ဦးမောင်စံဖော်


ဦးမောင်စံဖော်


ရခိုင်ပြည်နယ် မြေပုံမြို့၊ သဲတန်းရပ်ကွက်တွင် အဘဦးရွှေဘန်းအောင်၊ အမိဒေါ်မြညိုတို့မှ ကောဇာ ၁၂၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။ေ မွးချင်းငါးဦးအနက် အကြီးဆုံးသား ဖြစ်သည်။

မြေပုံမြို့ ချင်းမကျောင်းခေါ် အေအမ်ဘီကျောင်း၌ မူလတန်းပညာကို စတင်သင်ကြားခဲ့ရာ တိုင်းရင်းမြန်မာ ၇တန်း အောင်ခဲ့သည်။ ထိုနောက် ကျောက်ဖြူမြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ရာ ကျောက်ဖြူမြို့ အစိုးရအထက်တန်းကျောင်း၊ ကျောင်းသား သမဂ္ဂမဂ္ဂဇင်း လက်ရေးမူကို ထုတ်ဝေခဲ့ရာ တာဝန်ခံစာတည်းအဖြစ် ဆောင်ရွက်ရင်း စာများပါဝင် ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် အနှံ့အပြားရှိကျောင်းများတွင် ပညာဆက်လက်သင်ကြားခွင့် ရရှိရေးအတွက် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သဖြင့် ရန်ကုန်မြို့သို့သွားရောက်ကာမြို့မအမျိုးသားအထက်တန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ ထိုအချိန်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာ၍ ကျောင်းပိတ်လိုက်သည်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် ကိုလိုနီနယ်ချဲ့တော်လှန်ရေးအတွက်ဘီအိုင်အေတပ်တွင် ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သည်။ ဖက်ဆစ် တော်လှန်ရေး၌လည်း ပါဝင်ခဲ့သည်။ စစ်ပြီးခေတ်တွင် ပညာဆက်လက်သင်ကြားခဲ့ရာ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ၁၉၅၄ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်စိတ်ပညာဌာနတွင် သရုပ်ပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းနှင့် ရခိုင်တန်ဆောင်မဂ္ဂဇင်းတို့တွင် စာတည်းအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၅-၅၆ ခုနှစ်တွင် ရခိုင့်တန်ဆောင်မဂ္ဂဇင်း အထွေထွေစာတည်းဖြစ်လာရာ ထိုနှစ်မှစ၍ ]ရခိုင်စာပီကဏ္ဍ} ကို ဦးစံကျော်ထွန်းနှင့်အတူ စတင်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် အလွတ်ပညာသင်ကျောင်းများဖြစ်သော ယူအီးအိုင်၊ ဘ၀သစ်တို့တွင်ဆရာအဖြစ် ဆောင်ရွက်သည်။ တော်လှန်ရေးကောင်စီခေတ်တွင် ပညာသင်ကျောင်းများကို ပြည်သူပိုင်သိမ်းခဲ့ရာ စမ်းချောင်း အထက-၄တွင် အထက်တန်းပြဆရာ ဖြစ်လာသည်။ ထိုသို့တာဝန်ထမ်းဆောင်နေစဉ် ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခ ဦးဝန်'မင်းသုဝဏ်' က ခေါ်ယူတာဝန်ပေးအပ်သဖြင့် မြန်မာစာဌာနတွင် နည်းပြဆရာအဖြစ်ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ဘာသာပြန်ဌာနတွင် စာပြုအဖြစ် အမှုထမ်းခဲ့သည်။ ထို့နောက် မြန်မာစာဌာနတွင် နည်းပြအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တွေကောလိပ်ဖွင့်စတွင် ယာယီဌာနမှူးအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၇-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ပြန်ရောက်လာသည်။ ၁၉၈၂-ခုနှစ်မှစ၍ ရန်ကုန်ဆေးတက္ကသိုလ် ၁၊ မြန်မာစာဌာနတွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၇-ခုနှစ် ဒီဇင်ဘာလတွင် သက်ပြည့်အငြိမ်းစားယူခဲ့သည်။

ရခိုင်တန်ဆောင်မဂ္ဂဇင်း၊ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၊ ရှုမ၀မဂ္ဂဇင်း၊ ဒဂုန်မဂ္ဂဇင်း၊ လင်းယုန်မဂ္ဂဇင်းဂျာနယ်တွင် မောင်စံဖော်၊ အောင်စုံ၊ တင်ထူး၊ အောင်စံဖြိုး၊ချစ်ထွေး၊ မင်းညို၊ ချစ်လေးမောင်၊ ကျော်စွာ၊ မောင်နံ့သာ စသော ကလောင်အမည်များဖြင့် ကဗျာ၊ စာပေဆောင်းပါး၊ ဝေဖန်ရေးဆောင်းပါး၊ သမိုင်းဆိုင်ရာ ဆောင်းပါးများကို ပါဝင်ရေးသားခဲ့သည်။ ထင်ရှားသော ကလောင်အမည်များမှာ မောင်စံဖော်နှင့် အောင်စုံအမည်တို့ ဖြစ်သည်။

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ တာဝန်ထမ်းဆောင်စဉ်က ရုရှား၊ ဂျပန်စသောနိုင်ငံခြားကျောင်းသားများအား မြန်မာစာနှင့် ရခိုင်ဘာသာသင် ဆရာအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

အစိုးရအလုပ်တာဝန်မှ အငြိမ်းစားယူပြီးနောက် ပွင့်ဦးမဂ္ဂဇင်း၌ အတိုင်ပင်ခံစာတည်း၊ ရခိုင်ညွန့်ဖူး၊ ရခိုင်ရိုးမမဂ္ဂဇင်းတို့တွင် တာဝန်ခံစာတည်းအဖြစ် တာဝန်ယူရင်း စာများပြန်လည် ရေးသားလျက်ရှိသည်။

ယခုအခါ ဇနီးသားမီးများနှင့်အတူ ရန်ကုန်မြို့၊ စမ်းချောင်း ဝေဠုဝန်အိမ်ရာစခန်းတိုက်-၁၁၊ အခန်း-၉တွင် နေထိုင်လျက် ရှိပါသည်။


ဝန်ခံချက်။  ။ ၁၉၉၈ ခုနှစ်၊ ဇွန်လတွင် ရခိုင်သားကြီးစာပေမှထုတ်ဝေသော "ရိုးမခေါ်သံ" စာအုပ်မှ ကူးယူဖော်ပြပါသည်။ 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။