ရခိုင်ပြည်နယ်အတွင်းနှင့် တနင်္သာရီတိုင်း ထားဝယ်ဒေသအနှံ့တွင် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်

ရခိုင်ပြည်နယ်အတွင်းနှင့် တနင်္သာရီတိုင်း ထားဝယ်ဒေသအနှံ့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး ခရီးသွားလာမှုပြတ်တောက်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတန်းရှိ မြစ်ချောင်းများတွင် ရေကြီးနေသဖြင့် အမြန်ရေယာဉ်လိုင်းများနှင့် ပြည်တွင်းရေကြောင်းသင်္ဘောများအားလုံး ရပ်နားထားကြောင်း သတင်းရရှိသည်။

ရခိုင်ကမ်းရိုးတန်းတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေပြီး လေပြင်းများပါတိုက်ခတ်နေသဖြင့် ကုလားတန်မြစ်၊ မယူမြစ်၊ လေးမြို့မြစ်တို့တွင် အညာရေကြောင့် ကမ်းပါးရှိမြို့ရွာများ ရေနစ်နေကြောင်း၊ အထူးသဖြင့် မယူမြစ်တွင် ရေလမ်းကိုအားထားသွားလာနေရသည့် ဘူးသီးတောင်၊ တောင်ကုတ်၊ မင်းပြား၊ ကမ်းထောင့်ကြီး၊ ကျောက်ဖြူ စသည်တို့တွင် ရေလွှမ်းမိုးနေသဖြင့် ရေကြောင်းခရီးစဉ်များအား ရပ်နားထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

"မိုးရွာလို့၊ ရေကြီးလို့၊ ရေအကျများလို့ မနေ့ကထွက်တဲ့သင်္ဘောက ဘူးသီးတောင်မရောက်ဘဲ ရသေ့တောင်မှာရပ်နေရတယ်။ ဒီနေ့တော့ သင်္ဘောတစ်စင်းမှမထွက်ဘူး။ ရေပြည့်လို့ သင်္ဘောလမ်းကြောင်းကမမြင်ရတော့  ခရီးစဉ်ရပ်နားထားတာဖြစ်ပါတယ်။ ရာသီဥတုသာယာမှပဲ ထွက်ဖြစ်ပါမယ်" ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနှင့် အကျိုးတူပြေးဆွဲနေသည့် ရက္ခိတအားမာန် ဓည၀တီသင်္ဘောလိုင်းမှ ဦးကျော်သိန်းက ပြောကြားသည်။

အလားတူပင် ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံ၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များအတွင်း၌ မိုးသည်းထန်မှုကြောင့် ချောင်းရိုးများအတွင်းသို့ တောင်ကျရေအများအပြားစီးဆင်းလာ၍ လယ်မြေအများအပြားလည်းရေနစ်မြုပ်ခဲ့ရပြီး လမ်းသားအချို့မှာ ရေစီးကြောင့်ပြိုကျခဲ့ကြောင်း၊ ထို့အပြင် ထားဝယ်မြို့ပေါ်ရပ်ကွက်အချို့တွင်လည်း ရေ၀င်ရောက်မှုဖြစ်ပွားခဲ့ပြီး မြို့အ၀င်အထွက်လမ်းများ ရေကျော်နေမှုကြောင့် သွားလာမှုပြတ်တောက်ခဲ့ရကြောင်း ရေ၀င်ရောက်မှုရှိခဲ့သည့် စာသင်ကျောင်းအချို့လည်း ပိတ်ထားခဲ့ရကြောင်း သိရသည်။

ထားဝယ်-ရေး လမ်းပိုင်းရှိ မောင်မရှောင်ရွာအနီးတွင်  တောင်ကျရေများကြောင့် ကားလမ်းပေါ် ရေလျှံမှုများဖြစ်ပေါ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)

"ထားဝယ်မှာ မိုးက ၂၂ ရက်နေ့လောက်ကနေပြီး မနားတမ်းဆက်တိုက်သဲသဲမဲမဲရွာနေခဲ့တာ။ ၂၃ ရက်နေ့ရောက်တော့ ချောင်းဖျားရေက တစ်ဟုန်ထိုးဆင်းလာလို့ လယ်တွေရေစမြုပ်ခဲ့တယ်။ အဲနေ့ညမှာပဲ ထားဝယ်- ရေးလမ်းပိုင်းပေါ်က နေရာအချို့ လမ်းရေကျော်တာနဲ့  တောင်ပြိုတာတွေဖြစ်လို့ ခရီးသည်ယာဉ်တွေ ပိတ်မိနေခဲ့ပါတယ်။ မိုးက ၂၅  ရက်နေ့အထိ သည်းနေတုန်းပဲ။ မကြာခင် ရေထရက်ရောက်တော့မှာဆိုတော့ ဒီအတိုင်းမိုးဆက်သည်းနေရင် ချောင်းဖျားရေနဲ့ပေါင်းပြီး ဆိုးဆိုးရွားရွားရေကြီးလာနိုင်တယ်။ မြစ်ချောင်းနဲ့နီးတဲ့နေရာမှာ နေထိုင်တဲ့သူတွေ သတိပြုသင့်တယ်" ဟု ထားဝယ်မြို့ပေါ်နေ ဒေသခံတစ်ဦးက ပြောကြားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် အနောက်တောင်မုတ်သုံလေအားကောင်းနေမှုကြောင့် ကမ်းရိုးတန်းဒေသနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နောက်သုံးရက်အတွင်း မိုးကြီးနိုင်ပြီး ရုတ်တရက်မြစ်ရေလျှံခြင်းနှင့် မြေပြိုမှုများဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
Writer:
သားရွှေဦး၊ ဖြိုးဇင်

___EMG
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။