ဒေါ်စုကို ထာဝရ ငြိမ်းချမ်းရေး ကော်မရှင်မှာ အဆိုပြုတာ ဘာကြောင့်လဲ

၂၀၁၁ ခုနှစ် သြဂတ်စ်လ ၃၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသား လွှတ်တော် မှာ မြန်မာပြည်တွင်း ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ပြီး တိုင်းပြည်တည်ငြိမ်ရေးနဲ့ အေးချမ်း သာယာမှု အတွက် အမြဲတမ်း ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်းဖို့ အဆိုတရပ်ကို အမျိုးသားလွှတ်တော်မှာ တင်သွင်း ခဲ့ပါတယ်။ အဲဒီ အဆိုကို ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက ကချင်ပြည်နယ် အမတ်တဦး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးတည်ဆောက်မယ် ဆိုရင် အမြဲတန်း ငြိမ်းချမ်းရေး ကော်မီတီနဲ့ မလုံလောက်ဘဲ ထာဝရ ငြိမ်းချမ်းရေး ကော်မရှင်လို အဖွဲ့မျိုးလိုအပ်သလို အဲဒီ အဖွဲ့ထဲမှာလည်း အများက ယုံကြည် လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ပါဝင်ဖို့ လိုတယ်လို့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရတပ ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဆွေးနွေး တင်ပြ ပြောဆို ခဲ့ပါတယ်။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထာဝရ ငြိမ်းချမ်းရေး ကော်မရှင်မှာ ထည့်ဖို့ လိုအပ် ပါသလဲလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဒေါက်တာ အေးမောင်ကို မေးကြည့်တဲ့ အခါ သူက အခုလို စတင် ပြောကြားပါတယ်။

-------------------------------------------------------------------------------------------

ဒေါက်တာအေးမောင် ။ ။ ထာဝရ ငြိမ်းချမ်းရေးကို လိုချင်ရင် အားလုံး ပါဝင်နိုင်တဲ့ ကော်မရှင်တခု ဖြစ်ဖို့လိုပါတယ်။ အဲဒါကို ဖြစ်စေချင်တဲ့ ဆန္ဒက အဓိကပါ။ အားလုံး ပါဝင်တယ် ဆိုတာကလည်း အဲဒီကော်မရှင် အပေါ်မှာ ပြည်တွင်း၊ပြည်ပက လူထုတွေ အပါအ၀င်ပေါ့လေ လက်နက်ကိုင်တဲ့ ဘက်နှစ်ဖက် စလုံးက ယုံကြည်တဲ့ ပုဂ္ဂိုလ်မျိုးလည်း ပါစေချင်ပါတယ်။ ဆိုလိုတာက ဒေါ်စုရယ် တခြား မြန်မာ့ နိုင်ငံရေးမှာ အစဉ်လာရှိတဲ့ ပုဂ္ဂိုလ်တွေရယ်။ ဥပမာ သခင်ချန်ထွန်း တို့လို ဝါရင့် နိုင်ငံရေး သမား ဟောင်းကြီးတွေ၊ စာပေရေးရာက ပုဂ္ဂိုလ်တွေ၊ လွှတ်တော်က အမတ်တွေနဲ့ တတိုင်း ပြည်လုံးက ယုံကြည်ရတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ စသဖြင့် အကုန်လုံးပါအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ အလုံးစုံ ပြည့်စုံတဲ့ ကော်မရှင်တခုကိုသာ ကျနော်တို့ ဒီလွှတ်တော်က ဖွဲ့စည်း နိုင်ခဲ့မယ်ဆိုရင် အဲဒီကော်မရှင် အပေါ်မှာ ပြည်တွင်း ပြည်ပနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နှစ်ဖက်ဖြစ်နေသူတွေ အားလုံးက ယုံကြည်ကြမယ်ဆိုတဲ့ အမြင် ကျနော့်မှာ ရှိပါတယ်။ အဲဒီကော်မရှင်ဟာ လွတ်လပ်ပြီး ထိထိရောက်ရောက် ဦးဆောင်နိုင်မယ်။ တကယ်တမ်း ကျနော်တို့က အဲဒီ ကော်မရှင်ကို ဆွေးနွေးနိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေ အပ်နှင်းနိုင်မယ် ဆိုရင် အချိန်တို အတွင်းမှာ ပြည်တွင်း စစ်မီး ငြိမ်းအေး စေအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်တဲ့ အတွက် ဒီရည်ရွယ်ချက်နဲ့ အပြည့်အ၀ ဆန္ဒပြုတာ ဖြစ်ပါတယ်။

နိရဉ္စရာ။ ။ အမြဲတမ်း ကော်မတီလို့ အဆိုတင်သွင်းထားတဲ့ အပေါ်မှာ ဥက္ကဌက ထူးထူးခြားခြား အမြဲတန်း ငြိမ်းချမ်းရေး ကော်မီတီနဲ့ မလုံလောက်ဘူး။ ထာဝရငြိမ်းချမ်းရေး ကော်မရှင် ဆိုပြီးတော့ နောက်ထပ်တခု အသစ် စကားလုံး တလုံးကို ရွှေးချယ် အဆိုပြု တင်သွင်းတာကို တွေ့ရပါတယ်။ ဘာကြောင့် ထာဝရငြိမ်းချမ်းရေး ကော်မရှင် ဖွဲ့ဖို့ လိုတယ်လို့ အဆိုတင်သွင်းရတာပါလဲ။

ဒေါက်တာ အေးမောင်။ ။ အမြဲတမ်း ပြသာနာဖြစ်နေမှသာ အမြဲတမ်း ကော်မတီလို့ ဆိုရမှာပါ။ နှစ်ပေါင်း ၆၀ လုံး ပြသာနာဖြစ်လာခဲ့ပြီ။ ဒီပြသာနာဟာ ထာဝရ ဖြစ်နေတဲ့ သဘောတော့ မဟုတ်ပါ။ ဒါပေမဲ့ ဒီနေ့ထိ စဉ်ဆက်မပြတ် ဖြစ်နေတဲ့ နှစ်ပေါင်း ၆၀ ကျော် ပြသာနာကို ဖြေရှင်းရမယ့် ကိစ္စဖြစ်လို့ ကော်မရှင်မှသာ ဖြစ်မှာပါ။ ကျနော်တို့ ဦးတည်ချက်ကိုက အမြဲတမ်း ဖြစ်နေတဲ့ ပြသာနာကို ဖြေရှင်း ချင်လို့။ ပြီးတော့ ကျနော်တို့ အဓိက ဦးတည်ချက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ကျနော်တို့ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်က ဖွဲ့တဲ့ လက်ရှိ ကော်မရှင်တိုင်း၊ အဖွဲ့တိုင်းဟာ ပြည်သူ့ လွှတ်တော်ရဲ့ ပုဒ်မ တခုချင်းနဲ့ လျော်ညီဖို့လိုပါတယ်။ ဆိုတော့ ကျနော်တို့ ပထမကြိမ် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်ရဲ့ ဒုတိယ အစည်းဝေးမှာ ပထမ ရက်ပိုင်းလောက် တုန်းက တိုင်းရင်းသား လူမျိုးများ အရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီဆိုပြီ ကျနော်တို့ ဖွဲ့ပြီးပြီ။ အားလုံး ၉ ဦးပါဝင်ပါတယ်။ အဲဒီလိုမျိုး ပြည်သူ့လွှတ်တော်မှာလည်း ဖွဲ့ပြီးပြီ။ အဲဒါ အားလုံးဟာ အခြေခံ ဥပဒေ ပုဒ်မ ပြည်သူ့လွှတ်တော်ဆိုလို့ရှိရင် ပုဒ်မ ၁၁၅ (ဂ) ကို ညွှန်းပြီး ဖွဲ့ပါတယ်။ အမျိုးသား လွှတ်တော် ဆိုရင် ပုဒ်မ ၁၄၇ (ဂ) ကို ညွှန်းပြီး ဖွဲ့တာ ဖြစ်ပါတယ်။ အဲဒါတွေဟာ ကာလတခု သတ်မှတ်ထားတဲ့ ယာယီ ကော်မတီတွေပါ။ အချိန်ကာလ အတိုင်းတာတခုထိ တာဝန်ပေးထားတယ်။ လုပ်ပိုင်ခွင့် ပေးထားတယ်။ အဲဒီကာလမှာ ကော်မတီကို ပြန်တင်ပြရမယ်။ ၁၁၅ (က) ဆိုတာရှိတယ်။ အမြဲတမ်း ကော်မတီဖွဲ့ခြင်းနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်မှာ ၁၄၇ (က) ပါ။ အဲဒီမှာ ဒီလွှတ်တော် ဒီပြည်ထောင်စုမှာ အမြဲတမ်း ကြုံတွေ့နေရတဲ့ ပြသာနာတွေကို ဖြေရှင်းဖို့ ဥပမာ ဥပဒေနဲ့ ကော်မတီ၊ ပြည်သူ့ ငွေစာရင်း ကော်မတီ၊ လွှတ်တော် အခွင့်ရေး ကော်မတီ၊ အစိုးရအဖွဲ့၏ ဂတိ ဂဝတ်နဲ့ ပတ်သတ်တဲ့ ကော်မတီ ဆိုပြီးတော့ အမြဲတမ်း ကော်မတီ လေးခုကို အခြေခံ ဥပဒေက ခွင့်ပြုပေးထားတယ်။ အဲဒါကို ကျနော်တို့ လွှတ်တော် ပထမကြိမ် အစည်းဝေးမှာ တင်ပြထားပြီ။ အဲဒီအတွက် ကျနော်တို့ဟာ အမြဲတမ်းဆိုတဲ့ ဝေါဟာရကို သုံးစရာ နေရာ မရှိတော့ဘူး။ ထပ်မံပြီးတော့ ဆင်တူတဲ့ ကော်မတီတို့ကို ဖွဲ့ချင်လို့ ရှိရင် ကော်မတီအစား အမျိုးသား လွှတ်တော်ဆိုလို့ရှိရင် ပုဒ်မ ၁၅၀၊ ပြည်သူ့လွှတ်တော် ဆိုလို့ ရှိရင် ပုဒ်မ ၁၁၈၊ အဲဒီမှာ ညွန်းဆိုထားတဲ့ အခုနားက လွှတ်တော်က ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်များနဲ့ သင့်လျော်တဲ့ နိုင်ငံသားများ ထည့်သွင်းပြီးတော့ ဖွဲ့စည်းနိုင်တယ် ဆိုတဲ့ ပုဒ်မ တခု ပေးထားတာ ရှိပါတယ်။ အဲဒါကတော့ ကော်မရှင်ပါ။ ကော်မတီများကတော့ လေ့လာပြီ အကြောင်းကိစ္စပေါ်မှာ မူတည်ပြီးတော့ လေ့လာနိုင်တယ်။ အခုနားက ပြောသလို ထာဝရငြိမ်းချမ်းပြီး တည်ငြိမ်မှုကို တည်ဆောက်ထိန်းသိမ်းတဲ့ ကော်မတီ တရပ်ဖွဲ့ဖို့ဆိုတာ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ အညီ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေသာ ဖြစ်မယ်ဆိုရင် ကျနော်တို့ လုပ်နိုင်တာ ကော်မရှင် တခုတည်းရှိတယ်။ ကော်မရှင်ဆိုတာ လွှတ်တော်အမတ်တွေ၊ သင့်လျော်တဲ့ နိုင်ငံသားတွေ ပါရပါမယ်။ အဲဒီလို ပါဝင်မှသာ ကော်မရှင် အနေနဲ့ ထဲထဲဝင်ဝင် ပြည်တွင်း ငြိမ်းချမ်းရေးကို အချိန်တိုအတွင်းမှာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

နိရဉ္စရာ။ ။ ယူနီဖေါင်းလဲဝတ်ထားတဲ့ လက်ရှိ အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး ကော်မရှင်မှာ ပါဝင်စေဖို့ အဆိုပြုတာ ဖြစ်လာနိုင်မယ်လို့ ယူဆပါလား။

ဒေါက်တာ အေးမောင်။ ။ ဖြစ်လာနိုင်မယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ ဘာကြောင်းလဲဆိုတော့ အကုန်းလုံးသိတဲ့ အတိုင်း နိုင်ငံတော် သမ္မကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီ။ အဲဒီလိုဘဲ မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက်လို့ MMCC မှာ လုပ်တဲ့ အစည်းဝေးမှာလည်း လာရောက် ချီးမြှင့်တယ်။ မြန်မာပြည် စီးပွားရေး လက်ရှိ အခြေအနေကို တိုးတက်စေချင်တယ်။ အဲဒီလိုဘဲ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ သူလည်း တိုင်းသိပြည်သိ အိတ်ဖွင့်ပေးစာ ပေးထားတယ်။ အဲဒါကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း လက်ခံ ကြိုဆိုကြတယ်။ အဲဒီလိုဘဲ ဗမာပြည်ထဲမှာ ရှိတဲ တိုင်းသူပြည်သားတွေက ကြိုဆိုတယ်လို့ ကျနော်တို့က သိရတယ်။ ကျနော် ပုဂ္ဂလိက ဆန္ဒအနေနဲ့လည်း ကြိုဆိုပါတယ်။ အဲဒါတွေကြောင်း ကျနော် အဲဒီနေ့က လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အိတ်ဖွင့်ပီးစာကို အစဆုံး ဖတ်ပြ ခဲ့ပါတယ်။ ဒီအချိန်ကာလဟာ နိုင်ငံတော် သမ္မတကြီးကလည်း ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူကိုယ်တိုင် ဒီကိစ္စကို ထဲထဲဝင်ဝင် ကူညီချင်တဲ့ ဆန္ဒကို ပြုထားတယ်။ အဲဒါကြောင်း လွှတ်တော် အမတ်တွေက လွှတ်တော် မကျင်းပခင်မှာ ၂၃ ဦး ဆန္ဒပြု ပြီးတော့ အိတ်ဖွင့်ပေးစာ ပေးခဲ့ပါတယ်။ အခုလည်း လွှတ်တော်က အမတ်တွေက အဲဒီလို လိုချင် ကြတယ်။ အဲဒီလိုဘဲ ပြည်တွင်း ပြည်ပမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း လိုချင်ကြတယ်။ ဒီအချိန် ဒီကာလဟာ ဒီရေ အမြင့်ဆုံး။ ဒီအချိန် ဒီကာလမှာ လုပ်နိုင်ရင် ထာဝရ ငြိမ်းချမ်းမှုကို ရသွားမှာပါ။ အချိန်ခါ အခွင့်ရေးကို သုံးတတ်ဖို့ လို့ပါတယ်။ အခု အချိန်မှာ ရရှိလာတဲ့ အခွင့်ကောင်းတွေကို အသုံးပြုပြီး ခုလို ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်တဲ့ ကော်မရှင်ကို ဖွဲ့လိုက်တယ်ဆိုရင် ကော်မရှင်ကို လူတိုင်းက ယုံကြည်ကြမယ်။ လူတိုင်းကလည်း အလေးမြတ်ထားတဲ့ တကယ်တမ်း တာဝန်ယူနိုင်တဲ့ ပုဂ္ဂိုလ်မျိုးပါမှ တကယ်တမ်း ဒီငြိမ်းချမ်းရေးက အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါက ကျနော် အမြင်ပါ။ ကျနော်စိတ်ထဲမှာတော့ အောင်မြင်မယ်လို့ ထင်ပါတယ်။ သို့သော်လည်း ဒီဟာက လွှတ်တော် အတွင်းမှာ အချိန်ယူပြီးတော့ လေ့လာရမှာ ဖြစ်ပါတယ်။

နိရဉ္စရာ။ ။ ထာဝရ ငြိမ်းချမ်းရေး ကော်မရှင်မှာ ဒေါ်စုကို ပါဝင်စေဖို့ အဆိုပြုချက်ကို အစိုးရ တာဝန်ရှိသူတွေဘက်ကရော ဘယ်လို သဘောထားတွေ ရှိတယ်လို့ ကြားမိပါသလဲ။

ဒေါက်တာ အေးမောင်။ ။ တုန်ပြန်မှုကောင်းပါတယ်။ ရင်ထဲက ဆန္ဒရှိကြပါတယ်။ သို့သော်လည်း အရိပ် အာဝါသ တခုအောက်မှာ ဖြူ၊ မဲ လို့တော့ ကျနော် မပြောတတ်ဘူး။ ရှေ့မှာ အေးမြတဲ့ အရိပ်ကောင်း တခု ရှိနေတယ်ဆိုတာကို အများက လက်ခံထားကြပါတယ်။ တဦးချင်း ဆန္ဒအရ ကျနော်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြည့်တဲ့အခါ ဆန္ဒရှိကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချိန် ဒီကာလမှာ နှစ်ဖက်လုံး ပျော့ပျောင်းဖို့ လိုပါတယ်။ တဖက်က မာပြီး တဖက်က ပျော့လို့ မရပါ။ ဆိုပါစို့ အုပ်ချုပ်မှုက ဆွေးမြေ့နေပြီးတော့ ဥပဒေ ပြုမှုကလည်း နောက်ကျလို့ မရဘူး။ အဲဒီမှာ ဥပဒေ ပြုတဲ့ နေရာမှာလည်း သွားချင်တဲ့ ငြိမ်းချမ်းရေး လမ်းကြောင်း၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံသားတိုင်း ပူးတွဲ ပါဝင်ရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။ ကျနော်ထင်ပါတယ် လွှတ်တော် အမတ်တွေထဲမှာလည်း ဖြစ်စေချင်တဲ့ ဆန္ဒတွေ ရှိကြပါတယ်။

နိရဉ္စရာ။ ။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးကို ဘယ်အတိုင်း အတာထိ လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ် ထားတာရှိပါလဲ။

ဒေါက်တာ အေးမောင်။ ။ ကျနော်တို့ ပါတီကတော့ ဖွံ့ဖြိုးတိုးတက်မှု လိုင်းကို တင်ထားတယ်။ ဖွံ့ဖြိုး တိုးတက်မှုရဲ့ အဓိက ပင်မ ရေသောက်မြစ်ဟာ ငြိမ်းချမ်းရေးပါ။ ငြိမ်းချမ်းရေးရှိမှဘဲ ဖွံ့ဖြိုးတိုးတက်မှုကို လျှောက်လှမ်းနိုင်မှာပါ။ အဲဒါကြောင်း ငြိမ်းချမ်းရေးကို အဓိကထားပါတယ်။ ကျနော်တို့ ဒေသမှာလည်း ငြိမ်းချမ်းရေး လိုသလို၊ အဲဒီလိုဘဲ အခြားဒေသတွေမှာလည်း ငြိမ်းချမ်း စေချင်ပါတယ်။ ပဋိပက္ခ မရှိတဲ့ ပြည်ထောင်စုကြီး ဖြစ်စေချင်တယ်။ အဲဒါကြောင်း ပဋိပက္ခ ဖြစ်လာတဲ့ အကြောင်းရင်းကို ရှာပြီး ကျနော်တို့ ဘယ်လို ဖြေရှင်းမှာလဲ၊ ဘယ်လိုအကြောင်းကြောင့် ပဋိပက္ခ ဖြစ်ရသလဲ။ တိုင်းရင်းသား ရေးရာ ပြသာနာ ပြည်ထောင်စုမှာ ရှိတယ်။ တိုင်းရင်းသားရေးရာ ပြသာနာကို ကျနော်တို့ စုပေါင်း ဖြေရှင်းနိုင်မှ ညီအစ်ကို မိသားစု စိတ်ဓာတ် ရှိမှ ဖြစ်မယ်။ အဲဒါကြောင်း ကျနော်တို့ အဆိုပြုတာပါ။ ရှမ်းကိစ္စကို ရခိုင်လည်း ပါဝင်ရမယ်။ ကရင်လည်း ပါဝင်ရမယ်။ အားလုံး အတူ ဖြေရှင်းပေးနိုင်ရမယ်။ ကချင်ကိစ္စ ကချင်ရှင်းဆိုလို့ မရပါဘူး။ ကရင်ကိစ္စ ကရင်ကလူတွေ ရှင်းလိမ်မယ် ဆိုလို့ မရ။ ကရင် ကိစ္စလည်း ပြည်ထောင်စုကိစ္စ ပြည်ထောင်စု ပြသာနာ၊ ကချင်ကိစ္စလည်း ပြည်ထောင်စု ပြသာနာ၊၊ ကချင်ကိစ္စကို ရှင်းရှင်လို့ရှိရင် ပြည်ထောင်စုသား ကရင်လည်း ပါရမယ်၊ ရခိုင်လည်းပါရမယ်၊ မွန်လည်း ပါရမယ်၊ ရှမ်းလည်း ပါရမယ်။ စုပြီးတော့ ဖြေရှင်းရမယ်။ ဒေသတခုချင်း တခုချင်း ဖြေရှင်း တယ်ဆိုတာ ကျနော့် အယူဆ လက်မခံ။ ကျနော်တို့ ပါတီကလည်း လက်မခံပါဘူး။ ကျနော်တို့ကတော့ ပါတီတွေ ညီအစ်ကို အဖြစ် အဖွဲ့ထားတာရှိတယ်။ ခိုင်ခိုင်မာမာ အတူတကွ ပူးပေါင်း သွားမှာဖြစ်သလို လက်တွဲသင့် တာကို လက်တွဲသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ထားတယ်။ ကျနော်တို့ကလည်း တောင်းဆိုထားပါတယ်။ ငြိမ်းချမ်းမှုကို ကျနော်တို့ပါတီက တောင်းဆိုပါတယ်။ ငြိမ်းချမ်းမှုကို လိုချင်ရင် ယုံကြည်မှုကို တည်ဆောက်ပါ။ ယုံကြည်မှု မတည် ဆောက်ခင် ဆန္ဒရှိဖို့တော့ လိုပါတယ်။ တွေ့ဆုံညှို့နိုင်း ဖြေရှင်းပါ၊ တဖက်နဲ့ တဖက် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ ကြီးမားတဲ့ ခံယူချက် ရှိဖို့လိုအပ်ပါတယ်။ နှစ်ဖက် စလုံးက လျော့ဖို့ လိုတယ်။ အဲဒါ ကျနော်တို့ဘက်က ယူဆချက်ပါ။

နိရဉ္စရာ။ ။ နောက်ထပ် ဘာများပြောချင်ပါသေးလဲ။

ဒေါက်တာ အေးမောင်။ ။ ကျနော်တို့ကတော့ ပြည်တွင်း ငြိမ်းချမ်းစေချင်ပါတယ်။ ရခိုင်ပြည်ကြီးလည်း ငြိမ်းငြိမ်း ချမ်းချမ်း ရှိစေချင်တယ်။ အချိန်တို အတွင်းမှာ ကျနော်တို့ ပတ်ဝန်းကျင်က နိုင်ငံတွေနဲ့ တန်းတူ ရောက်ဖို့ ဆိုတာကတော့ အတော့်ကို ကြိုးစားရမှာပါ။ အဲဒါကြောင်း အချင်းချင်း ညီညွတ် စေချင်တယ်။ ညှိုနိုင်းလို့ ရရင် ညှိုနိုင်းကြရအောင်။ ပြည်သူတွေ့ရဲ့ ရင်ထဲက ဆန္ဒ အားလုံး အဆင်ပြေဖို့ အတွက် အားလုံး စုစုစည်းစည်းနဲ့ ပြည်ထောင်စုကြီးကို ပြန်တည်ဆောက်ချင်တယ် ဆိုတာကိုတော့ ပြည်ပမှာ ရောက်နေကြတဲ့ သူတွေကိုလည်း ပြောချင်ပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ သူတွေကိုလည်း ညီအစ်ကိုတွေလို အားလုံး ဝိုင်းဝန်းတည်ဆောက်ကြမယ်လို့ ဖိတ်ခေါ်ပါတယ်။

(ပြီး) 



http://www.narinjara.com/detailsbur.asp?id=3444
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။