(ရခိုင်ရိုးရာ) ငစည်အက (ငစွေအက)

ငစည်အက (ငစွေအက)

ဖိုးကျော့




ငစည်အကသည် ရခိုင်ပြည်နယ်၊ အထူးသဖြင့် ရမ်းဗြည့်ကျွန်း၌ ကပြသည်ကို ငယ်စဉ်က ကျွန်တော်မြင်ဖူးခဲ့သည်။ သို့သော် ရခိုင်သက္ကရာဇ် ၉၉၉ ခု၊ သီရိသုဓမ္မမင်းလက်ထက်က နန်းတွင်းတွင် ငကုသလအမတ် စီစဉ်တင်ဆက်ခဲ့သော ငစည်အကနှင့် နောက်ပိုင်းကပြသော ငစဉ်အကတို့မှာ ရည်ရွယ်ချက်ချင်းကား များစွာခြားနားလေသည်။

သီရိသုဓမ္မမင်းလက်ထက်က မြောက်ဦးမြို့၌ ကပြသော ငစည်အကမှာ နတ်သျှင်မယ် မိဖုရားနှင့် ငကုသလ အမတ်တို့က ဘုရင်၏နံကို အကြောင်းပြု၍ ဘုရင်သုဓမ္မရာဇာမြန်မြန်နတ်ရွာစံအောင် တဘောင်၊ ယတြာ၊ အတိတ်၊ နိမိတ် တို့ဖြင့် လုပ်ကြံဖန်တီး၍ ကပြခဲ့သော အကဖြစ်သည်။

ရခိုင်ကျေးလက်တွင် နောက်ကပြသော ငစည်အကမှာမူ နတ်သျှင်မယ်နှင့် ငကုသလအမတ်တို့က ဘုရင်သုဓမ္မရာဇာအား ယုတ်မာရက်စက်စွာ လုပ်ကြခဲ့ကြပုံကို နောင်လာနောက်သားများ သတိသံဝေဂ ရစေခြင်းငှါ ကပြသော ငစည်အကဖြစ်သည်။ သို့ကြောင့် ရည်ရွယ်ချက်ချင်းကား များစွာကွာခြားလှလေသည်။

စာရေးသူသည် ရခိုင်ပြည်အနှံ့အပြားကို မရောက်ဖူးသော်လည်း စာရေးသူတို့၏ ရမ္မာဝတီ ရမ်းဗြည့်ကျွန်း၌ လသာညများတွင် ငစည်အက ကပြသည်ကို ငယ်စဉ်ကအကြိမ်များစွာ မြင်ဖူး၊ ကြည့်ဖူးလေသည်။ ကုသလအမတ်နှင့် နတ်သျှင်မယ်တို့သည် ဘုရင်သုဓမ္မရာဇာကို ပူးပေါင်းကြံ စည်ကြစဉ်က မည်သို့သော ပုံစံဖြင့် မြောက်ဦးမြို့၌ ကပြခဲ့ကြသည်ကို မှတ်တမ်းမှတ်ရာတို့တွင် အသေးစိတ်မတွေ့ရပေ။ စာရေးသူတို့ မြင်ဖူး၊ တွေ့ဖူးသော ငစည်အကမှာ ငယ်စည်ဆရာ တစ်ဦးတည်းက ဇာတ်လမ်းတစ်ပုဒ်လုံးတွင် ပါဝင်ကြသူများ၏ သရုပ်သကန်ကို ပေါ်လွင်အောင် အသံအမျိုးမျိုးနှင့် တစ်ဦးတည်းက ကပြသွားသည်ကိုသာ မြင်ဖူးလေသည်။

ငစည်အက ဇာတ်လမ်းဇာတ်ကွက် တစ်လျှောက်လုံးတွင် လူငယ်ကြိုက် ရယ်ရွှင်ဖွယ်ရာ ဟသများနှင့် လူကြီးကြိုက် မှတ်သားဖွယ်ရာ အတိတ်၊ နိန်မိတ်၊၊ တဘောင်၊ တြင်းနှင့် နောင်ဖြစ်လာမည့် အနာဂတ် စသည်များကိုလည်း ငစည်ဆရာက ပြောဆိုကပြသွားလေသည်။

ရခိုင်သက္ကရာဇ် ၉၉၉ ခုနှစ်တွင် ငကုသလနှင့် နတ်သျှင်မယ်တို့ ဖန်တီးထားခဲ့သော ငစည်အကမှာ အလွန်ရှေးကျသော ရခိုင်ရိုးရာ အကတစ်မျိုးအဖြစ် တွင်ကျန်ရစ်ခဲ့သည်။ သီရိသုဓမ္မမင်း လက်ထက်က မြောက်ဦးမြို့၌ နန်းတွင်းနန်းပြင် ကပြခဲ့သော ထိုအကသည် ကာလကြာသော် ကျေးလက်ထိပျံ့နှံ့ကာ ယည်ကျေးမှုတစ်ရပ်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။



















ငစည်ဆရာ၏ ကကွက် ကဟန်

စာရေးသူတို့ ရမ်းဗြည့်ကျွန်းတွင် သီတင်းဝါလကျွတ်ချိန်မှသည် မိုးဦးမကျမီအချိန်ထိ ငစည်တတ်ခေါ် ငစည်ဆရာက ရွာစည်လှည့် ကပြသည်။ သူ့အတွက် အခကြေးငွေမှာ တစ်အိမ်လျှင် ဆန်နို့ဆီဗူး တစ်လုံး၊ တတ်နိုင်သူများက ဆန်သုံးလေးတောင်ပေး၍လည်းကောင်း အကခိုင်းတတ်ကြသည်။ အဖိုးအခသက်သာသလို ကျေးလက်တောရွာများတွင် လရောင်အောက်၌လည်းကောင်း မြေကွက်လွတ် တလင်းပြင်တွင် ကပြသည်။ ငစည်အကအတွက် လိုအပ်သောပစ္စည်းများမှာလည်း အပန်းမကြီးလှ။ ဘုရင်၏ ရာဇပလ္လင်အဖြစ် စငည်ဆရာထိုင်ရန် တောရွာတိုင်းတွင်ရှိသော ဆန်ဖွတ်ဆုံ တစ်လုံး (သို့) ကုလားထိုင်တစ်လုံး၊ ငါးသဲ့ရန် ယက်သဲ့တစ်ခု၊ ငစည်ရလျှင်ထည့်ရန် ပလိုင်းတစ်လုံး၊ ငစည်အရှာထွက်ရန် လှော်တက်တစ်ချောင်း၊ တောင်းတစ်လုံး၊ ဆန်တစ်ခွက်၊ ကန်တော့ပွဲတစ်ခုသာ ဖြစ်သည်။

ငစည်အတတ် ငစည်ဆရာ၏ အဝတ်အဆင်မှာလည်း သာမန်သစ်သစ်လွင်လွင် အဝတ်အဆင် တထည် သာဖြစ်သည်။ ငစည်၏ အစွယ်ပမာ ရှေ့တည့်တည့်ကို တစ်ထွာတစ်မိုက်အစွန်းထုတ်၍ ပဝါကို ခေါင်းပေါင်း ပေါင်းထားပြီး၊ လုံချည်စကို နောက်သို့အမြီထုတ်၍ ခါးတောင်းကျိုက်ထားသည်။ စည်ဆရာသည် ဘုရင်သံ၊ အမတ်သံ၊ ယောက်ျားသံ၊ မိန်းမသံ၊ လှိုင်းသံ၊ လေသံ အမျိုးအမျိုးကို ဆိုရွတ်၍ ခြေလှမ်းဟန်ကို အဓိကထားကာ လက်ဖျောက်တီးပြီး ဟန်မာန်အပြည့်နှင့် ကပြလေသည်။ ငစည်ချင်းကို အသံနေ အသံထားနှင့် ဌာန်ကရိုဏ်း ကျကျရွတ်ဆိုကာ တိုင်းပြည်တည်ခြင်း၊ ဇာတ်ကွက်ဖေါ်ခြင်း၊ အပြန်(၃၀) ပါရမည်ဟူသော စည်းကမ်းအတိုင်း ဘုရင်သုဓမ္မရာဇာက ဝါလှဖြူ (ဝါစိုးဖြူ) မည်သော တင်းဝါစား အမတ်သမီး၏ အလှဂုဏ်သတင်းကြောင့် မိဖုရားမြှောက်ထိုက်၊ မမြှောက်ထိုက်ကို အမတ်မင်းများအား ကြည့်ရှုလေ့လာ ခိုင်းလိုက်သည်။ ထိုအခါ ဝါလှဖြူ (ဥပမာ) ကျောင်းသို့ဆွမ်းပို့သွားရာ၌ ဝါလှဖြူ၏အလှကို မြင်ရသဖြင့် ကယောင်ချောက်ချားဖြစ်ကာ အမြင်မှောက်ကြပုံကို “ဆွမ်းအုပ်က ဝါလှဖြူကို ရွက်ယူလား။ ဘုန်းကြီးထက်မှာ ပြူတင်းပေါက်ထိုင်ယာ” စသည်ဖြင့် အမြင်မှောက်ကြပုံ ပရိသတ်များပွဲကျအောင် ကပြနိုင်သည့်အပြင် ရခိုင်ကမ်းရိုးတန်းနှင့် မဇ္ဈိမတစ်ခွင် ပြဲပြဲစင်အောင် ဗူးစင်ရွာသား ဘုရဲဖ ငစည်ရှာထွက်ရာ၌လည်း မာန်အောင်ကျွန်းက ငါးမျိုးစုံသည့် သစ်ပုံချောင်းထိ ရောက်ခဲ့ကြောင်းကို ပရိသတ်များ တဝါးဝါး တဟားဟားဖြစ်အောင် ကပြတတ်လေသည်။

ငစည်ဆရာသည် ပထမဦးဆုံး အောင်အတိတ် အောင်နိမိတ်ယူကာ အနန္တော အနန္တ ငါးပါးကို ရှိခိုးဦးတင်ကန်တော့သည်မှာ--
“xxx အောင်မင်္ဂလာ အောင်နိမိတ်နှင့်၊ ဘိသိက်ဖြာကေ အောင်ရာသမူ အောင်ပါလေ ဇေယျတုန
အောင်ဆုကိုရှာ အောင်မ-မောင် အောင်သံပလို့ ဉာဏဂမ္ဘီ၊ ဉာဏ်သိင်္ဂီ ဉာဏ်ဆီတစ်လုံး ပဒေသာလိုရာသုံးကေ၊ ဉာဏ် ဘုန်းတော်ကြွ အာကာသမှာ သရဏဝီလက်ချေ၊ တိမတိုက်ထဲမှာ အလင်းပြလို့ ဗုဒ္ဓဉာဏ်သျှင် ကိုးဂုဏ်အင်ကိုကျွန်လျှင် လိမ္မာကန်တော့ပါရဲ့။ မာတာမိခင်၊ ကျေးဇူးသျှင် ဖခင်ကိုလည်း ကာယဝစီ မနောချီဆယ်လီညွတ်ခ ဦးနှိမ်ချလို့ သိပ္ပပညာ ဆယ့်ရှစ်ဖြာကို လိမ္မာစေကြောင်း မြတ်ဆရာ ဝိဟာကျောင်းမှာ နည်းကောင်းခံလို့ ကျီးသန္တာပျံကာဝဲကေ ရမ်းဗြည့်သားမှာxxxx”

ငစည်ဆရာက ထိုသို့ အနန္တောအနန္တ ငါးပါးကိုရှိခိုးပြီးသောအခါ ငစည်တတ်အောင် သင်ပြပေးသော သူ့ဆရာနာမည်၊ သူ့အရပ်ရွာကိုဖော်ကျူးချီးပပြန်သည်မှာ-
“xxxx စိမ့်စမ်းရေ ဉာဏ်ကျယ်ဆရာ ရှေ့တောင်ရွာမှာ ဆရာဂုဏ်ထွန်း အပြည်ပြည် လာနေဆန်းကေ ကျော်ပန်းလိမ္မာ ကျွန့်ဆရာကို ဆယ်ဖြာလက်ဦး ကန့်တော့ဖူးခါ သက်ဝေထွန်းရောင် အပျို့မြင်ကေ ကြင်မဝလို့ ကျော်ပန်းမောင်က”

အပျိုမြင်တိုင်းကို သူချစ်၍ကြင်၍ မဝနိုင်ကြောင်းကို ဆိုလိုက်သောအခါ ပရိသတ်များမှာ ဝါးကနဲ ပွဲကျသွားကြသည်။ အပျိုမြင်သမျှကို ချစ်ချင်ကြင်ချင်သည်ဆိုသော ငစည်ဆရာ ဦးကျော်ပန်း၏ အသက်(၅၀)ကျော် (၆၀)အရွယ်၏ သရုပ်ပြသွားဟန်မှာ ပရိသတ်ကို ပတ်တုတ်မရအောင် ဖြစ်စေသည်။

ထိုနောက် ငစည်ရှာ သွားရမည်ဖြစ်သောကြောင့် မိုးလင်းခါနီး၌ အအိပ်ကြီးသော ဇနီးသည်၏ တင်ပါးကို ဗုံတီးသလို တီး၍ နှိုးရဟန်၊ အအိပ်ကြီးပြီး အိပ်ရာထဲ သေးပေါက်သဖြင့် လင်ခယောက် စိုသွားဟန်၊ ပွဲပြင်သွားရာ၌ လှချင်ပချင်လွမ်း၍ သူများဆီက ငှါးဝတ်လာသော လက်ကောက်၊ နားဋေါင်းတို့ကို ပိုင်သျှင်ထံပြန်မပေးသေးပဲ ရွာရိုးကိုပေါက်လျှောက်ပြီး ခွေးတစီစီနှင့်၊ ဟန်ရေးပြနေသော သူ့မိန်းမပုံကိုလည်း-

“ဘုဝေမိလေ ဘုဝေမိ၊ ဘုဝေမိ။ အယင်ရာလည်းထ၊ ထပါယင့်လေ၊ အယိုးလေ၊ အယိုးလေ။ ယားယားယူယူ ငါ့နံပါးအိပ်တေသူ၊ ငါ့နားထိုင် တင်ပျဉ်ကြီးမ ဗုံတီးမလိုင် မယားလိုင်။ မိုးလင်းနိန်ခါ ဆန်ကိုပြာ ကြက်လာမလိုင် အယိုးလိုင်။ ပွဲသို့လားခါ သူ့လက်ကောက်ကို ငှါးလို့ပန် ပြန်ခါပီးခ အိပ်ရာဝင် လင်ခယောက်ကို သီးပေါက်းမလိုင် အယိုးလိုင်၊ xxx နေ့ခြင်းကြောင်တောင် ရွာကြားယောင် ခွီးဟောင်မလိုင် အယိုးလိုင်” ဟု မိန်းမဖြစ်သူကို ငယ်ကျိုးငယ်နာဖေါ်၍ နှိုးလိုက်သော အခါ မိန်းမက စိတ်ဆိုးပြီး ထလာသည်ကို ချော့ပြန်သည်မှာ-




































ငစည်ဆရာ၏ ကကွက် ကဟန်

“အဝန်းကိုးရာ မဇ္ဈိမာ လက်ျာကျမန်း အနောက်ပြည် ငစည်ရှာ လားပါခိမယ်။ အထွေထွေ ဘုဝေမိကို မှာခမယ်ကား။ သုံးပေါ်နိမ်-နိမ်မွန်းစောင်းမှာ ငါးရှာခေါ် မတော်သည့်ခိုက် လှကေသွယ် မယ်မလိုက်ကေ့၊ ငါးချင်းမတူ ငါးတောက်တူ ငါးခူးစူးကေ အီးလိမယ်နှောင်း။ ဟင်းရှာခေါ် မတော်သည်ခိုက် လှကေသွယ် မယ်မလိုက်ကေ့၊ အိမ်နောက်ဘက်မှာ ကင်းပွန်းတစ်ခြုံ၊ ဘူးတစ်ခြုံ နှစ်ခြုံအညီ မောင် မရောက်မီ ကုန်ပတ်စီ။ ထင်းခွေခေါ် မတော်သည့်ခိုက် လှကေသွယ် မေမလိုက်ကေ့၊ တန်းပျင်းကုန်းဖြီ မောင်မရောက်မီ ကုန်ပတ်စီ၊ ယင်းဟာမလောက် မောင်းဂါတိုင် တိုင်ခြောက်လုံးကို ထင်းပေါက်ဆိတ်လီ၊ ပေါက်ဆိတ်လီနှ။ နောက်ဆုံးတစ်တွေ လှသက်ဝေကို မှာခမည်ကား ငကြောင်ချေကို ဝါစိထုတ် ကျားကိုက်မေ၊ ငါ့နှမမှာ ကိုယ့်နှင့်တူ တင်သိပ်လီနှောင်း တင်သိပ်လီ”

ငစည်ရှာသွားရမည့် ဘာရဲဖက သူ့မိန်းမကို ချော့မော့ဖျောင်းဖျ ချစ်ကြောင်းပြလိုက်သောအခါ မယားသည်က ဘာရဲဖကို စိုးရိမ်၍ တစ်ခါမှာပြန်သည်မှာ-
“အငယ်ကပင် ချိုက်ကျွမ်းဝင် သားသျှင်ဖကို မှာလိုက်မေကား-(မိန်းမသံနွဲ့နွဲ့နှင့်) ဂြိုးချေကူကေ မပူလီကေ့၊ ကိုယ့်မှာကြင် သျှင်ရေကြီး အရီးသားလိုင်။ ကျီးကန်းအာကေ မရှာလီကေ့၊ ကိုယ့်သဇင် နောက်ပြန်ထားကေ ချစားမောင်လိုင်၊ ငှက်တော်ထိုး မညှိုးလီကေ့ အသားဖြူကို မယူလီကေ့၊ အသားပြာကို မရှာလီကေ့၊ ခါးထမီ မလိမ်လီကေ့၊ ဆံတောက်ကော့ကော့ နောက်ကျော့ကျော့န အပျိုမတိကိုလည်း မကြိုက်လီကေ့နှောင်း”
ဤသည်တို့မှာ ဇာတ်သဘောအရ လူငယ်ကာလသား ကာလသမီးများ အကြိုက်နှစ်ပါးသွားခန်းဟု ပြော၍ရသည်။
………..

ဖိုးကျော့

(ဝန်ခံချက်၊ ။ကျာက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်းမှ ကူးယူဖော်ပြလိုက်ပါသည်။)
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။