သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ အမည်ထည့်သွင်း ကောက်ခံမည်ကို ကျောက်ဖြူတွင် ဆန္ဒပြကန့်ကွက်



(နိရဉ္စရာ- ၁၆ မတ်လခ ၂၀၁၄) / မင်းဆက်ခိုင်နှင့် ခိုင်မျိုးနိုင် (ကျောက်ဖြူ)

ယခုလ ၃၀ရက်နေ့တွင် စတင်ကောက်ယူမည့် မြန်မာပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ထည့်သွင်းကောက်ခံမည်ကို ရခိုင်ပြည်နယ် ကျောက်ဖြူဒေသခံ ၅၀၀ ခန့်က ယနေ့တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

“ သန်းခေါင်စာရင်းကောက်တဲ့အခါမှာ ရိုဟင်ဂျာလို့ ဒီနိုင်ငံမှာ မရှိတဲ့ လူမျိုးတမျိုးကို ထည့်သွင်း ကောက်ယူမှာကို ကျနော်တို့က မလိုလားတဲ့အတွက် ကန့်ကွက် ဆန္ဒပြတာ ဖြစ်ပါတယ်။ ပြီးတော့ ရခိုင်လူထုအနေနဲ့လည်း အရင်ကလည်း မရှိခဲ့တဲ့ ဒီ ရိုဟင်ဂျာဆိုတဲ့လူမျိုးတမျိုး ပေါ်လာမှာကို စိုးရိမ်ကြတယ်။” ဟု ဆန္ဒပြပွဲတွင် ပါဝင်လှုပ်ရှားသူ ကျောက်ဖြူလူမှုကွန်ရက်အဖွဲ့မှ ဦးထွန်းလွင်က နိရဉ္စရာသို့ ပြောသည်။

ဆန္ဒပြပွဲတွင် တောင်းဆိုချက်များနှင့် ပတ်သက်၍လည်း ဦးထွန်းလွင်က“ တောင်းဆိုတာတွေကတော့ ၁၉၈၂ ဥပဒေအရ တရားမဝင် ဘင်္ဂါလီတွေကို ဖော်ထုတ်ဖို့ ကိစ္စ၊ သန်းခေါင်စာရင်းကောက်ခံတဲ့အခါ ဘင်္ဂါလီတွေကို အခြားနေရာမှာ ရိုဟင်ဂျာဆိုပြီးတော့ ထည့်သွင်း မကောက်ခံဖို့၊ ပြီးတော့ သန်းခေါင်စာရင်း ကောက်ခံတဲ့အခါ ဘင်္ဂါလီစာရင်းကောက် အယောက် ၁၄၀ ကျော်ပါဝင်မယ်လို့ သိရတယ်။ ဒါကို ကန့်ကွက် တယ်။ အဓိက အချက်တွေကတော့ ဒါပါပဲ” ဟု သူက ဆက်ပြောသည်။

ယခုလ ၁၄ရက်နေ့က ကျောက်ဖြူမြို့သို့ ဝန်ကြီးဦးခင်ရီ ရောက်ရှိလာပြီး ဒေသခံများ၊ လူထုအခြေပြု အဖွဲ့အစည်းများဖြင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

၎င်းတွေ့ဆုံပွဲတွင် ရခိုင်ဒေသခံများက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ခံမည်ကို ရခိုင်လူထုအနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆိုကြရာတွင် ဝန်းကြီး ဦးခင်ရီက မထည့်ပါနဲ့လို့ ပြောလို့လည်း ရမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု ကျောက်ဖြူ ဒေသခံတဦးက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို ယနေ့ နံနက် ၉နာရီခန့်မှ စတင်ပြီး ၁၀နာရီအထိ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသခံ ၅၀၀ ခန့်က ပိုစတာများ ကိုင်ဆောင်ပြီး မြို့ကိုလှည့်လည်ကာ ပြုလုပ်ခဲ့ ကြခြင်းဖြစ်သည်။
အလားတူ ဆန္ဒပြပွဲတခုကိုလည်း ယနေ့တွင် စစ်တွေမြို့နှင့် ပုဏ္ဍားကျွန်းမြို့တို့တွင်လည်း ပြုလုပ်နေသည်ဟု သတင်း ရရှိသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။