရဲက ဘယ်မှာစစ်တာလဲ။
“ဟိုတယ်ကြီးတခုမှာ အင်္ကျီ အကုန်ချွတ်၊ အကုန်ချွတ်ပြီးတော့ သူ့ကိုစစ်တာ။ ကော့တောင်က အိုးရှင်းဗျူး ဘန်ဂလိုမှာ။ တယောက်တည်း ခွဲပြီး စစ်တဲ့အချိန်မှာ အထဲမှာ ရောက်တဲ့အချိန်မှာ မောင်မောင်နဲ့ အရင်တွေ့တယ်သူ။ တွေ့တော့ စကားပြောခွင့် မရဘူး။ လက်ထိပ်ခတ်ထားတာကိုး သူ့ကို။ မောင်မောင် (အဲဒီညက ကမ်းခြေကို အတူသွားတဲ့ သူငယ်ချင်း) ကိုလည်း လက်ထိတ်ခတ်ထားတယ်။ အိုးရှင်းဗျူးဘန်ဂလိုက အဲယားကွန်းအခန်းထဲမှာ ကိုယ်တုံးလုံး ချွတ်ပြီး ခေါင်းကို ပလတ်စတစ်စွပ်ပြီးတော့ ရိုက်တာ၊ ထုတာတွေ လုပ်တာ၊ နောက်ပြီးတော့ သွားတွေကို ပလာယာနဲ့ နှုတ်မယ်ဆိုတဲ့ကိစ္စတွေ ပြောတဲ့အချိန် သူလည်း အရမ်း ကြောက်လာတယ်။ အေးလည်းအေးတော့ လူက လဲမလိုလို အားတွေ ချည့်နဲ့လာတယ်ပေါ့။ ချည့်နဲ့လာတဲ့အချိန်မှာ သူ့ကို လုပ်နေကိုင်နေကြားထဲမှာ ပါးစပ်ထဲကို အရာတခု ၀င်ပြီးတော့ ထိုးတာ သူ သိလိုက်ရတယ်ပေါ့။ ဒီအချိန်မှာ သူ့ကို ခေါင်းတော့ ဖယ်လိုက်ပြီးတော့ (ခေါင်းစွပ်ဖယ်) မျက်စိကို အ၀တ်နဲ့စည်းထားတယ်၊ မျက်စိက မမြင်ရဘူး၊ အသံတွေပဲ ကြားနေရတယ် ဘာမှန်းလည်း သူမသိဘူးတဲ့။”
မောင်ဇော်လင်းကို စစ်ကြောတဲ့အချိန်က ဘယ်လောက်လောက်ကြာတယ်လို့ ပြောလဲ။
“၁ နာရီလောက်မှာ ခေါ်သွားပြီး ရောက်သွားတဲ့အချိန်မှာ တညလုံးပဲ ဒီမှာ စစ်တာ။ သူ့ကို ၃၊ ၄ ခါ အဲလိုမျိုး လုပ်တယ်တဲ့။ ပြီးလို့ရှိရင် ၂ နာရီခွဲလောက်ကြာမှ သူ့ကို ခဏပေးနားလိုက်တယ်။ ပြီးတော့ ၄ နာရီလောက်ကျမှ တခါပြန်ပြီးတော့ ပြန်ရိုက်၊ ရိုက်တာ၊ ထုတာ ပြန်လုပ်တယ်။ ပြန်လုပ်တဲ့အချိန်မှာ သူလည်းပဲ မခံစားနိုင်ဘူး။ နားတွေကို ဒီလို လက်နှစ်ဘက်နဲ့ ပိတ်ပြီး ရိုက်တယ် နားကို။ အဲဒါကို သူလည်း မခံနိုင်တော့ ၀န်ခံ လိုက်တာတဲ့။ ”
သူကို ၀န်ခံ ခိုင်းတယ်ဆိုတာက ၀န်မခံရင် သတ်မယ်ဆိုတာမျိုးလား။ ဘယ်လိုမျိုး အတိအကျ ပြောလဲ မောင်ဇော်လင်းက ထွက်ဆိုသွားတာကလေ။
“မောင်ဇော်လင်းက အတိအကျ ထွက်ဆိုသွားတာက ‘မင်းဝန်ခံလိုက်ပေါ့’ ကမာကနေတဆင့် ဘာသာပြန်ခိုင်းတာပေါ့၊ ရဲက ပြောတယ်ပေါ့နော်၊ ကမာ ဘာသာပြန်ပေးတာ ဘာသာပြန်။ ‘မင်းဝန်ခံလိုက်၊ ၀န်ခံလိုက်လို့ ရှိရင် ၄ နှစ်နဲ့ ၅ နှစ်နဲ့ပဲ ကျမယ်။ အဲဒါကို တကယ်လို့ ငြင်းမယ်ဆိုရင် မင်းသေမယ်ပေါ့နော်၊ မင်းကို သတ်ပြီးတော့ ပစ်ချမယ်’။ ပြီးလို့ ရှိရင် ‘မင်းကို ညကြီးခေါ်လာတာ ဘယ်သူမှ မမြင်ဘူး။ ဒါကြောင့်မို့လို့ မင်းကို ဖျောက်ပစ်လိုက်လို့ ရတယ်။ မင်း ရွေးစရာလမ်း တခုပဲ ရှိတယ်။ မင်းရွေးမယ်ဆိုရင် ဘယ်ဟာ ရွေးမလဲ’ ပေါ့နော်။ အဲလိုမျိုး ပြောတဲ့အချိန်မှာ သူကလည်း အသက်တော့ မသေချင်ဘူးပေါ့နော်။ ထောင် ၄ နှစ် ၅ နှစ်ကျခံရမယ်ဆို သူကျခံမယ်လို့ အဲလို ရွေးလိုက်တာ။ ပြီးလို့ရှိရင် နားကို နှစ်ဘက်လက်ဝါးနဲ့ နားအိမ်တွေ ရိုက်တာ သူက မခံစားနိုင်ဘူးလေ။ ရင်ဘတ်တွေ ကန်တာ။”
ရိုက်တာက မျက်နှာဖုံးစွပ်ရိုက်တာလား။ ဘယ်သူ ရိုက်တယ်ဆိုတာကို သူသိသလဲ။
“ရိုက်တယ်ဆိုတာ ဘယ်သူ ရိုက်မှန်းတော့ သူမသိဘူး။ ဒါပေမယ့် သူက ကြားနေရတယ်။ မျက်စိကို အ၀တ်နဲ့ ပိတ်ထားတော့ မမြင်လိုက်ရဘူး ဘယ်သူတွေမှန်း။ မိုးလင်းတာနဲ့ မျက်စိဖွင့်တဲ့အချိန်မှာ သူ ၀န်ခံလိုက်တာနဲ့ မျက်စိဖွင့်လိုက်တာနဲ့ ရဲက ၁၀ ယောက်လောက်ရှိနေတယ် အခန်းထဲမှာ၊ အဲလိုမျိုး သူပြောတယ်။ ”
တရားခွင်မှာ မောင်ဇော်လင်းထွက်ဆိုသွားချက်အရဆို သူ့ကို ရဲကရော ရိုက်တယ်၊ ဘာသာပြန် ကိုကမာ ကရော ရိုက်တယ်ဆိုတဲ့အချက်တွေ ပေါ်လွင်သလား။
“သူပြောတဲ့ပုံစံကတော့ ပေါ်လွင်ဖို့ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကို သူက မမြင်ရပေမယ့် သူပြောတဲ့ပုံစံက ရဲလည်း ရိုက်မှာပဲ၊ ဒီ ကမာလည်း ရိုက်မှာပဲ အဲလို ရှိတယ်။”
ကျန်တယောက် ၀င်းဇော်ထွန်း (ဝေဖြိုး) ကိုက စူရတ်ဌာနေမှာဖမ်းတာလား၊ ကော့စမွီမှာ ဖမ်းတာလား။
“၀င်းဇော်ထွန်းက စူရတ်ဌာနီမှာ ဖမ်းမိနေတာ။ သူနဲ့ တယောက်တနေရာစီ။ ဖမ်းမိချင်းတူတူ တချိန်တည်းလောက်ပဲ ဖမ်းမိတယ်။ ဒါပေမယ့် ဟိုကောင်က ဖုန်းနဲ့ပဲ ပြောရတယ်။ ခဏလေးပဲ။ ‘မင်းသူငယ်ချင်းလည်း ဖမ်းမိပြီပေါ့နော်၊ ပြေးလို့ မလွတ်ဘူးပေါ့နော်။ မင်းတို့ လူသတ်လာတယ် ၀န်ခံပေါ့။ ၀န်မခံဘူးဆိုရင် မင်းတို့ကို သတ်မယ်ပေါ့။’ အဲလိုပြောတာ။”
မောင်ဇော်လင်းဘက်က သက်သေခံပစ္စည်းတွေကရော ဘာတွေတင်လဲ။
“သက်သေပစ္စည်းတွေက သူတို့မှာ ခုန ရေသွားကူးတယ်။ အဲဒါတော့ မှန်တယ်။ ဂစ်တာတီးတယ် ဆေးလိပ်ဝယ်တယ်။ ဆဲဗင်း (ဆဲဗင်းအလဲဗင်းဆိုင်) မှာ။ ဂစ်တာတီးပြီးတော့ ရေမိုးချိုး၊ ရေကူးပြီးတာနဲ့ ပြန်လာတယ်။ ပြန်လာပြီး အိမ်မှာ သွားအိပ်တာပဲ။ အဓိက ပျောက်သွားတာက ဂစ်တာရယ်။ ဇော်လင်းကတော့ ဂစ်တာ ပျောက်သွားတယ်။ ဝေဖြိုးလေးကတော့ ဖိနပ်ရယ်၊ အင်္ကျီရယ် ပျောက်သွားတယ်။ အင်္ကျီက မောင်မောင်နဲ့ လဲဝတ်ထားတဲ့အင်္ကျီပေါ့နော်။”
အချုပ်အားဖြင့် မနေ့တုန်းက မောင်ဇော်လင်းက လုံးဝ သူမလုပ်ဘူးဆိုတဲ့၊ မုဒိမ်းမကျင့်ဘူးဆိုတာကို အခိုင်အမာ ပြောသွားတာပေါ့။
“အခိုင်အမာပြောသွားတာ။ သူက သူတို့ရဲတွေ ဖမ်းပြီးတော့ သူ့ကို စစ်နေတဲ့အချိန်မှာထိ သူငြင်းနေတုန်း။ သူ လုံးဝ မသိဘူး။ ဒီဟာကိစ္စနဲ့ သူနဲ့ မပတ်သက်ဘူး။ အရက်သွားသောက်တယ်၊ ဂီတာ သွားတီးတယ်။ ဆေးလိပ်သွားသောက်တယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် ကျနော်တို့ သတ်တာ၊ မုဒိမ်းကျင့်တာ မဟုတ်ဘူးလို့ ငြင်းတယ်။ အခိုင်အမာ ငြင်းတယ်။ ငြင်းတာမှ မရဘူး အတင်းနှိပ်စက်အားကြီးလို့ ၀န်ခံလိုက်ရတယ်ပေါ့နော်။ ဒါပေမယ့် တရားရုံးကို မနေ့က ရောက်တဲ့အချိန်မှာ တိတိလင်းလင်း လုံးဝ သူတို့ မပတ်သက်ဘူး။ သူတို့ မသိဘူးဆိုတာ အဲဒါ ပြောတာ။ သူတို့ကတော့ အိုကေ၊ သွားသောက်တယ်၊ ဆေးလိပ်သောက်တယ်။ အရက်ဝယ်တယ်၊ သွားတာလာတာ ရှိတယ်။ ဒါပေမယ့် သတ်တဲ့အထဲမှာ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ သူတို့ ပါဝင်ပတ်သက်မှု လုံးဝမရှိဘူးဆိုတာတော့ အခိုင်အမာ ပြောသွားတယ်။
မောင်ဇော်လင်းနဲ့ ဖမ်းတဲ့ညက ၇ ယောက်ဖမ်းတယ်ဆိုတော့ ကျန်သူတွေကော ဆက်ဖမ်းထားသလဲ။ သူတို့ အခြေအနေကရော။
“ကျန်တဲ့ ၆ ယောက်ကတော့ ပြန်လွှတ်လိုက်ပြီနဲ့ တူတယ်။ ဘာမှ မကြားတော့ဘူး သူတို့ သတင်းကိုလေ။”
မနေ့က တရားခွင်မှာ မောင်ဇော်လင်းမိဘတွေ လာနားထောင်လား။ သေဆုံးကြတဲ့သူတွေရဲ့ မိသားစုတွေရော တက်ရောက်နားထောင်ကြလား။ သူတို့ကို မြင်တွေ့ရတဲ့အခြေအနေ ပြောပြပါ။
“ဒေးဗစ်ရဲ့ အဖေနဲ့ အမေနဲ့ကတော့ လာတာတွေ့တယ်။ နောက်ပြီးတော့ အင်္ဂလန်သံရုံးကလည်း ကိုယ်စားလှယ်လာတယ်။ ဟန်နာရဲ့ဦးလေးလည်း လာတယ်။ သူတို့ ပထမဆုံး ၁ ရက်နေ့ (စက်တင်ဘာ) က စစ်တဲ့အချိန်မှာတော့ ရဲကို စစ်တာတော့ သူတို့ တက်တက်ကြွကြွရှိတာ တွေ့တယ်။ သူတို့အချက်အလက်တွေ ဘာတွေပေါ့နော်။ ဇော်လင်းလေးစစ်တဲ့အချိန်မှာ သူတို့က ဘာသာပြန်ကနေတဆင့် သူတို့ပြောတဲ့အချိန်မှာ သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးဆိုတာကို သူတို့ သိသွားရတယ်။ သိသွားရပေမယ့်လည်း သူတို့ကတော့ ၁၀၀ ရာခိုင်နှုန်းတော့ ယုံကြည်မှု မရှိသေးဘူးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ရဲတွေက သူတို့ဘက်က သူတို့နဲ့ ဘယ်လိုမျိုး စကားပြောဆို၊ သူတို့အစိုးရက ဘယ်လိုပြောဆို အပေးအယူ လုပ်ထားမလဲ ကျနော်တို့ မသိနိုင်ဘူးလေ။ အဲ ဒါပေမယ့် မျက်နှာတော့ တမျိုးလေးတော့  ပြောင်းသွားတာ ရှိတယ်။ နည်းနည်း။ ပြီးတော့ ဇော်လင်းနဲ့ ဝေဖြိုးလေးရဲ့ အမေတွေကတော့ ၀မ်းဝမ်းသာသာနဲ့ ပြုံးပြုံးရွှင်ရွှင်လေးတွေ ရှိတယ်။ စိတ်ချမ်းသာမှုလေးတွေ ရှိတယ်။ သူ့သား ဒီလို ထွက်ဆိုသွားတယ်ဆိုတဲ့ဟာကို။”
နိုင်ငံတကာ တရားမျှတမှုအဖွဲ့တို့၊ လူ့အခွင့်အရေးအဖွဲ့တို့ကလည်း လာနားထောင်ကြတယ် မဟုတ်လား။
“မြင်တယ်ခင်ဗျ။ ထိုင်းလူ့အခွင့်အရေးကော်မရှင်က ကိုယ်စားလှယ်တွေလာတယ်၊ အဲဒါက ၃ ယောက်။ အမျိုးသမီး ၂ ယောက်နဲ့ ယောက်ျားလေး ၁ ယောက်ပါတယ်။ သူတို့ ၃ ယောက်။ ပြီးလို့ရှိရင် အပြည်ပြည်ဆိုင်ရာရှေ့နေ လေ့လာစူးစမ်းရေးပေါ့နော်။ တယောက် အင်္ဂလိပ်တယောက်၊ ဘာသာပြန်နဲ့ သူလာတယ်။ ဒါပေမယ့် ကျနော်တို့နဲ့  ဦးအောင်မျိုးသန့် (မြန်မာသံရုံးအထူးအဖွဲ့ဝင်) တို့နဲ့ စကားပြောလိုက်တော့ အားလုံး အဆင်ပြေပါတယ်။ သူ့ရဲ့သုံးသပ်မှုကိုတော့ ကျနော် မသိဘူးပေါ့နော်။ သူ့အနေအထားကတော့ သူပြန်လာဖို့ ရှိသေးတယ်။ ၁၁ ရက်နေ့ကျရင်။ ဒါပေမယ့် လူ့အခွင့်အရေးကော်မရှင်အဖွဲ့ကတော့ မှတ်တမ်းတွေနဲ့ လုပ်တဲ့အချိန်မှာ အထဲမှာတော့ ၀င်တဲ့အချိန်မှာ ရှေ့နေအကုန် ၀င်တဲ့လူမှန်သမျှ ဒီအခန်းထဲကို ကျနော်တို့က ဖုန်းကအစ၊ ဘောပင်ကအစ ဘာမှ ယူသွားလို့ မရတော့ဘူး။ ဘာမှ ယူမရတော့ဘူး။ စိတ်နဲ့ နားထောင်၊ ဦးနှောက်နဲ့ နားထောင်၊ ပြန်ထွက်။ ကိုယ့်ဟာကို ဘယ်လိုပဲရေးရေး အဲလိုပေါ့နော်။ လူ့အခွင့်အရေးကော်မရှင်ကတော့ အဲဒါအ၀င်အထွက်လုပ်လို့တောင်မှ ပြောလိုက်သေးတယ်။ မင်းတို့ ခဏခဏ အ၀င်အထွက်လုပ်တယ်ဆိုတာမျိုး။ ဒီလိုမျိုးမလုပ်နဲ့ပေါ့နော်။ ပြီးတော့ ဒီကြားထဲမှာ ကြားက ရှေ့နေ ဘယ်သူမှန်းလည်း မသိဘူး။ ရှေ့နေတယောက် ၀င်လာပြီး အတင်းဝင်လာတယ်။ နေ့လည်လောက်ပိုင်းမှာ ၂ နာရီလောက်မှာ။ ဘယ်ရှေ့နေမှန်း မသိဘူး။ သူတို့ တရားလိုဘက်ကလူတွေပဲ လွှတ်လိုက်လားတော့ မသိဘူး။ ၀င်လာပြီးတော့ ၀င်ထိုင်ပြီးတော့  မှတ်တဲ့အချိန်မှာ ရုံးအုပ်ကြီးက ပြောတယ်။ မှတ်မရဘူးဆိုတာကို။ စာအုပ်တွေ ချထားရတယ်။”
ဒါဆို ကိုမိုးဝေတို့လည်း စိတ်နဲ့ပဲ မှတ်ရတာပေါ့။
“ဟုတ်တယ်။ စိတ်နဲ့ပဲ မှတ်ရတယ်၊ ဦးနှောက်နဲ့ပဲ မှတ်ရတာပဲ။ ဘယ်အဖွဲ့မှ မှတ်တမ်းယူလို့ မရဘူး။ ကျနော်တို့ကတော့ စိတ်နဲ့ပဲ မှတ်ထားတာလေးတွေကို အချက်အလက်ပဲ ယူလာပြီး အပြင်မှာ ပြန်လာရေးကြတာပေါ့။”
မောင်ဇော်လင်းရဲ့ မနေ့က ရုံးတော်မှာ မကျူးလွန်ကြောင်း တရားဝင်ငြင်းဆိုချက်ဟာ အမှုမှာ အချိုးအကွေ့ ဖြစ်သွားလား။
“အမှုက ဘယ်လိုဖြစ်နေလဲဆိုတော့ သူတို့နိုင်ငံ ထိုင်းနိုင်ငံဆိုတော့ သူတို့ကွင်းမှာ ဘောလုံးကန်သလို မျိုးတော့ ဖြစ်နေတာပေါ့။ ကျနော်တို့အနေနဲ့ ကျရင်တော့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကွင်းမှာ တရားသူကြီးတွေရော၊ သူတို့ဘက်က သူတို့တနိုင်ငံလုံးရယ် သူတို့မှာတော့ ပရက်ရှာလေးတော့ ရှိမှာပေါ့ဗျာ။ ဒါပေမယ့် တရားသူကြီးတွေ ၃ ပါးလုံးကတော့ စိတ်ရှည်ရှည် လက်ရှည်ရှည်နဲ့ သေသေချာချာ လိုက်လုပ်ပေးတာ၊ မှတ်တမ်းလုပ်ပေးတာတော့ ရှိပါတယ်။ အဲဒါတော့။ ပြောတဲ့အချက်တိုင်းကို မှတ်တမ်းတင်ထားတာတွေ ရှိတယ်။ အဲဒါတော့ အရမ်းကောင်းတယ်။ ဒါပေမယ့် သူတို့ကွင်းမှာ လုပ်ရတယ်ဆိုတော့ ကျနော်တို့ကတော့ ရှုံးရှုံးနိုင်နိုင် ကန်ရမှာပဲလေ။ ဒါပေမယ့် ကျနော်တို့အနေနဲ့ မြင်တာကတော့ ပထမဦးဆုံး ထောင်ထဲမှာ သွားတွေ့တဲ့အချိန်ကနေ နောက်ဆုံးအချိန်ထိ သူပြောသွားတဲ့ပုံစံက ဒီအတိုင်းပဲ ပြောသွားတာ။ သူ လုံးဝပါဝင်ပတ်သက်မှုမရှိဘူးဆိုတဲ့ဟာပဲ။ သူဘီယာသွားသောက်၊ အရက်သွား သောက်တယ်။ ကျန်တာ မပါဘူးဆိုတာပဲ။ ဘီယာသောက်တယ်၊ ဆေးလိပ်သောက်တယ်၊ သီချင်းဆိုတယ်၊ ရေကူးတယ် အဲဒါတွေပဲ ပါတယ်။”
မောင်ဇော်လင်းကို ဘယ်နေ့ ထပ်စစ်မလဲ။
“အဲဒါကို ခုနပြောတယ်။ ၁၁ ရက်နေ့ကျရင် ဒေါက်တာပွန်ထစ် (ထိုင်းနိုင်ငံ မှုခင်းဆေးသိပ္ပံညွန်ကြားရေးမှူးချုပ်) ကို ဒီအန်အေစစ်တာနဲ့ ပတ်သက်ပြီးတော့ သူက တရားခွင်ရှိတယ်။ တရားခွင်ရှိတယ်ဆိုတော့ ဒေါက်တာပွန်ထစ်က ၂ နာရီိထိုးဆိုရင် သူက ပြန်ရမှာ ဘန်ကောက်ကို ပြန်ရမှာဆိုတော့ ကျန်တဲ့အချိန်တွေမှာ ခုနပြောတဲ့ ဒီ ဇော်လင်းလေးက ကျန်သေးတယ်လေ၊ မပြီးသေးဘူး။ ထပ်စစ်မယ်ဆိုတာ အဲဒါ ကျနော်တို့ဘက်က ရှေ့နေတွေက တရားသူကြီးကို ပြောထားတာ ရှိတယ်။ ရှိကောင်း ရှိနိုင်တယ်။ စစ်မယ်ဆိုရင်တော့ ည ၁၀ နာရီ၊ ၁၁ နာရီ၊ ၁၂ နာရီအထိ ဆက်စစ်သွားဖို့ ရှိတယ်။ ပြီးလို့ရှိရင် နောက်နေ့ဆိုရင် စနေ၊ တနင်္ဂနွေဆိုတော့ တရားသူကြီးတွေလည်း အလုပ်မလုပ်တော့ဘူးပေါ့နော်။ အဲလိုမျိုးတော့ ရှိနိုင်တယ်။”
နောက်တယောက် ကိုဝင်းဇော်ထွန်း (ဝေဖြိုး) ကိုရော ဘယ်တော့ စစ်မလဲ။
“မစစ်ရသေးဘူး။ သူက ၂၀ (စက်တင်ဘာ) ကျော်မှ ဖြစ်မယ်။”

http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။