သာသနာ ၂၅၀၀ မော်ကွန်းစေတီတော် ဘုရားသမိုင်းအကျဉ်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့
သာသနာ ၂၅၀၀ မော်ကွန်းစေတီတော် ဘုရားသမိုင်းအကျဉ်း
(သသနာ(၂၅၀၀)ပြည့်နှစ်၊ ကောဇာ(၁၃၁၈) ခုနှစ်၊ ခရစ်(၁၉၅၆))

နိဒါန်း




































(သာသနာ ၂၅၀၀ စေတီတော်မြတ်ကြီး)


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၏ အကျော်ဇေယျစေတီများထဲတွင် သာသနာ
၂၅၀၀ မော်ကွန်းစေတီတော်လည်းပါဝင်ပါသည်။ ကျောက်ဖြူမြို့သည် ရခိုင် ကမ်းရိုးတမ်းအနီး၊ ရမ်းဗြဲ့ကျွန်း၏ မြောက်ဖက်စွန်းတွင်တည်ရှိသော ပင်လယ်ကမ်းခြေမြို့ကြီးဖြစ်သည်။ သာသနာ ၂၅၀၀ ရာစေတီတော်သည် ကျောက်ဖြူမြို့၏အနောက်ဖက် နှစ်မိုင်ခန့်အကွာ င/ကျားမော် ပင်လယ်မော်စွန်း (Geogia Point) ပင်လယ်ကမ်းခြေအနီး၊ စေတီယျတောင် တန်း၏တောင်မော်ဦးတွင်တည်ရှိသည်။

သာသနာ ၂၅၀၀ မော်ကွန်းစေတီတော်၏ပုံသဏ္ဍာန်သည် တွေ့မြင်နေကျစေတီပုထိုးတော်၏ပုံ သဏ္ဍာန်မျိုးမဟုတ်ဘဲ မဇ္ဈိမဒေသ ဗုဒ္ဓဂါယာမှ တတိယသံဂါယနာတင် ဒါယကာ သီရိဓမ္မာသောကမင်း၏ ကုသိုလ်တော်မဟာဗောဓိစေတီတော်ပုံ သဏ္ဍာန်တော်ကိုယူ၍ တည်ထားကိုးကွယ်ထားခြင်းဖြစ်သည်။

သာသနာတော်ဝင်စေတီတော်

သာသနာ ၂၅၀၀ မော်ကွန်းစေတီတော်ကို ကောဇာသက္ကရာဇ် ၁၃၁၈-ခု၊ ကဆုန်လပြည့်နေ့၊
ခရာစ်သက္ကရာဇ် ၁၉၆၅-ခု၊ မေလ(၂၅)ရက် ကြာသပတေးနေ့၌ ဗုဒ္ဓသာသနာတော်နှစ် (၂၅၀၀)တိတိပြည့်မြောက်သောအထိမ်းအမှတ်၊ ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလှိုဏ်ဂူတော်တွင်ပြုလုပ်ကျင်းပသော ဆဌသံဂါယနာပွဲသဘင်တော်အထိမ်းအမှတ်၊ အိန္ဒိယပြည်ဗုဒ္ဓဂါယာမဟာဗောဓိ စေတီတော်အနီးတွင်ပြုလုပ်ကျင်းပသော ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များနှင့်သာသနာတော် ကိုကြည်ညိုသူများပြုလုပ်ကျင်းပသော ဗုဒ္ဓပူဇယန္တီပွဲတော်အထိမ်းအမှတ်အဖြစ် ပန္နက်ချတည်ထားကိုးကွယ်ခဲ့ကြလေသည်။

ဤစေတီတော်ဖြစ်မြောက်ရေးကိုကျောက်ဖြူမြို့၏ ဂုဏ်ကျက်သဆောင် လူကြီးများ ဖြစ်ကြသော ဒေါက်တာဦးထွန်းမင်း၊ ဦးသာထွန်း(ရာဖြတ်) ဦးဘိုးညွန့်(ရှေ့နေ)၊ ဦးသောကြာအောင်(မြစ်နားတန်း)၊ ဦးစံလှအောင်(ဘီလစ်)ဦးနို့ဒေါင်း(ကျောင်းဆရာ)၊ ဦးမဲအောင်(စိုက်ပျိုးရေး)၊ အစရှိသူတို့ ဦးဆောင်လျက် ကျောက်ဖြူမြို့နဂါးကျောင်းတိုက် ဆရာတော်ဘဒ္ဒ န္တနန္ဒ၊ စေတီယ(ကုမ္ပဏီဈေး) ကျေးရွာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာကေတတို့ ကအမှူးထားလျက် သာသနာတော်၂၅၀၀ မော်ကွန်းစေတီတော်ကို တည်ထားကိုးကွယ်ခဲ့ကြသည်။

ဤစေတီတော်ကို ရမ်းဗြဲ့မြို့ လေးတောင်နယ်မှပန်းပညာသျှင် ဦးတောသာ၊ ဦးချက်ဖား ဦးဆောင်သော အဖွဲ့မှ တည်ဆောက်ခဲ့သည်။ စေတီတော်သည် မဟာဗောဓိစေတီတော် ပုံစံမျိုးဖြစ်ပြီး ပလ္လင်ခုံလေးဖက်လေးတန်တွင်ပုံတူစေတီတော်ငယ်လေးဆူသီတင်းသုံးသည်။ ပင်မစေတီတော်တွင် အရှေ့၊အနောက်၊တောင် ၊မြောက်မျက်နှာစာ၌မုခ်တမုခ်စီပါဝင် ပြီး၊ မုခ်တမုခ်စီထဲတွင်ထိုင်တော်မူ ဘူမိဖဿမုဒြာ ဗုဒ္ဓဆင်းတုတော်ငယ်အဆူ(၂၅၀၀) ကျော်သီတင်းသုံးစံပါယ်သည်။

စေတီတော်အရှေ့မုခ်ရှိ ဗုဒ္ဓဆင်းတုတော်မြတ်သည် အများပြည်သူကောင်းမှုဖြစ်သည်။ တောင်ဖက်မုခ်ရှိ ဗုဒ္ဓဆင်းတုတော်မြတ်သည် ကျောင်းဆရာဦးနို့ဒေါင်းမိသားစု၏ ကောင်းမှုတော်ဖြစ်သည်။ အနောက်ဖက်မုခ်ရှိ ဗုဒ္ဓဆင်းတုတော်မြတ်သည် ပညာရေးဌာန မိသားစု၏ ကောင်းမှုတော်ဖြစ်သည်။ မြောက်ဖက်မုခ်ရှိ ဗုဒ္ဓဆင်းတုတော်မြတ်သည် ကုန်သည် ဦးစိန်နက်မိသားစု၏ ကောင်းမှုတော်ဖြစ်သည်။

ဘုရားကုန်တောက်ထက်သို့ အနောက်မြောက်ဖက်မှ တက်သောအုတ်လှေကားသည် အများပြည်သူကောင်းမှုဖြစ်သည်။ အုတ်လှေကားအထက်ရှိ ဘုံပြဿဒ်ပါ နတ်လမ်းကို ကုန်သည် ဦးမောင်ဟုန်၊ ဒေါ်အလံမိသားစု၏ကောင်းမှုဖြစ်သည်။ ထိုစောင်းတန်းရှိ ရင်ကွဲဇရပ်ကို ရှေ့နေ ဦးဘိုးညွန့်မိသားစုမှလှူဒါန်းသည်။ အုတ်လှေ ကား ခြေရင်းရှိ အုတ်မုခ်ဝကို ဦးမောင်ခိုင်အမှူးပြုသော မြစ်နားတန်းသားများကလှူဒါန်းသည်။ ထိုမုခ်ဝမှ တောင်ဖက်သို့ကိုက်သုံးရာခန့်အကွာတွင် သစ်သားဇရပ်တဆောင်ကို ယောင်ကြီးဗွေ ဦးအေးထွန်းဦး ဦးဆောင်သောအဖွဲ့မှလှူဒါန်းသည်။ ယင်းဇရပ်အနီးတွင် ရေတွင်းတစ်တွင်းကို အိုးဝေဆေးလိပ်ခုံမိသားစုမှကောင်းမှုပြုသည်။ ဘုရားကုန်းတော်ထက်တွင် သံဃာစင်ပါဇရပ် တဆောင်ကို မအေးမြင့်ဆေးလိပ်ခုံမိသားစုမှ
ကောင်းမှုပြုသည်။

ရီစီးတခါ ရီသာတလှည့်

ထိုစဉ်သာသနာ(၂၅၀၀)မော်ကွန်းစေတီပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့တိုင်းတွင် ပြုလုပ်ကျင်းပလေ့ရှိပြီး စေတီတော်၏ဘက်စုံဝေယျာဝစ္စကိစ္စရပ်များကို ကျောက်တလုံး ဂေါပကအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။

သို့ဖြစ်တိုင် စေတီတော်စောင့်ရှောက်ရေးအတွက်ဂေါပကမျိုးဆက်သစ်မပေါ်လာခြင်း ကြောင့်လည်းကောင်း၊ ဆိုင်ကလုန်းမုန်းတိုင်းကြီး၏ဒဏ်ကိုနှစ်ကြိမ်တိုင်တိုင်ခံစားရခြင်း ကြောင့်လည်းကောင်း၊ တခြားအကြောင်းများကြောင့်လည်းကောင်း၊ စေတီတော်သည် အထိန်းအသိမ်းမဲ့စွာဖြင့်ပျက်စီးယိုယွင်းလျက် ခြုံနွယ်ပိတ်ပေါင်းများစွာလွှမ်းမိုးကြီးစိုးခြင်းကို ခံခဲ့ရသည်။ မုခ်ကြီးလေးမုခ်ရှိ ဗုဒ္ဓဆင်းတုတော်များအပါအဝင် ဗုဒ္ဓဆင်းတုတော်များကျိုးပဲ့ ပျက်စီးပရိနိဗ္ဗာန်ပြုခဲ့ရသည်။ ဇရပ်တန်ဆောင်များသည်လည်း ပျက်စီးယို ယွင်းပျောက်ကွယ် ခဲ့ရသည်။ ဤသို့နှစ်နှစ်သုံးဆယ်ကျော်ကျော်မျှ ဒုက္ကစရိယကျင့်ကြံနေခဲ့ရသည်။

သာသနာရောင်တော်ဖွင့်

၁၉၉၂ ခု၊ ဖေဖောဝါရီ(၁၅)ရက်နေ့တွင် ကျောက်ဖြူမြို့လူငယ်လူရွယ်များပါဝင်သောရောင် တော်ဖွင့်
ဗုဒ္ဓသာသနာ့ ဝေယျာဝစ္စအဖွဲ့သည် သာသနာ(၂၅၀၀)မော်ကွန်းစေတီကုန်းတော် ထက်ကိုရောက်သွားပြီး ခြုံနွယ်ပိတ်ပေါင်းများခွတ်ထွင်ရှင်းလင်းခြင်း၊ မြေသားပြုပြင်မြေညှိခြင်း၊ စေတီတော်အားရောင်တော်ဖွင့်ခြင်း၊ ကျိုးပဲ့ပျက်စီးနေသည်ကိုပြုပြင်မွမ်းမံခြင်း၊ ကျိုးပဲ့ပျက်စီးနေသော ဗုဒ္ဓဆင်းတုတော်များအားပြန်လို့မွမ်းမံခြင်း၊ ဗုဒ္ဓဆင်းတုတော်ကြီးငယ် များအသစ်တဖန်ထုဆစ်သွန်းလောင်းခြင်း၊ ရင်ပြင်တော်အားပြုပြင်မွမ်းမံခြင်း၊ အုတ်လှေကား များအားပြုပြင်မွမ်းမံခြင်း၊ မြေကာနံရံများတည်ဆောက်ခြင်း စသည်တို့ကိုပြုလုပ်ကြသည်။

တခါ စေတီတော်မြတ်ကို ထုံးသင်္ကန်းကပ်လှူနေရာမှရွှေရောင်သင်္ကန်းကို နှစ်စဉ်ကပ်လှူပူ ဇော်ကြသည်။
စေတီတော်၏မုခ်လေးမုခ်ရှိ ဗုဒ္ဓဆင်းတုတော်များကို ပြုပျင်မွမ်းမံသောအခါ တွင်အရှေ့ဖက်မုခ်ရှိ ဗုဒ္ဓဆင်းတုတော် ဘာလမုဒြာအဖြစ်လည်းကောင်း၊ တောင်ဖက်မုခ်ရှိ ဗုဒ္ဓဆင်းတုတော်ကို ဈာနမုဒြာ အဖြစ်လည်းကောင်း၊ အနောက်ဖက်မုခ်ရှိ ဆင်းတုတော်ကို အဘယမုဒြာအဖြစ်လည်းကောင်း၊
မြောက်ဖက်မုခ်ရှိဆင်းတုတော်ကို ဓမ္မစက္ကမုဒြာအဖြစ် အသစ်ထုလုပ်ပူဇော်ကြသည်။ အရှေ့ဖက်မုခ် ဆင်းတုတော်၏အလှူ သျှင်သည် မူလအလှူသျှင်အများပြည်သူကောင်းမှုဖြစ်သည်။
တောင်ဖက်မုခ်ဆင်းတုတော် ၏အလှူသျှင်သည် မူလအလှူသျှင် ဦးနို့ဒေါင်း(ကျောင်းဆရာ)၏မျိုးဆက် ကုန်သည် ဦးဘိုးကြိုင်၊ ဒေါ်သောင်းစိန်မိသားစုကောင်းမှုဖြစ်သည်။ အနောက်ဖက်ဆင်းတုတော်၏ အလှူသျှင်သည်မူလအလှူသျှင်ပညာရေးမိသားစုကောင်းမှုဖြစ်သည်။ မြောက်ဖက်ဆင်းတု တော်၏ အလှူသျှင်သည် အလှူသျှင်သစ် ဦးကျော်မြင့်၊ ဒေါ်သန်းတင်မိသားစုကောင်းမှုဖြစ် သည်။

ဗုဒ္ဓပူဇနိယပွဲတော်

၁၃၅၄ ခု၊သီတင်းကျွတ်ပွဲတော်(၁၉၉၂-ခု၊ အောက်တိုဘာလ)မှအစပြုပြီး သာသနာ(၂၅၀၀)
မော်ကွန်းစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဝါကျွတ်ပွဲတော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်သည်။ ဗုဒ္ဓပူဇနိယပွဲတော်၌ မြို့ထက်ရှိ သီလဝန္တ၊ ဂုဏဝန္တ၊ ပညာဝန္တဆရာတော်များအား ပင့်ဖိတ်၍ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ ကျင်းပသည်သာမက ဆွမ်းတော်ကြီးကပ်လှူပွဲ၊ ဆီးမီးတထောင်ပန်းတထောင်ပွဲ၊ မြသပိတ် ကပ်လှူပွဲ၊ ပရိတ်ပဌာန်းရွတ်ဖတ်သဇ္ဈယ်ပွဲ၊ သျှင်ဦးပဂုတ်ဖောင်တော်လှည့်လည်အပူဇော်ခံ ပွဲ၊ သျှင်ဦးပဂုတ်ဖောင်တော်ရေမျှောပွဲပူဇောပွဲများဖြင့် ကျင်းပပူဇော်ကြသည်။ တခါ ပွဲစဉ်တလျှောက်လုံးတွင် ရက္ခဝံသရခိုင်စည်တော်ဖြင့် ဓမ္မပူဇာတီးခတ်ပူးသိမ့်သည်။ ရက္ခဝံသစည်တော်အဖွဲ့သည် ရောင်တော်ဖွင့်ဗုဒ္ဓသာနာ့ဝေယျာဝစ္စအဖွဲ့၏ လက်တက် တခုဖြစ်သည်။

..................................................................................
မှတ်ချက်။ ။ရောင်တော်ဖွင့်ဗုဒ္ဓသာသနာဝေယျာဝစ္စအဖွဲ့ ကျောက်ဖြူမြို့မှ သာသနာ ၂၅၄၆၊ ကောဇာ ၁၃၆၄၊ ခရစ် ၂၀၀၂ ခုနှစ်တွင် ရေးသားပူဇော်သော လက်ကမ်းစာစောင်ကိုပြန်လို့ဖော်ပြလိုက်ပါသည်။

(ကျောက်ဖြူ-ရင်သီးချေ ဘလော့မှ)
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။