မိုးဆက်တိုက် ရွာသွန်း၍ စက်တင်ဘာလတွင် တကျော့ပြန် ရေကြီးနိုင်

ရေကြီးရေလျှံမှု, မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန
မိုးဆက်တိုက် ရွာသွန်းနေသဖြင့် စက်တင်ဘာလအတွင်း တကျော့ပြန် ရေကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ပြောကြားသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် မိုးများနေပြီး လက်ရှိတွင် ချင်းတွင်းမြစ်ရေ ကြီးနေသဖြင့် စစ်ကိုင်းတိုင်း အထက်ပိုင်းဖြစ်သည့် ခန္တီး၊ ဟုမ္မလင်း၊ ကလေးဝ၊ မော်လိုက်ဘက်တွင် ရေတက်နေကြောင်း၊ ရေကြီးနိုင်သည့် နေရာများကိုလည်း နေ့စဉ်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
ဦးကျော်မိုးဦးက“မြစ်ရေ ဘယ်လောက် တက်လာလဲ၊ ဘယ်လောက်ကျသွားလဲ ဆိုတာကိုတော့ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပြီး ရေကြီးနိုင်တဲ့ နေရာတွေကိုလည်း ကျနော်တို့ ထုတ်ပြန်ပြီး သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးဌာနဆီကို ပို့ပါတယ်။ မုန်တိုင်းကတော့ လောလောဆယ် မရှိသေးပါဘူး”ဟု ဆိုသည်။
စက်တင်ဘာ ၁ရက်နေ့တွင် နာဆာဂြိုလ်တုမှ တိုင်းတာချက်အရ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် မိုးများလာနိုင်ပြီး မြေပြိုမှု အလားအလာရှိနေကြောင်းလည်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သူ၏ ဖေ့စ်ဘုတ်မှတဆင့် သတင်း ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ ကောလင်း မြို့နယ်တွင်လည်း ရေကြီးမှု ထပ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် အရေးပေါ် အခြေအနေအတွက် အရံဆန် တထောင်ကျော် ဝယ်ယူစုဆောင်းထားကြောင်း၊ ဇူလိုင်လ အတွင်း၌ ရေကြီးခဲ့သည့် အတွေ့အကြုံကို သင်ခန်းစာ ယူကာ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြကြောင်းကောလင်းမြို့နယ်ရေဘေးကယ်ဆယ်ထောက်ပံ့ရေးကော်မတီအတွင်းရေးမှူးဦးအောင်မျိုးဝေကပြောသည်။
ဦးအောင်မျိုးဝေက“စက်တင်ဘာ၊ အောက်တိုဘာမှ မိုးကြီးမှာလား ဆိုတာ ကျနော်တို့ စောင့်ကြည့်မယ်။ အရေးပေါ်ကာလအတွက် အသက်ကယ် လှေတွေလည်း ရှိနေပြီ။ လျင်လျင်မြန်မြန် ပိုလုပ်နိုင်တယ်။
အရန်ဆန်တွေဝယ်ထားတဲ့အတွက် လက်တလော စားသောက်မှုအတွက် ကျနော်တို့ ဖြေရှင်းနိုင်မယ်။ ကျနော်တို့ စက်တင်ဘာလအတွက် ပြင်ဆင်ထားတာ ရှိပါတယ်”ဟု ပြောသည်။
ယခုရက်ပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နှင့် စစ်ကိုင်းတိုင်း ခန္တီးမြို့တို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလာသဖြင့် ဒေသခံများ ရေလွှတ်ရာသို့ တိမ်းရှောင်နေထိုင်နေရကြောင်းလည်း သိရသည်။
သြဂုတ်လကုန်ပိုင်းမှစ၍ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကချင်ပြည်နယ်ရှိ ဥရုချောင်း ရေလျှံလာသဖြင့် ဖားကန့် မြို့တွင်းရှိ ရပ်ကွက်တချို့ ရေလွှမ်းမိုးမှု ထပ်မံကြုံခဲ့ရပြီး ခန့်မှန်းခြေ အိမ်ခြေ ၃၀၀ကျော် ရေလွှမ်းမိုးမှုခံခဲ့ရ ကြောင်း ဖားကန့် ဒေသခံများက ဧရာဝတီသို့ ပြောသည်။
ဖားကန့်မြို့မှ ရဲအရာရှိတဦး ဖြစ်သူ သန့်ဇော်ဦးက“သြဂုတ် ၃၀ရက်က စပြီး ရေပြန်ကြီးလာတယ်။ ရေလွှမ်းမိုးခံရတဲ့ နေရာက ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာနဲ့ မရှီကထောင် ရပ်ကွက်တွေပါ။ နှစ်စဉ် ရေကြီး နေကျပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ်တွင် မိုးများပြီး မြစ်ရေများ တက်နေသည့်အပြင် ဟိမ၀န္တာ တောင်တန်းပေါ်ရှိ ရေခဲပြင်များ အရည်ပျော်ကျ လာနိုင်သဖြင့် ကချင်ဒေသခံများက စိုးရိမ်နေကြသည်။
ထိုနည်းတူ မိုးရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေတက်လာကာ ခန္တီးမြို့ရှိ ရပ်ကွက် တချို့များ ရေလျှံမှုဖြစ်နေကြောင်း၊ နေအိမ်တချို့ ရေလွှမ်းမိုးမှု ခံထားရကြောင်း၊ ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာ ဆွေမျိုးများအိမ်တွင် သွားရောက်နေထိုင်ရကြောင်း ခန္တီးမြို့ခံ ဦးခင်မောင်ဌေးက ပြောသည်။
ဦးခင်မောင်ဌေးက“ချင်းတွင်းမြစ် ကမ်းနားလမ်းတလျှောက်ရေကြီးတာပါ။ စိုးရိမ်စရာတော့မရှိပါဘူး။ သက်ဆိုင်ရာကလည်း လော်စပီကာနဲ့ အမြဲ သတိပေးနေပါတယ်”ဟု ဆိုသည်။
နိုင်ငံတဝှမ်းတွင် ၂၀၁၅ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်နယ် ၆ ခုနှင့် တိုင်းဒေသကြီး ၆ ခုတို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူ ၁၂၂ ဦး သေဆုံးခဲ့ကြောင်း အစိုးရက  ထုတ်ပြန်ခဲ့သည်။
http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။